Saturday, July 25, 2015

အလွမ်း ၊ မင်းညွန့်လှိုင်


အလွမ်း

မိုးကာအင်္ကျီလေးထုတ်ဝတ်တော့
သူ့မေတ္တာက
ကိုယ့်ကိုလွှမ်းခြုံလာတယ် ။
သူလျှောက်မယ့်လမ်းမှာ
မိုးလေကင်းလွတ်ပါရဲ့လား
ကိုယ့်မေတ္တာ
ထီးလိုမိုးနိုင်ပါစေသား ။      ။

မင်းညွန့်လှိုင်

Sunday, July 19, 2015

၆၈ နှစ်မြောက် အာဇာနည်နေ့ ၊ တောင်ငူမြို့

၆၈ နှစ်မြောက် အာဇာနည်နေ့ ၊ တောင်ငူမြို့

အာဇာနည်ကျောက်တိုင် နှင့်
လွမ်းသူပန်းခွေ များ ………
၆၈ နှစ်မြောက် အာဇာနည်နေ့ ။ တောင်ငူမြို့မြင်ကွင်း

Saturday, July 18, 2015

မသေမြစ် ၊ မင်းညွန့်လှိုင်






မသေမြစ်

အာဇာနည်သွေးဆိုတာ
အေးခဲတယ်မရှိ။

ရာဇ၀င်မြောက်
ရဲရဲတောက် ရင်ခုန်သံနဲ့
နီမောင်းတဲ့ဦးခေါင်းတွေ
သတ်လို့လည်းမသေ
မြှုပ်ပေမယ့်မမြုပ်ပဲ
(ကျုပ်တို့ရဲ့ . . .)
လူထုရင်ထဲအမြဲရှိ     ။             ။

                                   မင်းညွန့်လှိုင်
                               (၁၉-ဇူလိုင်၊ ၂၀၁၂)

အနက်ရောင်နေ့စွဲ ၊ ခက်ဦး


အနက်ရောင်ရက်စွဲ


ဆယ့်ကိုးဂျူလိုင်တဲ့
ဦးစောနဲ့လက်ပါးစေတွေပစ်လိုက်တဲ့ကျည်ဆန်များ                               
ခေါင်းဆောင်ကြီးတွေကိုဖြတ်
တပြည်တရွာလုံးရင်အုံကိုထုတ်ချင်းခတ်
အားလုံးအရုပ်ကြိုးပြတ် လဲကျဖူးတဲ့နေ့ပဲ 

ဆယ့်ကိုးဂျူလိုင်တဲ့
အာဇာနည်ကြီးများနာရေးနဲ့
တပြည်တရွာလုံး သုဿန်တစပြင်လို
ချောက်ချောက်ခြားခြားနှုတ်ဆိတ် 
အံကြိတ် အသံတိတ်
မျက်ရည်တွေယိုဖိတ်ဖူးတဲ့ နေ့ပဲ

ဆယ့်ကိုးဂျူလိုင်တဲ့
အဖ ဗိုလ်ချုပ်အောင်ဆန်း
ဆရာကြီး ဒီးဒုတ်ဦးဘချို ဦးဘဝင်း
ခေါင်းဆောင်ကြီး မန်းဘခိုင် စဝ်စံထွန်း ဦးရာဇတ် ဦးအုန်းမောင် ရဲဘော်ကိုထွေးတို့ရဲ့သားမြေးများအတွက်
ရွှေတောင်ကြီးတွေ လဲမဆုံးတဲ့နေ့ပဲ

အဲဒီ့ဆယ့်ကိုးဂျူလိုင်ဟာ
ပြက္ခဒိန်​ပေါ်က ဆုတ်ဖြဲမရ
သမိုင်းဒဏ်ရာ ပြန်ပြန်ပြတဲ့နေ့ပဲ

အဲဒီ့ဆယ့်ကိုးဂျူလိုင်မျိုး
တို့အားလုံးထပ်မလိုချင်တော့ဘူး
တို့အားလုံးထပ်မငိုချင်တော့ဘူး
ဂျူလိုင်မိုးကိုအရောင်ဆိုးတဲ့ရက်စွဲများ
တို့သမိုင်းမှာ ထပ်ရောက်မလာပါစေသား
                 
ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများ....တဲ့
ဒါ မရင့်ကျက်သေးတဲ့သမိုင်းအနာ ဆားထပ်အပက်ခံရတဲ့အသံပဲ
ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ကိုဖြင့်....တေးသွား
ဒါ ကျောချလှဲမရသေးတဲ့ မပြန့်မပြူးသမိုင်းမွေ့ယာအောက်က ကျောအဖောက်ခံနေရဆဲ ဆူးချွန်ပဲ

နောက်နောင်သမိုင်းမှာ
ကျဆုံးဆိုတဲ့စကား မကြားချင်ဘူး
ရှေ့ဆက်သမိုင်းမှာ
သွေးစက်တွေမတွေ့ချင်ဘူး
ယမ်းခိုးတမျှင်တစ မမြင်ချင်တော့ဘူး
လာမယ့်သမိုင်းမှာ
ရမ္မက်​အာဏာတံစို့ထိုးခံရလို့ ရာဇဝင်ဆိုးနဲ့ကျန်ရတဲ့
ဦးစောလိုလူစား ထပ်မမွေးဖွားစေ့ချင်တော့ဘူး

