သွေးစွန်းနေတဲ့သမိုင်း
၁၉ဇူလိုင်………တဲ့
ငါမမွေးခင်က
သွေးစွန်းနေတဲ့သမိုင်းသာ
အမွေရခဲ့ပေါ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
ငိုညည်းသံတို့ အထပ်ထပ် ။
သွေးစွန်းနေတဲ့သမိုင်းဟာ
ထိလိုက်တိုင်းနာနေတဲ့ဒဏ်ရာတွေနဲ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
မျက်ရည်စတွေနဲ့ အသက်ဝအောင်ရှုလို့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
လင်းရာကမှောင်ခဲ့တယ် ။
သွေးစွန်းနေတဲ့သမိုင်းဟာ
စစ်အာဏာရှင်ရဲ့ ပဏာမတေးသံဖြစ်ခဲ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
ဘ၀တွေအားလုံး လောင်မီးကျခဲ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
မုဆိုးမဘ၀တွေ လက်ဆောင်ရခဲ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
အ၀ှက်ခံနေရတာ နှစ်ပေါင်းများစွာ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
အ - ကာလနှစ်များကို ဖြတ်သန်းခဲ့ ။
သွေးစွန်းနေတဲ့သမိုင်းဟာ
ဗိုလ်ချုပ်လမ်း … တဲ့
မြင်းစီးကြေးရုပ် …တဲ့
အာဇာနည်ကျောက် ….. တဲ့
သွေးစွန်းနေတဲ့သမိုင်းနောက်မှာ
၁၉၆၂ … တဲ့
၇- ဇူလိုင်လူသတ်ပွဲ - -တဲ့
ကျွန်းဆွယ်အရေးအခင်း- တဲ့
တက္ကသိုလ် ရွှေရတုလှုပ်ရှား - တဲ့
ဦးသန့်ဈာပနအရေးအခင်း - တဲ့
၇၅ - ဇွန် ၆ ကျောင်းသားသပိတ် - တဲ့
မှိုင်းရာပြည့် - တဲ့
ရှစ်လေးလုံးအရေးတော်ပုံ - တဲ့
ရွှေဝါရောင်တော်လှန်ရေး - တဲ့ ………….။
သွေးစွန်းနေတဲ့သမိုင်းဟာ
အခု - မီးထတောက်ခဲ့ပါပြီ ။
နောက်ဆုံးတော့
သွေးစွန်းနေတဲ့သမိုင်းရဲ့ မျိုးဆက်ဟာ
မုဆိုးမပေပဲ
ကျွန်တော်တို့အားလုံးဟာ
မုဆိုးမရဲ့ သားတွေအဖြစ်
သွေးမစွန်းသောသမိုင်းနေ့ရက်များဆီ . . . .။ ။
အဲဒီတုန်းက ကံ့ကော်မြေမှာ
မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တယ်
အဲဒီတုန်းက ပေါက်ကွဲသံကြီးဟာ ကြောက်မက်ဖွယ် တုန်ခါမြည်ဟီး
အဲဒီတုန်းက
ကောင်းကင်ယံဟာ မီးခိုးတွေနဲ့မည်းမှောင်
အဲဒီတုန်းက
ကျောင်းလမ်းမပေါ် သံဆူးကြိုးတွေချ အသွားအလာဖြတ်တောက်လိုက်ကြပြီး
