Friday, August 7, 2015

တလက်လက်ဝိညာဉ်တွေ - ခက်ဦး


တလက်လက်ဝိညာဉ်တွေ …………

ရှစ်လေးလုံး
တိုက်မိတဲ့ခလုတ်မဟုတ်ဘူး
အချိန်ကိုက်ကွဲတဲ့ ရင်မြှုပ်မိုင်း

မမေ့ကြနဲ့
တံခါးလှပ်မိရုံနဲ့ ကြက်သီးဖြန်းခနဲ
မငြိမ်းတမ်းလင်းတဲ့သမိုင်းပြတိုက်

ရှစ်လေးလုံးကိုမမေ့ကြနဲ့
သားရဲမိစ္ဆာတွေ
ဒီတောမီးနဲ့ ပြေးပေါက်မှားဖူးတယ်

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဘီလူးတွေရှိတာ သက်သေထူဖို့
အစားခံပြီးစတေးခဲ့ရတယ်

မြေစိုင်ခဲတွေမို့မောက်လာ.......
ရှစ်လေးလုံးကိုမမေ့ကြနဲ့
သွေးအရွှဲသား မဆွေးသေးတဲ့လက်မောင်းတွေ......

ရှစ်လေးလုံးကိုမမေ့ကြနဲ့
အလောင်းကောင်တွေထရပ်ကုန်ပြီ.....
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ပြန်ပေါက်မယ့်မြွေဟောက်တွေလိုပဲ...

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဆန့်တန်း ထစ်ချုန်း ကြွေးကြော်လိုက်ကြ...
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ထိုးချိန်လိုက်တဲ့အာဏာရူးသေနတ်ပြောင်းတွေ
တဆတ်ဆတ်တုန်ခါလို့.....

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဒီမို ကရေစီ ရရှိ ရေး .....
ရှစ်လေးလုံးကိုမမေ့ကြနဲ့
တိုးအရေး...... တိုးအရေး

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ရှစ်လေးလုံးကို မမေ့ကြ နဲ့
ရှစ် လေးလုံးကို မမေ့ကြနဲ့
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ရှစ်လေးလုံးကို
မ မေ့ကြ နဲ့ ။

                       ခက်ဦး
                ၇ . ၈ . ၂၀၁၅


အတွင်းဒဏ် ။ ရန်လင်းအောင်


အတွင်းဒဏ်

_________
စိမ်းရောင်စိုပြကွက်ဆန်းပေမယ့်
ပန်းကြွေရှိုက်သံတွေကိုတော့
ဖုံးကွယ်ထားလို့ မရဘူး …
မိုးရေ ……              

                             ရန်လင်းအောင်

ရင်ခုန်သံမနက်ခင်း ၊ မင်းညွန့်လှိုင်


ရင်ခုန်သံမနက်ခင်း

မနက်ခင်းမိုးလင်းရင်
တောင့်တမိတာ
ကော်ဖီမွှေးမွှေးနဲ့
မင်နံ့သင်းသင်းသတင်းစာ ။
ကမ္ဘာကြီးက
သတင်းစာနှစ်စောင်ဖြန့်ချီတယ် ။
ညစ်ညူးနောက်ကျိဘွယ်
အနက်ရောင်သတင်းစာ
ပါးလျပျောက်ကွယ်သွားပါစေ ။
ပျော်ရွှင်ဝင်းပဘွယ်
အဖြူရောင်သတင်းစာ
ထူထဲပွားများနိုင်ပါစေ ။      ။

