Tuesday, July 7, 2015

လက်ပုပ်ကြီး ။ မင်းညွန့်လှိုင်


လက်ပုပ်ကြီး


အိပ်မက်ထဲအထိ
သွေးညှီနံ့စွဲနေတဲ့လက်တွေ
သန်းခေါင်ထက်တောင်မှောင်တဲ့လက်တွေ ။
လက်နက်အားကိုး
လက်ကိုင်တုတ်တွေ
လက်ဆုပ်မဖြေကြသေးပါလား ။
ကြွက်ချေးလိုလိုလက်တစ်ဆုပ်စာ
ငါးပုပ်လိုလိုလက်တစ်ဆုပ်စာ
စိတ်ပါလက်ပါကိုယ်ထိလက်ရောက်
မျက်လှည့်လက်လှည့်လက်ခမောင်းခတ်
လက်ခုပ်လက်ဝါးတီးလို့ပေါ့ ။
လက်သမိုင်းမှာ
အရိုင်းကမ္ဘာထဲကခွဲထွက်လာတဲ့လက်
ယဉ်ကျေးမှုကိုပြုစုလာတဲ့လက်
သစ္စာတရားကိုဖြန့်ကြဲလာတဲ့လက်
လက်နဲ့ရေးတဲ့ကောင်းခြင်းအဖြာဖြာ
သင်းတို့လက်ထက်ရာက်ကာမှ
ခြေနဲ့ဖျက်ကြပါရောလား ။
အုန်းသီးပေါက်ထဲလက်နှိုက်
လက်အံသေပစေ
လက်ဆုပ်မဖြေတဲ့မျောက်
အသက်ပျောက်ရသလိုမျိုး
အဓမ္မအလွန်တစ်ဘူတာ
နောက်စာမျက်နှာကနာရေးသတင်း
တစ်ချက်ကလေးမှလှန်လှောမကြည့်နိုင်ရှာ
ကရုဏာတရားနဲ့မထိုက်တန်တဲ့
အစိမ်းပုတ်ရောင်လက်ချောင်းများ ။         ။

မင်းညွန့်လှိုင်

Monday, July 6, 2015

7JULY ရန်လင်းအောင်



7JULY
_________
သွေးစိမ်းတွေ
သွေးစိမ်းတွေ
သွေးစိမ်းရှင်ရှင်တွေ
ယုတ်ကန်းမှုတွေကို
သွေးလန့်စေဖို့
သွေးကြောင်မှုတွေကို
သွေးသန့်စေဖို့
လတ်လတ်ဆတ်ဆတ်ကြီး
လတ်လတ်ဆတ်ဆတ်ကြီး
လတ်လတ်ဆတ်ဆတ်ကြီး ရှိဆဲ
သွေးမြဲသွေးဆဲ

သွေးနီးရင် နားမဝေးဘူး
၇  .  ၇ .   ၆၂
မေ့ရင်
အသေပဲ ။              ။

             ရန်လင်းအောင်



Thursday, June 25, 2015

စား ကြွ င်း


စား ကြွ c်း
_________

ငလျင်ကြီးတွေထဲက
ကျကျန်ခဲ့တာ
မြစ်ရေကြီးမှုတွေထဲက
ကျကျန်ခဲ့တာ
အဓိကရုဏ်းတွေထဲက
ကျကျန်ခဲ့တာ
မီးတောက်မီးလျှံတွေထဲက
ကျကျန်ခဲ့တာ
ပြာပူတောထဲက
ကျကျန်ခဲ့တာ
အူအသည်းဗြောင်းဆန်မှုတွေထဲက
ကျကျန်ခဲ့တာ
အာဏာရူးတွေလက်ထဲက
(မတော်တဆ) ကျကျန်ခဲ့တာ
မျိုးတုန်းသတ်ဖြတ်မှုတွေထဲက
ကျကျန်ခဲ့တာ
ဓါးကို ဓါးချင်း
လှံကိုလှံချင်းဆိုတာတွေထဲက
ကျကျန်ခဲ့တာ
ဘယ်တော့မှ
မိုးပေါ်ထောင်ပစ်ဘူးဆိုတာတွေထဲက
ကျကျန်ခဲ့တာ
အသက်ရှူသံ
ဖိတ်တစ်ဝက် စင်တစ်ဝက်နဲ့
ကျကျန်ခဲ့တာ
မကြံကောင်းမစည်ကောင်းတွေနဲ့
ကျကျန်ခဲ့တာ
မကြံတတ်မစည်တတ်တွေနဲ့
ကျကျန်ခဲ့တာ
ကျကျန်ခဲ့တာ
အမှိုက်လိုလို ဒိုက်လိုလို
ကျကျန်နေခဲ့တာ
တူလိုလို ပေလိုလို
ဂုဏ်လုပ်ရခက်၊ တုန်လှုပ်ရခက်
ကျကျန်နေခဲ့တာ …………