ကွန်မန်ဒိုတွေလို
စာသင်ဆောင်ထဲ ဝင်ရောက်စီးနင်း
မြို့ထဲပြထဲ စစ်တလင်းလို ဗျူဟာခင်းခဲ့ကြပုံများ။
အဲဒီတုန်းက ကျောင်းတံခါးတွေကို အတင်းဆွဲပိတ်ခဲ့ကြတယ်။
အဲဒီတုန်းက
သဲကြိုးပြတ်ဖိနပ်လေးတွေ လမ်းမပေါ် တစ်စစီပြန့်ကြဲခဲ့
အဲဒီတုန်းက လူကိုတရွတ်တိုက်ဆွဲပြီးဖမ်းခေါ်သွားခဲ့
အဲဒီတုန်းက ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ သွေးချင်းချင်းနီရဲခဲ့
အဲဒီတုန်းက လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ခဲ
အဲဒီတုန်းက လူသတ်ပွဲဟာ ဖြစ်ရပ်မှန်ဖြစ်ခဲ့
အဲဒီတုန်းက စနစ်တစ်ခုကို လက်နက်နဲ့ဖျက်ခဲ့
အဲဒီတုန်းက
စနစ်တစ်ခုကို လက်နက်နဲ့ရေးခဲ့
အဲဒီတုန်းက သမိုင်းရဲ့ အထင်ကရ အဆောက်အဦးတစ်ခုကိုဖြိုချဖျက်ဆီးခဲ့
အဲဒီတုန်းက ဆင်ခြင်တုံမဲ့ စိုးမိုးမှုတစ်ခုဟာ
တစ်မွန်းတည့်ခဲ့
အဲဒီတုန်းက ကံ့ကော်မြေမှာ သွေးစွန်းခဲ့
အဲဒီတုန်းက ကံ့ကော်မြေမှာ အမှောင်ကြီးကျခဲံ့
အဲဒီတုန်းက ကံ့ကော်မြေမှာခြောက်ခြားတိတ်ဆိတ်ခဲ့
အဲဒီတုန်းက အဲဒီလူတွေ တစ်ချို့မရှိကြတော့ဘူး။
အဲဒီတုန်းက ရက်စက်ကြမ်းကြုပ်မှုတွေကို တစ်ချို့မမေ့ကြသေးဘူး။
အဲဒီတုန်းက ခံပြင်းကြေကွဲမှုတွေဟာ ကံ့ကော်ပွင့်သစ်တွေနဲ့အတူ ထာဝစဉ်
စိမ်းစိုလန်းဆန်းလို့ ။ ။
မောင်သော်တာ
ရက်ရက်စက်စက်စွဲနေတဲ့ရက်စွဲတွေ
စစ်ဖိနပ်တွေ စစ်ဖိနပ်တွေ
အတွင်းဝန်များရုံးလှေကားထစ်တွေကိုဆောင့်နင်းတယ်
အဓိပတိလမ်းကကံ့ကော်တွေကိုနင်းချေတယ် အင်္ဂတေမအိပ်ခင်ခွေးဖြတ်ပြေးသလို
ဖျက်မရတော့တဲ့ခွာရာတွေကိုထားရစ်တယ် ။
သွေးစက်တွေ သွေးစက်တွေ
ဇာတ်နာလွန်းတဲ့ရာဇဝင်စာမျက်နှာပေါ်က
မိုးရေစီးနဲ့မျောပါမသွားတဲ့
အမျိုးသားအာဇာနည်တို့သွေးစက်တွေ
သူရဲကောင်းကျောင်းသားတို့သွေးစက်တွေ ။
ရက်စွဲတွေ ရက်စွဲတွေ
ဖျန်းခနဲပန်းထွက်သွားတဲ့သွေးစက်နဲ့
ရက်ရက်စက်စက်စွဲနေတဲ့ရက်စွဲတွေ
ဇူလိုင်-၇ ဇူလိုင်-၁၉
ကမ္ဘာမကြေမော်ကွန်းထိုးခဲ့ပြီ ။
သွေးနဲ့ဆိုတဲ့သစ္စာ
သွေးနဲ့ဆိုတဲ့ကျိန်စာ
မိစ္ဆာဒိဋ္ဌိအလိုမရှိ ။ ။
မင်းညွန့်လှိုင်
ကျဆုံးလေပြီးသော . . .