                  မင်းညွန့်လှိုင်

ကပ်ဆိုးထဲက အနုပညာ ၊ ခက်ဦး


ကပ်ဆိုးထဲကအနုပညာ

....................................
ပန်းချီကားတွေ ချရောင်းကုန်ပြီ
ရေမြုပ်သွားတဲ့ သက်ရှိပန်းချီကားချပ်တွေ
ပြန်လည်ဆယ်ယူဖို့
တေးချိုချိုတွေ သဒ္ဒါသလောက်ပေးပါတဲ့
ရေမွန်းနေတဲ့ ဆွံ့အနှုတ်ခမ်းတွေ
ဂီတသံချို ပြန်စွတ်စိုဖို့
ကဗျာတွေ နိုင်သလောက်နဲ့ ဝယ်သွားကြပါ
ကဗျာမဆန်နိုင်တော့တဲ့ဘဝတွေ
ပြန်လည် ယိမ်းနွဲ့ ကခုန်ဖို့
လမ်းဘေးထိုင် ခွက်ရှေ့ချ ရင်ကွဲတေး သီကြူးကြပြီ
တေးမြုံသွားတဲ့ ရင်သွေးငယ်တွေ
ပြန်လည် ပြုံးရယ် နိုင်ကြဖို့
တနေကုန် နင်းရသမျ ဆိုက်ကားခ
လှူချပစ်လိုက်ပြီ
ရေမြုပ်သွားတဲ့ အနှေးယာဉ်လေးတွေ
အစာအိမ်တွေ သီတွဲပစ်တင် ပြန်လည်ခရီးနှင်ဖို့
အိမ်အကူအလုပ်သမလေးက
ချွေးနဲ့ရင်းရှာ နှစ်လစာ အသပြာ
ရေဘေးအတွက် လှူပေးလိုက်ပါတဲ့
ချွေးနဲ့ရင်း ပြန်ရှာတောင် လှဖို့ ခက်ချေတော့မယ့်
ဘဝငယ်ငယ်တွေ ပြန်နိုးထဖို့
ခေတ်ပညာတတ် အသီးအပွင့်လေးတွေက
ကြမ်းသန့်ရှင်းရေး အဝတ်လျှော် မီးပူတိုက်
ရတဲ့လုပ်ခ အကုန်လှူပစ်လိုက်မတဲ့
ကြေမွသွားတဲ့ အိပ်မက်တွေ
စန့်စန့်ခန့်ခန့် ပြန်လည်သန့်ပြန့်ဖို့
ရင်ခုန်သံလှူကြ အိပ်မက်လှူကြ
လက်ခုပ်သံလှူကြ တေးသံလှူကြ
ရစ်သမ်ဂစ်တာသံထဲ စည်းချက်ညီခြူသံထဲ
စိတ်ကြည်အိုင်ကို မွှေနှောက်တတ်တဲ့
(ဘေးသင့်ခံနေရသူတွေအချင်းချင်း မထားအပ်တဲ့)
ဝင့်ဝါပလွှား ထည်ထည်ဝါ၀ါ မာန် မာနများ လွင့်စင်သွား
အသွေးအရောင် အယူအဆ ဘာသာတရားကွဲပြားမှုမှန်သမျ
လွှတ်ချထားပြီးသား ရင်ပတ်တွေနဲ့
လွတ်ကျသွားတဲ့ဘဝတွေ ဖေးကူထိန်းဖို့
အားလုံးဖြုတ်ချထားတဲ့ နှလုံးသားတွေနဲ့
အားလုံးပြုတ်ကျသွားတဲ့အိပ်မက်တွေ ကောက်ယူပေးဖို့
ချိတ်ထား ဆက်ထား ပရဟိတ လက်များနဲ့
ယှက်ထား နွယ်ထား ပရဟိတ စိတ်ထားနဲ့
ဝတ်မှုန်ကူးလွယ် ပရဟိတ နှလုံးသားများ
ရနံ့သစ် အသွင်သစ်နဲ့ သမိုင်းဆိုးထဲ ကခုန်နေပုံက
ဘယ်လို မှော်အောင်ထားတဲ့ အနုပညာသမားမှ
တုပ စပ်ဆို ချယ်မှုန်း မဖျော်ဖြေတတ်တော့အောင်
မွှေးမွှေးမြမြ ပေါ့ပါးလှပ နေတော့ရဲ့ ။

                                                      ခက်ဦး
                                                 ၅ . ၃ . ၂၀၁၅



Thursday, August 6, 2015

မမျှော်လင့်တဲ့ဘက် - ရန်လင်းအောင်


မမျှော်လင့်တဲ့ဘက်


မီးလောင်တယ်ဆိုလည်း ပြေးကြည့်
ရေကြီးတယ် ဆိုလည်း ပြေးကြည့်
ကားချင်းတိုက်လည်းပြေးကြည့်
ခွေးချင်းကိုက်လည်းပြေးကြည့်
ဟိုဟာပြေးကြည့် ဒီဟာပြေးကြည့်
ဟိုပြဿနာပြေးကြည့် ဒီပြဿနာပြေးကြည့်
ဘာဖြစ်ဖြစ်ပြေးကြည့်
ဒါ ငါတို့ မတွေးမိတာတွေပဲ
ဟုတ်တယ်
ဒါ ငါတို့ မမျှော်လင့်တာတွေပဲ
ငါတို့
ပြေးမကြည့်တာဆိုလို့ မတွေးမိတာတွေပဲ
မတွေးမိတာတွေဘက်
ဦးအောင်ပြေးကြည့်ကြပါစို့ ။

