Tuesday, March 31, 2015

အ လံ ။ မောင်သော်တာ


အ လံ

____________________
အရောင်ရယ် အရုပ်သင်္ကေတရယ်

ရှေ့ပြေးတွေရဲ့လက်ထဲမှာ

တစိတ်တဝမ်းတည်းဆိုတဲ့အသံက
လေအဟုန်ကိုတဖျတ်ဖျတ်လွှင့်ခါစေလိုက်တယ်  ။

               မောင် သော် တာ

အိမ်ပြန်မလာတဲ့ ချေ ။ ဇေရ



အိမ်​ပြန်​မလာတဲ့ ​ချေ
****************
ချေ ဟာ
ကျောင်းဆရာတစ်​​ယောက်​ဖြစ်​ပြီး
ကျောင်းတက်​​ခေါင်း​လောင်းထိုးသံကို
နောက်​​ကျောဘက်​မှာထားခဲ့တယ်​။

ရိုင်​ဖယ်​ကျည်​တစ်​​တောင့်
မျက်​ခုံး​ပေါ်စိုက်​၀င်​ခဲ့ပြီး
ချစ်​တဲ့​ကျောင်းသား​တွေကြားမှာမ​ပျော်​​တော့

သင်​ရိုးကို
တောရှင်းဓားတစ်​လက်​အဖြစ်
ခြေရာခွက်​ထဲ စိုက်​သွင်းခဲ့

ချေဟာ
ကူရာမဲ့​သွေး​တွေကို
ကျောင်းလွယ်​အိတ်​ထဲကဆွဲထုတ်​ခဲ့
ဘ၀တစ်​စုံလုံး​ကျောင်းခန်းထဲကဆွဲထုတ်​။
မိသားစုအစိတ်​ပိုင်းကို
အ​သွေးသားထဲကဆွဲထုတ်
ကဗျာဆရာဘ၀ကိုဆွဲထုတ်
စကားလုံး​တွေကို
ဧည့်​ခန်းမှာအမှတ်​တရ ချိတ်​ဆွဲထားပြီးထွက်​ခဲ့တယ်​။

ချေဟာ
ထွက်​သွားပြီး ပြန်​မလာတဲ့ အနီ​ရောင်​မိတ်​​ဆွေ
ချေအိမ်​မပြန်​နိုင်​ခဲ့တဲ့လမ်းမှာ
တော်​လှန်​ဆူး​တွေ
ဖိနပ်​​ပေါက်​​လောက်​​အောင်​ ပွင့်​သီးလှပလို့

ခင်​ဗျားအမည်​နာမနဲ့
နိုင်​ငံ​တော်အဆင့်​အလံလွင့်​ထူမတ်​လိုက်​ပြီ ​ချေ။
                                                           ဇေရ

လေမှုတ်တူရိယာ ရန်လင်းအောင်


လေမှုတ်တူရိယာ



ဘာမှမဟုတ်တာကို
ဘာမှမဟုတ်ပါဘူးလို့ ပီပီသသအသံထွက်လာတဲ့အထိ
သေကောင်ပေါင်းလဲ ကိုယ့်မှာ တသသ
တော်တော်လေးနက်တဲ့ ဒီကိစ္စ ။

                               ရန်လင်းအောင်

Monday, March 30, 2015

ရထား ။ ခက်ဦး


ရထား

...........

ခေါင်းတွဲကြီးဆွဲ
ဥသြပဲ
နောက်တွဲတွေ
လက်ဆင့်ကမ်း လက်တို့
တူအောင်တု
အရိပ် နဲ့ အကဲကြည့်
်ပိရိအောင် ဆွဲ
ညှိရင်း ညီလာမယ်
ပုံစံကျ မျက်နှာပေးဟောင်းကြီး
သူ့ကြည့် ငါ့ကြည့်မလုပ် နဲ့
ဆွဲဆိုဆွဲ ဆွဲသာဆွဲ
ခေါင်းတွဲအော်သမျ ဥသြပဲ ။

