Friday, March 4, 2016

ၾက မၼာ ေ စ ရ ာ - နီလာစိုး



ၾက မၼ ာ ေ စ ရ ာ

________________________

ရှားပါးလာတဲ့စကားလုံးတွေကြား
အသက်ရှူလိုက်တိုင်း
သတိရခြင်းတွေကသာ
ရောင်းပန်းမဝင်တဲ့ပန်းလိုပွင့်ခဲ့တယ်....

ဝိရောဓိဖြစ်နေတဲ့ ခြေလှမ်းတွေနဲ့
မခမ်းခြောက်နိုင်တဲ့ မိုးရာသီကြား
တကယ်ဆိုရင် တောင်ပံတစ်စုံက
ကျွန်မသာလျှင်ပိုင်ဆိုင်သင့်တာပါ...

မဆုံးနိုင်တဲ့ခရီးလမ်းကို
နှလုံးသွေးနဲ့ခင်းလျှောက်ရအောင်
ကျွန်မကနှောင်ကြိုးမဲ့တဲ့
သက်မဲ့တစ်ခုမဟုတ်ခဲ့လေဘူး ...

သူမွှေးခဲ့တဲ့မီးတစ်စထဲ
ကျွန်မရဲ့ချစ်ခြင်းမေတ္တာတွေ
သွန်းလောင်းထည့်လိုက်တဲ့အခါ
မိဥသြက ချိန်ခါမဲ့စွာတွန်ကြူးလေတယ်...

အပျော်နဲ့မထိုက်တန်သူအဖို့
ချစ်ခြင်းမေတ္တာဆိုတာ
ပြဿဒ်ကိုလောင်ကျွမ်းစေတဲ့
အမှိုက်တစ်စပါဘဲ မောင်....

ဒီလိုနဲ့ပဲ
ကျွန်မအဖို့
မပြေနိုင်တဲ့အမုန်းမီးတွေနဲ့
ကြမ္မာစေရာမှာပျော်သလိုနေတတ်ခဲ့ပြီ...။ ။

နီလာစိုး



သ တ် ကွ င်း - ဧသုချို


သ တ် ကွ င်း 

_______________________

                     ဧသုချို


မကျွမ်းတဲ့တော
ဘယ်တော့မှ  ငါမလှမ်းခဲ့ -

ဘယ်တော့မှ
ငါ့ဆီပြန်မလာတော့မယ့်မြား
အပြင်းဆုံးအဆိပ်ကိုလူး
လေးညှို့ကို...
အားကုန်ဆွဲ လွှတ်လိုက်ပေါ့ … …

တကယ်တမ်း
မြားဆိပ်သင့်သေဆုံးခဲ့သူ
မုဆိုး … … ငါ ……

ဧသုချို

Thursday, March 3, 2016

မိန်ရာသီ - သန်းဆွေမိုး - ကလော



မိန်ရာသီ

__________________

ဟစ်တလာနွေ ရဲ့
လက်ပါးစေ လေရူးဟာ

တာဝန်တွေကျေ နေလိုက်ပုံက
သခင်အားရ ကျွန်ပါးကို ဝလို့နေရဲ့

လက်ရဲဇက်ရဲ
မိုက်လည်းမိုက်ရဲပါပေ့

တွန်းတွန်း တိုက်တိုက်တိုးဝှေ့
ရိုက်ပုတ်ကန်ကျောက်ထိုးခွဲ
တရှဲရှဲ အသံတွေပေးလို့လေ …

ညိုဝါရွှေ ကြွေရွက်တို့ ခမျာ
မြေမှာ ဖုန်အလူးလူး မူးမူးမေ့မေ့
ဒလိမ့်ကောက်ကွေး ကြွေလို့နေရဲ့

ဒါကိုကြည့်ပြီး
အရိုးအပြိုင်းပြိုင်းနဲ့
အကြည့်တန်ရေငတ်မတို့
ရင်ဘတ်စည်တီး ငိုကြီးချက်မနဲ့
မိုးကိုမျှော် … …


