Friday, January 29, 2016

ခရီးသွားတဲ့ လိပ်ပြာ - ကိုသားကြီး


ခရီးသွားတဲ့ လိပ်ပြာ 

__________________________

ညက
ဆောင်းထဲ ထိုးကျသွားလို့
အငွေ့ အိုတွေ ယောင်ကိုင်းလာ …

နှင်းငိုပုံလေး
ဝမ်းနည်းဖွယ် လမ်းမထက်
ဆောင်တော်ကူးပန်းတို့ပြေးဆော့ ခဲ့ ။

နှလုံးစိမ်း သူတို့ ကိုင်းကူးကိုင်းဆက်
အဝေးကျန်
ရွာလေးရဲ့ မနက်ခင်းကို
ကြို ပြီး လွမ်းတယ် ။

တံခါးကို ဖွင့်တဲ့အခါ
မြင်ကွင်းတည့်တည့် က နှင်းဆီတွေ
နု စို လတ် သစ် လို့ ရဲရဲ နီစွေး
အိပ်မက်ထဲ အထိ မွှေးတယ်။ ။

ကိုသားကြီး

Wednesday, January 27, 2016

သူခိုး - ရန်လင်းအောင်၊ လင်းရီဝေ

moemakha media 


သူခိုး 

_______

သူခိုး …
သူခိုး … သူခိုး …
တခါက အရပ်ထဲလှည့်ခိုးတဲ့ သူခိုး
နောက်တော့ မြို့တက်
နောက်တော့ နိုင်ငံပတ်
နောက်တော့ ကမ္ဘာလှည့်
လျှာတွေခိုးတယ်
ဦးနှောက်တွေ ခိုးတယ်
အစာအိမ်တွေခိုးတယ်
ခိုးမှန်းမသိအောင်ခိုးတတ်လာတယ်
နောက်တော့…
သူ့ကိုယ်သူတောင်ပြန်ခိုးတယ် ။

သူခိုးဗျိုး …
သူခိုး … သူခိုး…
သံကုန်သံပြာ တစ်ခေတ်လုံးလုံးသာ
အော်ခဲ့ရ ဟစ်ခဲ့ကြ
မဲပြာပုဆိုးတော့ မခိုးသေးဘူး ။ ။

ရန်လင်အောင် ၊ လင်းရီဝေ



အပြန်လမ်း - နီဇူလိုင်

ပ န်း ချီ  - နီဇူလိုင်


အ  ပြ န် လ မ်း

________________

အချိန်တန်ရင်
ဖုန်မှုန့်တွေနဲ့ အတူ
သစ်ရွက်ဆွေးတွေ
အမှိုက်တွေ … …

ပြာစတွေ  … …
မြေပေါ်ပြန်ကျလာဦးမယ်

ကြယ်တွေတော့
သူ့နေရာနဲ့သူပဲရှိပါစေ ။         ။

                            နီဇူလိုင်   

               (၂၇.၁.၁၅) (၂၇.၁.၁၆)


Tuesday, January 26, 2016

တရားလက်လွတ်များ ၊ လွင်နောင်နောင်



တရားလက်လွတ်များ

=================

စိတ်ကူးကိုယ်က
သီချင်းဖြစ်လိုက် ကဗျာဖြစ်လိုက်
ကိုယ့်စိတ်ကူးနဲ့ကိုယ်။
အနုပညာနဲ့ဘဝစိုစိုမို့
မျိုတယ်
ထွေးတယ်
အသစ်ပြန်ပြန်တွေးတယ်
ကိုယ့်အတွေးနဲ့ကိုယ်။
တင်သားလုံးလုံးလေးတွေတွေ့တော့
နှလုံးသားရင့်ရင့်ကြီးက ထထခုန်တယ်
ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်။
ကားတွေပြေးတာငေးတော့
အတွေးတွေပါ ကားနောက်လိုက်ပြေးတယ်
ကိုယ့်ပြေးလမ်းနဲ့ကိုယ်။
ကျောင်းဝတ်စုံလေးတွေလမ်းပေါ်ဥဒဟို
အလုပ်သမားတွေ လမ်းပေါ်ဥဒဟို
ကိုယ့်သောကနဲ့ကိုယ်။
နုနေတဲ့စကားလုံးတွေ ပျောက်ဆုံးသွားကတည်းက
မနက်လည်းမနက်မို့ ညလည်းညမို့
ရယ်စရာမဟုတ်တာတွေရယ်ရ
ငိုစရာမဟုတ်တာတွေငိုရ
ကိုယ့်ရရှိမှုနဲ့ကိုယ်။ ။

လွင်နောင်နောင်


(27 1 2016 )
သန်လျင်က ကိုကြီး Kyie Soeအိမ်မှာရတဲ့ကဗျာ)