ခက်ဦး
၂၃ . ၃ . ၂၀၁၅

ညမဖတ်ရ အမှတ်တရတွေ


ညမဖတ်ရ အမှတ်တရတွေ


ဒီလမ်းက တကယ်ရှည်တယ်
ဒီလမ်းဟာ သွေးကြောင်နေရင်
ပိုရှည်လျားမယ်
မင်းပြန်လာမှ ငါရှိမယ်
ငါ့ ကို ပြန်တွေ့မှ
မင်းသေပျော်မယ်မဟုတ်ဘူးလား ။

အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ . . . .

သွေးနဲ့ ဆေးမှ
လန်းမယ့်ရေ . . . .

တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်း နေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ . . . .

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး
ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။

                            ရန်လင်းအောင်

Sunday, March 29, 2015

သုံးပေါက်သံ




သုံးပေါက်သံ

ပူးပေါင်းပြုပြင်ပြောင်းလဲမယ်
အလျင်မလိုပါနဲ့
ဖက်ဆစ်တော်လှန်ရေးမပြီးသေး  ။      


                မင်းညွန့်လှိုင် + ရန်လင်းအောင်





ကျည်ဆန် ။ မင်းညွန့်လှိုင်




ကျ ည် ဆ န်

ကျည်ဆန်ဟာလောဘကြီးလွန်းတယ်
လူသန်းပေါင်းများစွာရဲ့ထမင်းလုတ်တွေကို
ကလေးသူငယ်များစွာရဲ့ကျောင်းစာအုပ်တွေကို
ဥသြငှက်တစ်ထောင်ရဲ့နွေဦးအိပ်မက်တွေကို
လုယက်ဝါးမျိုခဲ့လေတယ် ။

ကျည်ဆန်ဟာမာန်တက်ဖူးတယ်
ဝိညာဉ်မှန်သမျှ
သူခြွေရင်ကြွေကျမှာလို့လေ
ဂန္ဒီဂျီးနဲ့တွေ့မှပဲ
ဂျွန်လင်နွန်နဲ့တွေ့မှပဲ
သူ့အထင်မှားမှန်းသိတော့တယ် ။

ပြီးတော့
ဒေါက်တာရီဇော်နဲ့မတွေ့ခင်အထိ
ဆလိုင်းတင်မောင်ဦးနဲ့မတွေ့ခင်အထိ
သူခြောက်ရင်ကြောက်မှာပဲလို့
သူလှန့်ရင်လန့်မှာပဲလို့
တွက်ကိန်းလွဲခဲ့ဖူးလေရဲ့ ။

သူရှေ့ကသွားရင်
အာဏာကနောက်ကလိုက်လာမယ်လို့
သူဖောက်ဝင်တဲ့ဦးခေါင်းထဲ
အတွေးအခေါ်တွေပြတ်တောက်ကုန်မယ်လို့လည်း
လွဲမှားစွာထင်မြင်မိသေး
မာလာလာလေးနဲ့မတွေ့ခင်အထိ ။

ကျည်ဆန်က
ဟန်ဆောင်ကောင်းတယ်
ရုပ်ပြောင်းရုပ်လွှဲတတ်တယ်
ခရိုနီတစ်ယောက်ဒါနပြုသလိုမျိုး
အာဏာရှင်ဟောင်းတစ်ယောက်
ပရဟိတလုပ်ပြသလိုမျိုး
ရမ်းချင်တိုင်းရမ်း မွှေချင်တိုင်းမွှေ
ရမ်းလို့မွှေလို့အားရတော့မှ
ယမ်းမရှိတော့တဲ့အခွံပြောင်ပြောင်ထဲ
ဘုရားပန်းလေးထိုးစိုက်
ဣနြေ္ဒရရနေပြလိုက်သေး
အရိုးတွေမတွန်တော့မယ့်အတိုင်း ။             ။

                                               မင်းညွန့်လှိုင်