ပြက္ခဒိန်​ပေါ်က ဂျူလိုင်လဆီ
အဲဒီ့ဆယ့်ကိုးရက် တွားတက်လာတိုင်း
ခါးမှာသေနတ်ချိတ်ရက်သား
လက်ယားနေတဲ့တစ္ဆေတွေ.....
အာဏာဆိပ် ငယ်​ထိပ်​ပေါက်တိုင်း
သေနတ်ဒင်ဆီလက်ရောက်တဲ့ မိစ္ဆာတွေ...
တပ်ရှိန်မတန့်နိုင်ရင်တပ်ဦးဖြိုဖို့ကြံတဲ့
တ​ဇောက်​ကန်း လူသတ်ဝါဒီတွေ....
သည်မြေမှာထပ်မပေါ်ဖို့
သူသူကိုယ်ကိုယ်စိတ်ဆန္ဒညီညီနဲ့ 
သူသူကိုယ်ကိုယ် အရောင်အသွေးညီညီနဲ့
ပန်းစီးတွေတင် ပန်းခွေကိုယ်စီချထား
အနက်ရောင်ခြုံထည်များ
အနက်ရောင်လက်ပတ်များ
ညှိုးချုံးသောနှလုံးသားများနဲ့
ဗိမာန်တော်ကြီးရှေ့မှောက်
ဒီလို နှစ်ထောင့်ဆယ့်ငါးမှာ
ခင်ဗျားတို့ ကျွန်တော်တို့ ........

                                               ခက်ဦး
၁၇ . ၇ . ၂၀၁၅

အာဇာနည် ။ ရန်လင်းအောင်


အာဇာနည်


ငါ့ အဘိုးရဲ့ လက်စွဲကျမ်း
ငါ့ အဖေ ရဲ့ ဖတ်ညွှန်း
ငါ့ ရဲ့ ညကြည့်မျက်မှန်တလက်
ခေတ်အဆက်ဆက်
ကိုးကားပူဇော်ရာ၏
လိပ်ပြာသန့်သန့်
ပုခုံးတွေ ………

                        ရန်လင်းအောင်

Wednesday, July 15, 2015

မန္တလေး တစ်ညနေ ၊ မင်းညွန့်လှိုင်


မန္တလေးတစ်ညနေ


တိမ်ဖြူထွေးထွေး မဆန့်မပြဲနဲ့
အက်ကွဲမတတ် ကောင်းကင်အောက်မှာ။

တစ်လမ်းလုံး
ပေါင်တံဖွေးဖွေး လူးလားလှုပ်ခတ် ၏။

ဆက်တင်အဟောင်းနဲ့ ဇာတ်ကောင်အသစ်
ယိမ်းနွဲ့တဲ့လှိုင်း။

နာရီစင်လေး
ခေါင်းငုံ့ ငြိမ်သက် ရှုမှတ် ပွားများ။

အို.. မန္တလေး
ရတနာပုမ်မန္တလေး
ကျနော်တို့ ရွှေမန္တလေး
သွေးခုန်နှုန်းအသစ်နဲ့
နေကောင်းထိုင်သာရှိပါစ။    

                         မင်းညွန့်လှိုင်



ေ ပြာ ဇာ တ် - ၄ - ရန်လင်းအောင်


ေ ပြာ ဇာ တ် - ၎


ရှင်လူအများရဲ့
မျက်လုံးထဲဝင်နေတဲ့ အမှိုက်သရိုက်လို
ထမင်းထဲပါလာတဲ့ ကျောက်စရစ်ခဲလို
ဖနောင့်ထဲစူးဝင်နေတဲ့ ဆူးငြောင့်လို
ရှင်ဒေဝဒတ်ရဲ့အတိတ်ဇာတ်ရုပ်ဟာ
ကြံကြိတ်စက်နဲ့ကြံညှစ်သလို
လူထုကိုဗိုလ်ကျစိုးမိုးတဲ့ မဟာပိင်္ဂလမင်းဆိုပဲ ၊

ဒီမင်းယုတ်ကြီးသေတော့
တပြည်လုံခြိမ့်ခြိမ့်သဲပျော်ပွဲဆင်နေသလောက်
တံခါးမှူးကြီးက ကျူကျူပါအောင် ငိုရှာသတဲ့ ၊

ဒါနဲ့ ဘုရားလောင်းမင်းသား အမေးမှာ သူဖြေတယ် ၊
ဒီ မင်းစုတ်မင်းပြတ် သေလို့ငိုတာမဟုတ်
နန်းတော်ပြာဿဒ် အဆင်းအတက်တိုင်းမှာ ရှစ်ချက် ရှစ်ချက် သူ့ဦးခေါင်းကို
တူနဲ့ထုသလို ထုရိုက်နှိပ်စက်တတ်တဲ့ ဒီဘုရင်
ငရဲရောက်လို့ ငရဲသားတွေကိုပါ
ဦးခေါင်းလိုက်ထုနေမှဖြင့်
အတော်နှိပ်စက်တဲ့ ဒီဘုရင်
ငရဲထိန်းကတောင် ကြောက်ကန်ကန်
ဒီနန်းတော်ထဲ ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့
ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့ ။ ။
     
                                    ရန်လင်းအောင်
                        ဒုကနိပါတ် ၊ ဥပါဟနဝဂ် ၊
                          မဟာပိင်္ဂလဇာတ်တော်
                                 ကိုမှီးသည် ။