သန်းဆွေမိုး(ကလော)



ကြွေ ပွင့် - မောင်ကြူးရင့်



ကြွေပွင့်

__________________

ခုနှစ်စဉ်ကြယ်ပြောင်
အမြီးထောင်တဲ့ ည
လ ကလည်း  အ  လို့
လမ်းကလည်းတွန့်လိမ်လို့
အနက်ရောင်ကားပေါ်က
ဆံမြိတ်ပြေ သွေးဆုတ်နေတဲ့
ပန်းကလေး တပွင့်
လွင့်စင် ကျလာ
ကားမီးရောင်ထဲ
တိုးဝင် ပျောက်ဆုံးသွာတဲ့အခါ
အရာရာဟာ ကျကျန်ခဲ့တော့တယ်။            ။

 မောင်ကြူးရင့်

မြတ်ဗုဒ္ဓ - လင်းသက်ငြိမ်



မြတ်ဗုဒ္ဓ

___________________

ရှေ့တော်မှောက်မှာ
အဝိဇ္ဇာရဲ့ သားကောင်များ
မီးကျီမီးခဲတွေလို အပူအပင်တွေတရဲရဲ
ပြုံးရင်းပျော်ရင်း  ဆုတောင်းကြ
ငိုကြွေးပူဆွေးရင်းဆုတောင်းကြ
ဆုတောင်းတွေက ရင်ပြင်တော်ထက်
ချော်ရည်တွေလို ဆူပွက်စီးကျ
ရုပ်ပွားတော်မြတ် ပြုံးတော်မူနေတယ်
မြတ်ဗုဒ္ဓ ပြုံးတော်မူနေတယ် …  …

လင်းသက်ငြိမ်

အရပ်သား - မောင်သော်တာ





အရပ်သား

________________________

မီးလန့်စာ'စား
နေ့စားငွေရှင်းမှဆန်ပြေးဝယ်ချက်ရတဲ့ဘဝတွေ
သက်ကယ်ပျစ်၂ပျစ်လုံရင်  အဲဒါအမိုး
ကြမ်း၇ချောင်းကောင်းရင် အဲဒါအခင်း
ခွေးမတိုးသူခိုးမဝင်နိုင်ရုံကာထားတဲ့
တဲနန်းပြဿဒ်မှာ
်ကြယ်တွေစုံပေမယ့်
အလင်းမြုံနေရှာတယ်
ဖုန်နံ့မီးခိုးနံ့တွေစွဲနေတဲ့
ဝတ်ကောင်းစားလှတွေနဲ့
ရပ်နေတဲ့ခြေအောက်မှာ
ပြေးစရာမြေ' မကျန်တော့ဘူး
ရန်သူမျိုး၅ပါးကိုသူတို့အသားကျလွန်လွန်းလို့်  ။  ။      

မောင်သော်တာ

၂၇  ၂  ၂၀၁၆


Wednesday, March 2, 2016

၂ ၊ မတ် ၊ ၁၉၆၂ - ဝင်းသိန်းထွေး



၂ ၊ မတ် ၊ ၁၉၆၂ 

_____________________

သေသူကို
ရှင်သူတွေက တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် ကျိန်ဆဲကြတယ်  ။

နှောင်းလူတို့စကားဝိုင်းတွေမှာ မလှတဲ့သမိုင်းကိုပုံဖော်ခဲ့လို့ ကြုံတိုင်းပြန်ရှင်လေသူ
သေလူတစ်ယောက်ပေါ့    ။

အသက်ပျောက်ခဲ့တယ်
ရုပ်ပျောက်ခဲ့တယ်
နာမည်ကတော့ မပျောက်ပဲ
သေကျန်ခဲ့လေရဲ့  ။         ။

ဝင်းသိန်းထွေး