                       ရန်လင်းအောင်

Saturday, June 13, 2015

ကဗျာဆရာအောင်ဘညို ဈာပနသတင်း

ကဗျာဆရာအောင်ဘညို ၏ သမီး နှင့် သား

ဆရာ အောင်ဘညို ဈာပနအား ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့
ဦးမောင်မောင်ဇော် (ကဗျာဆရာ အောင်ဘညို) သည် ၁၀-၆-၂၀၁၅ နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကွယ်လွန်သွားရာ သူ၏ ဈာပနကို ၁၂-၆-၂၀၁၅ နေ့တွင် ရေဝေးသုဿာန်၌ ညနေ ၄ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။  ကဗျာဆရာအောင်ဘညိုကိုချစ်ခင်သော ရန်ကုန်၊ မန္တလေး၊ တောင်ငူ နှင့် အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ ပန်းချီဆရာများ ၊ အနုပညာနှင့် နိုင်ငံရေးအသိုက်အဝန်းမှပုဂ္ဂိုလ်များ မြောက်များစွာ ကဗျာဆရာ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။ 
ကဗျာဆရာ အောင်ဘညိုကို မန္တလေးလှည်းတန်းတွင် မွေးဖွားခဲ့ပြီး မရမ်းခြံ၊ ဧရာဝတီမြစ်ကြီးဘေးကြီးပြင်းခဲ့သည်။ မူလ တန်းကို ဦးဘညွန့်ကျောင်း၊ အထက်တန်းကို ပွဲကုန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သူရဲ့ ပထမဆုံးကလောင်အမည်မှာ နွေသစ်မင်းဖြစ်ပြီး ၁၉၈၅ တွင် နွေသစ်မင်း၊ မင်းထက်ချစ် နှစ်ယောက်တွဲပြီး ရင်ခုန်နေ သော လက်များ ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ ၁၉၈၆၊ ၁၉၈၇ တွင် အောင်ဘညိုကလောင်အမည်ပြောင်းခဲ့သည်။ ၁၉၈၇ တွင် “ငယ်ငယ်တုန်းက ဒေါင်းဖတ်စာ ” ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းအဆောင်တွင် ကိုမုတ်သုန်၊ ကာတွန်းဝင်းအောင်တို့နှင့် အတူနေခဲ့သည်။ ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရွှေဝတ်ရည် စသည့်မဂ္ဂဇင်းများတွင် ဂီတဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၁/၉၂ တွင် ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း၊ ၁၉၉၄ တွင် ပန်းနုရောင်ဆံပင်များ၏ ချည်တိုင် စုပေါင်းကဗျာစာအုပ်၊ ဧကစာ မီးခိုးများ လေးယောက်တွဲ၊ တကိုယ်တော်အနေနဲ့ အသံတူအရောင်များ၊ ငါးဆယ်/ငါးဆယ် ထုတ်ဝေခဲ့ပြီး ၂၀၁၃ တွင် ကမ်း လွန်လေ ကဗျာမဂ္ဂဇင်းပြန်လည်ထုတ်ဝေခဲ့သည်။ ကလောင်ခွဲများမှာ မောင်ဇော်၊ မိုဟန်ဂျိုနာ၊ မာဆိုး၊ သားဥ၊ ဝေယံမင်းညို၊ တင်မိုးမြိုင် ဖြစ်သည်။