တစ္ဆေယန္တရား ၊ မောင်သော်တာ



တစ္ဆေယန္တရား

___________________ 

မနက်လင်းရင်ကမ္ဘာပျက်တော့မလိုတစ်ညလုံးမအိပ်ရဲ မအိပ်ဝံ့ခဲ့ဘူး
သက်ကယ်မိုးကျဲကျဲပေါ်
ရှို့မီးတွေကျလာမှာလား
ယာကူဇာတွေလိုလူအုပ်ကြီးရဲ့ခြေသံကိုနားစွင့်လို့
ကွေးကွေးလေးအိပ်နေတဲ ငါ့ကလေးတွေ
ကျောင်းလွယ်အိတ်ကိုပိုက်ရင်းငါ့ကျောနောက်မှာကပ်ထားတယ်
ထမင်းအိုးလေးတွေပန်းကန်လေးတွေကိုကွဲမှာစိုးလို့ထည့်ထားတဲ့တောင်းလေးကိုလက်နဲ့ထိထားတယ်
ခြင်တွေ ဒီတညလုံးသွေးဝအောင်ကိုက်ကြပစေ
ဆောင်းညကြီးတိတ်ဆိတ်လွန်း
ယန္တရားစက်မောင်းတံမဲမဲကြီးတွေခြောက်ခြားစရာ … … …

မောင်သော်တာ

Friday, January 22, 2016

ဆိတ်ငြိမ်ရပ်ကွက် ။ မင်းညွန့်လှိုင်



ဆိ တ် ငြိ မ် ရ ပ် ကွ က်

____________________

တိတ်ဆိတ်မှု
ချစ်ခြင်းမှာလဲကျလုလု
အပျိုစင်ရဲ့
နှင်းဆီရောင်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
အသည်းငယ်ငယ်လေညင်းလေး
ငြိမ်သက်ဆည်းလည်းမနမ်းခင်
ဂီတတမျှတိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
ဝတ်မှုန်တံခါးအဖွင့်
အနှေးပြရိုက်ချက်နဲ့
ကတ္တီပါနက်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
မှုခင်းဖြစ်ပွားရာ
နံရံတစ်ချပ်ရဲ့
မထွေးနိုင်မအန်နိုင်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
မစဉ်းစားခြင်းသတ္တုနဲ့သွန်းလောင်းထား
ငှက်ဖျားမိနေတဲ့သေနတ်တစ်လက်
ကျည်မထိုးခင်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
လေးပင်ယမ်းခါ
အဖြူရောင်ဦးခေါင်းတစ်လုံးရဲ့
ရက်စက်တဲ့တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
အသံကလွဲရင်အားလုံးယူ
ရန်သူ့အကျဉ်းစခန်းက
သေကောင်ပေါင်းလဲတိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
ဓားမိုးထားတဲ့ကမ္ဘာရဲ့
သုညခေတ်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
ချစ်တာပဓာနဝါဒီ
ချစ်ဆိပ်တက်လျှာတစ်ချောင်းရဲ့
နားဝေတိမ်တောင်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
အသံအားလုံးမျိုချ
မူလအသံမေ့သွားခဲ့
အသံအိုးတစ်လုံးရဲ့
လောဘတကြီးတိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
မပြောကြားခြင်းနည်းနဲ့
အလုံးစုံကိုပြောပြပြီ
စကားမဲ့ဇုန်တိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
အသံကိုယ်တိုင်ဆွံ့အသွား
အသံတကာထက်
အကျယ်လောင်ဆုံးတိတ်ဆိတ်မှု ။
တိတ်ဆိတ်မှု
အသံသစ်ကိုငတ်မွတ်ဆဲ
တိတ်ဆိတ်မှုကိုစစ်ကြောဆဲ
ကဗျာဆရာရဲ့တိတ်ဆိတ်မှု ။     ။

မင်းညွန့်လှိုင်

Sunday, January 17, 2016

ဒီေ ရ - ရန်လင်းအောင်


ဒီ ေ ရ 

_____________

ခါတိုင်းလို
မီးခိုးငွေ့တွေကို ပြန်ဆွဲချ
… မဟုတ်သေးဘူး
ဒါ မဟုတ်သေးဘူး
အနာဂတ်ကို
စကားပြောတတ်အောင်သင်ပေးချင်သူ
နည်းနည်းလွန်သွားလား ……

ဇာတိမြို့ကလေးရဲ့အဝေးမှာ
မေ့နေတဲ့ အမှတ်အသားလို သစ်ကြည့်
မျက်မှန်းတန်းမိနေတဲ့တေးသွားတွေ
ပြုံးပြမိခဲ့တာ ရေးတေးတေးနဲ့
ခါးမသန်တဲ့စာသားတွေ
အတွေးထဲမှာ တရစ်ဝဲဝဲ ……

နေ့ချင်းပြန်ဆင်ခြေဆင်လက်တွေထဲ
ပုန်ကန်မှ လင်းဖြစ်မယ့် အသံ …

ကိုယ့်ကြောင့်
ကမ္ဘာကြီး မျက်နှာနာရမှာ
တွေးကြောက်မိပါတယ် ။ ။

ရန်လင်းအောင်

၂၅ ၁၂ ၂၀၁၅
Mobile Uploads ·
Dec 27, 2015 ·