အော်သံကြားရင် .. ဇူလိုင် က ထ ကန့်ကွက်တယ်
တစ်ယောက်မှ
မကျခဲ့ဘူး၊
တစ်ယောက်မှ
မဆုံးခဲ့ဘူး၊
တစ်ယောက်ပြီး
တစ်ယောက်တက်လာတာမျိုးမဟုတ်ဘူး ။
တစ်ယောက်နဲ့
တစ်ယောက်မတော်တဆ
တက်နင်းမိကောင်းတက်နင်းမိမယ်
။
တစ်ယောက်နဲ့
တစ်ယောက် နင်းတက်လာတာမဟုတ်ဘူး ။
တစ်ယောက်နဲ့
တစ်ယောက်ဖြိုမချခဲ့ဘူး၊
တစ်ယောက်
ပြီး တစ်ယောက် ပြိုမကျဘူး၊
မယောင်ရာ
ဆီမလူး၊ ဆီလူးရင်း တစစ်စစ်ကိုက်ခဲ
ယောင်ကိုင်းခဲ့ကြရတာပါ
။
တစ်ယောက်နဲ့
တစ်ယောက် သွေးရိုးသားရိုးသွယ်တန်းစီးဆင်းခဲ့ကြတာ
တစ်ယောက်နဲ့
တစ်ယောက် သွေးမတော်သားမစပ်အမိအရ ချိတ်ဆက်မိကြတာ
တစ်ယောက်နဲ့
တစ်ယောက် ကိုင်းကူးပျိုးထောင်မျိုးဆက်အမွေပေးခဲ့ကြတာ
မမြင်ရပဲ
တွေ့ကြတယ် ။
မတွေ့ရလည်း
မြင်လို့ရခဲ့တယ် ။
သူ့ခေတ်သူ့အခါ
သမိုင်းကြောင်း ဆွဲဆန့်ခဲ့တယ်
ကိုယ့်ခေတ်ကိုယ့်အခါ
သမိုင်းကို ဆွဲဖြောင့် ခဲ့တယ်
ဦးထုပ်နောက်ပြန်ဆောင်းတဲ့ခေတ်ထဲကြီးပြင်းခဲ့တာပဲ
ရောဂါပိုးမွှားအများအပြားနဲ့
အံ့မခန်းး
ကျန်းမာသန်စွမ်းနိုင်ခဲ့ကြတာပဲ
သစ္စာမှန်
သွေးမသောက်ဘဲတောင်
တစ်သားမွေးတစ်သွေးလှ တေးသီချင်းကိုသာ ဆိုခဲ့ကြ ။
စားအတူ၊သွားအတူ၊
လာအတူ
ငယ်ပေါင်းကြီးဖေါ်လို၊
သေတူရှင်ဘက်လို
ခေတ်က
အလှမ်းကွာပြီး
ဝေဒနာ
က တစ်ထေရာတည်း ” ချွတ်စွတ် ”။
ဘယ်တော့မှ
မကျဘူး
တင်ရင်တင်သလောက်စွမ်းမယ့်
"အား"သစ်တစ်ဖန်ချန်ထားနိုင်တယ်
ဘယ်တော့မှ
မဆုံးဘူး
မသေတဲ့ဓါတ်
ထုံကူးကစားရင်း
ခေတ်အဆက်ကိုစပ်မယ့်
အသက်ပေး လင်းလက်စေတယ် ။
.
. . . . ! . . . .
ကျဆုံးလေပြီးသော
. လို့ ၊ အော်သံကြားရင်
ဇူလိုင်
က သံသရာဆုံးလည်း
အဆုံးမဲ့
ကန့်ကွက်လိုက်ပါတယ် ။
ရန်လင်းအောင်
ဇူလိုင်လ
အဖြစ်အပျက်များ နှင့် လူထုခေါင်းဆောင်များ အား
ဒီကဗျာများ ဖြင့်
ဦးညွတ်လိုက်ပါတယ် ။