Friday, June 12, 2015

အမှတ် ၅၄ အဆန်ရထား


အမှတ် ( ၅၄ ) အဆန်ရထား
------------------------
အဲဒီမနက်ကြီး
မုခစာအုပ်က
မိုးကြိုးထပစ်တယ် ။
ကျနော့်အလံတော်
တိုင်တစ်ဝက်မှာ
တုန့်ခနဲရပ်ခဲ့ပေါ့ ။
ခင်ဗျား
နံရံချိတ်ထားတဲ့သေနတ်ကို
ပစ်ဖောက်လိုက်တာပဲ ။
အေဘီညို
ကြွေပြီဆိုတာကို
ယုံကြည်လို့မရ
အမှန်တရားက
ငယ်ထိပ်ကို
ပေါင်တူနဲ့ထုလိုက်ပေါ့ ။
ခင်ဗျားနာရေးသတင်းဟာ
ခင်ဗျားရှို့လိုက်တဲ့တောမီး ။
ခင်ဗျားက
ကမ်းလွန်အောင်တိုက်လိုက်တဲ့လေ ။
ခင်ဗျားရဲ့သေခြင်းဟာ
ခင်ဗျားရဲ့ကဗျာပရိယာယ် ။
မြန်မာ့ခေတ်ပေါ်ကဗျာ
ပင်လယ်လိုအော်ကျန်ခဲ့ ။
ဂေါ်ကီရဲ့အမေလို
မြန်မာပြည်ကအမေ
လုလင်အိမ်အပြန်
လိပ်ပြာလှလှ
နတ်တို့ခိုးဝှက်ခံရပြီ ။
ခင်ဗျားမိခင်
အမေဒေါ်ခင်ကွန့်နဲ့အတူ
နန်းမြို့ကလွမ်းလို့ဆူဝေ
ဆရာပိုင်စိုးဝေနဲ့အတူ
ခင်ဗျားရဲ့ချစ်လှစွာသော
မနန်းနဲ့အတူ
ချစ်ခြင်းအားဖြင့်
ပန်းတစ်ပွင့်နဲ့မြားနှစ်စင်း
မဉ္ဇူရီဘညို
အောင်ဗဟိန်း
ဝေယံမင်းညိုတို့နဲ့အတူ
ကျနော်တို့
ဓားဦးမြေစိုက်ငိုကြွေးရပါပြီ ။
မြစ်တွေ မြစ်တွေ
ပင်လယ်မရောက်မီ
ပင်လယ်လိုအော်ငိုကြွေးရပါပြီ ။
ကဗျာဆိုတာ
ကိုယ်တို့ရဲ့ဘာသာတရားပဲ..တဲ့
ခင်ဗျားရဲ့
ဘာသာတရားကို
ဆက်လက်ကိုင်းရှိုင်းဖို့
ခင်ဗျားရဲ့ပင်လယ်
ထပ်ဆင့်မြည်ဟိန်းဖို့
ကျနော်တို့
ခင်ဗျားချစ်တဲ့ဒီမြေပေါ်မှာ
ခင်ဗျားရင်ငွေ့နဲ့လင်းတဲ့
မျဉ်းဖြောင့်အလင်းကိုတိုင်တည်လိုက်ပါရဲ့ ။
အို..
ထွန်းပြောင်တဲ့နောင်တော်
ဖြောင့်မတ်တဲ့ရဲဘော် ။
ခင်ဗျားက
အဆန်ရထားတစ်စင်းဖြစ်တယ်
မီးခိုးတလူလူခုတ်မောင်းသွား
ကောင်းကင်ထဲ
ကောင်းကင်ဖြစ်တဲ့အထိခုတ်မောင်းသွား
သွားနှင့်လိုက်ပါတော့
သွားနှင့်လိုက်ပါတော့အကိုရေ ... ။ ။
မင်းညွန့်လှိုင်