                                          ရန်လင်းအောင်

ကြယ်ငါးကောက်သူများ ၊ မင်းညွန့်လှိုင်


ကြယ်ငါးကောက်သူများ


ပင်လယ်ကြီးကအကျယ်ကြီး
ကမ်းစပ်ကလည်းအရှည်ကြီး
လှိုင်းပုတ်ဒဏ်ခံ
ကြယ်ငါးတွေလည်းတဖွေးကြီး ။
ငါတို့မှာကလက်နှစ်ဘက်တည်း
ကြယ်ငါးတစ်ကောင်တွေ့တိုင်း
ပင်လယ်ထဲပြန်ပို့ပေးလိုက်ရင်
ကြယ်ငါးလေးတစ်ကောင်အတွက်တော့
ထွက်မြောက်ရာလမ်းတွေ့မှာပေါ့ ။
မိတ်ဆွေတို့ရေ
ကြယ်ငါးကောက်လက်ချောင်းတွေ
များပြားခဲ့ရင်
ကြယ်ငါးတွေ
အများကြီးရှင်သန်မယ်
ရိုးရှင်းလွန်းတဲ့သင်္ချာပါ ။
ွှရှင်သန်ခြင်းကိုမြတ်နိုးတယ်လား
ငါတို့ကြယ်ငါးကောက်ပါစို့ ။ ။
[ ဆရာဖေမြင့်ဘာသာပြန်
စာတစ်ပုဒ်ကိုပြန်အောက်မေ့ခြင်း ။ ]
မင်းညွန့်လှိုင်

Tuesday, August 4, 2015

အဲ့ဒီ အရပ်တွေမှာ… လွင်နောင်နောင်


အဲ့ဒီအရပ်တွေမှာ

===========
အဲ့ဒီအရပ်တွေမှာ
ရေပြင်ထဲ ရေငတ်နေသူတွေရှိတယ်

အဲ့ဒီအရပ်တွေမှာ
မြုတ်နေတဲ့စပါးပင်တွေအပေါ်မှာ
ထမင်းဆာနေသူတွေရှိတယ်

အဲ့ဒီအရပ်တွေမှာ
စိုနေတဲ့မိုးရေတွေထဲ
ဘဝများစွာရွှဲစိုအေးစက်နေကြသူတွေရှိတယ်

အဲ့ဒီအရပ်တွေမှာ
စိုနေတဲ့ရေကိုကြည့်ပြီး
ငိုနေတဲ့မိသားစုတွေရှိတယ်

အဲ့ဒီအရပ်တွေမှာ
နစ်နေတဲ့စာသင်ကျောင်းကိုကြည့်ပြီး
ဟီးချငိုနေရတဲ့ ကျောင်းသားကျောင်းသူလေးတွေရှိတယ်

အဲ့ဒီအရပ်တွေမှာ
လိုနေတဲ့နွေးထွေးမှုကို
အဲ့ဒီအရပ်တွေမှာ ငိုတဲ့ကလေးတွေကို
အဲ့ဒီအရပ်တွေမှာ ယိုနေတဲ့ဒုက္ခမိုးတွေကို
ဘယ်လိုဖေးမပေးရမလဲလို့
ကူညီနေသူပိုပြီးလိုအပ်နေတယ်
အဲ့ဒီအရပ်တွေကို
လူကိုလူလိုကူညီဖို့
လူသားအစစ်တွေဒီနေ့
ပိုလိုအပ်နေလေရဲ့ ။ ။

             လွင်နောင်နောင်

ကဗျာဆရာ လွင်နောင်နောင် ရဲ့
ဖော်ပြပါ ကဗျာ - "အဲ့ဒီ အရပ်တွေမှာ"ကဗျာကို
ကိုကျော်သူအောင်
၃၆လမ်းနှင့်၈၂လမ်း
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့မှ
ဒီညနေ ၃၀၀၀၀(သုံးသောင်းကျပ် နှင့်)
ဝယ်ယူပေးလိုက်ပါပြီ ။
ဒီကဗျာရောင်းရငွေကို ရခိုင်ရေဘေးသင့်ဒေသကိုလှူဒါန်းမှာဖြစ်ကြောင်း
သိရပါတယ် ။

**ကဗျာဆရာ လွင်နောင်နောင် ရဲ့facebook က ကူးယူပါတယ် ။