Tuesday, May 31, 2016

မြစ်​ ၇၃- လွင်​​နောင်​​နောင်



" မြစ် ၇၃ "

____________

၁၉၄၃ မှာမြစ်ဖျားခံပြီး
၁၉၅၈ မှာစတင်စီးဆင်းတယ်။

မြစ်ကွေ့မှာအသက်က
တစ်နှစ်ပြီးတစ်နှစ်ကမ်းပါးပဲ့တယ်
မြစ်ကွေ့ကြောင့်ကဗျာတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်မြေနုထွန်းတယ်။

ဒီနေ့အထိ
မြစ်ရဲ့သဘောအရ
ဆက်လက်စီးဆင်းနေဆဲပဲ။         ။

လွင်နောင်နောင်


''June 1 2016 မှာ (၇၃)နှစ်ပြည့်တဲ့
ဆရာမောင်နီမွန်မွေးနေ့သို့်''
်

ရန်​သူ - လင်းရီ​ဝေ



ရ န်​ သူ 

__________________

စိတ်သွားတိုင်း ကိုယ်ပါရအောင်
ကိုယ်သွားတိုင်းရော စိတ်ပါလို့လား။

မင်းဟာ ရန်သူ
ပန်ကာရှေ့ ဆေးလိပ်သောက်ရင်း
မျက်လုံးထဲ ပြာဝင်သလို
မှောင်ပြီဆိုတာနဲ့ ခြုံခိုချင်တော့တာပဲ။

အလင်းမှာကျ လက်သည်းဝှက်ထားတဲ့ ကြောင်လို
ငါ့ကို ကြည့်မရတာနဲ့
မင်းကို မကြည့်ရတော့ဘူးလား
မင်းကို ကြည့်မရတာနဲ့
ငါ့ကို မကြည့်ချင်တော့ဘူးမလား
ငါ့ကို မကြည့်ချင်တော့တာနဲ့  မင်းကိုကြည့်မရဘူး။

အေး အဲ့ဒီလိုပဲ လုံးလည် ချာလည်
ဟုတ်တယ် ချာလည်​ပတ်ရမ်းနေတာ
မင်းနဲ့ငါ
ငါနဲ့မင်း
ဘတစ်ပြန် ကျားတစ်ပြန်
ငါချည်းခံရတော့ ဒီကဗျာ ငါရေးတယ်။

မင်းဖတ်မိရင် ရယ်မှာပဲ
သိသိကြီးနဲ့
မသိသလို
မင်းကို စိတ်မကုန်နိုင်သေးတဲ့
ငါ့ကိုယ်ငါ စိတ်ကုန်လှပြီ ။    ။

လင်းရီဝေ

Saturday, May 28, 2016

သေပန်းပွင့်​​နေတဲ့ ကဗျာ - တမျိုးနီ



သေပန်းပွင့်နေတဲ့ကဗျာ

။။။။။။။။။။။။။။။။။။။။။။။။။။

မသေခင်ပုပ်နေတဲ့ ကောင်တွေထက်စာရင်
သေပန်းပွင့်နေတဲ့ကဗျာက လှတယ်။
ပေါ့ပေါ့ပါးပါးပဲ ကိုယ်ဖော့ထားတယ်
အကုသိုလ်ကို အချဉ်သိပ် ခေါင်းထဲထည့်ထားတဲ့
ဦးနှောက်တွေ
အရောင်ပြ လှပနေလို့
ငါတို့ သေပန်းပွင့်နေရတာ ကောင်းတယ်။      ။

တမျိုးနီ

အိ မ်​ - သားထက်​​ဆွေ



အိမ်


ဆောက်ခဲ့ကြပါတယ်
အိမ်   ဆိုပြီးတော့ ။

ဆင်းတုတော်ပူဇော်တယ်
ဘုရားခန်းမပါဘူး ။

ဧည့်ခံစာရိတ်တွေ သုံးတယ်
ဧည့်ခန်း မပါဘူး ။

မီးဖိုချောင်သုံး ပစ္စည်းတွေဝယ်တယ်
မီးဖိုချောင်သုံး တွေမဝယ်ဘူး
ထမင်းစားအသုံးအဆောင်တွေ နေရာ မချဘူး ။

အိပ်ရာ ခမ်းနား စာရင်းတင်တယ်
အိပ်ခန်း မတွေ့ ရဘူး ။

ဆိုင်ရာ ဆိုင်ရာ စာရင်းတွေရှိတယ်
စာကြည့်ခန်း  စတိုခန်း ရေအိမ် ရေချိုးခန်း
မပါဘူး
ဘာ  မှ  မ ပါ  ဘူး  ။

ကြည့်လိုက်တော့
မြင်နေ ရတယ် ။

ခြံစည်းရိုး မပါဘူး ။

ဆောက်ခဲ့ ကြပါတယ်
အိမ့့် 
ဆိုပြီးတော့  ။       ။

သားထက်ဆွေ

Tuesday, May 24, 2016

စွန်​ - အ နီ



စွန်

_________

အကြောင်းပြချက်မရှိဘူး။
စွန်ကလေးတစ်ကောင်ဟာ
စွန်ကလေးတစ်ကောင်ဖြစ်ကြောင်းပြသဖို့
ဟိုးအဝေးကြီးကိုပျံသန်းပြရတယ်။
ကြိုးစကိုလွှတ်ချပြရတယ်။
သစ်ပင်ချွန်ချွန်
 ခေါင်းမိုးချွန်ချွန်တွေပေါ်ဖြတ်သန်းပြရတယ်။
မျက်နှာဟာစုတ်ပြတ်သတ်။

ပြောပေါ့
သိပ်ဘဝင်မြင့်တာပဲလို့။
ပြောပေါ့
သိပ်တစ်ကိုယ်ကောင်းဆန်တာပဲလို့။
ပြောပေါ့
သိပ်လျစ်လျူရှုနိုင်တာပဲလို့။
ပြောပေါ့
ပြောချင်တာပြောပေါ့။

သတင်းပတ်တွေကြည်လင်လာတဲ့အခါ
စွန်လွှတ်သူဟာ
အေးဆေးစွာဆေးလိပ်ထိုင်ဖွာ။
စွန်ကလေးကတော့ဘယ်ဆီမှာ။ ။

အနီ

ဖရိုဖရဲပြုတ်ကျနေသော ရက်များ တဖွဲဖွဲ - သိင်္ဂါလှိုင်

ဖရိုဖရဲပြုတ်ကျနေသော ရက်များ တဖွဲဖွဲ

___________________________

တံခါးခေါက်သံ မကြားရဘူး ကြည့်လိုက်တော့ ဧည့်ခန်းမှာ အဖော်ပေါင်းတွေနဲ့ ညအိပ် ညနေ ပျော်ရွှင်စွာနေမယ့် ပုံပဲ ဒုက္ခက ပြုံးပြုံးကြီး ကြည့်နေတယ်။  အရိပ်တစ်ခုလို ရွာချ ကိုယ်သွားရာ အပ်ကျမတ်ကျ လိုက်လို့ သူပြုံးလေ ကိုယ်မဲ့ရလေနဲ့ သူနဲ့ ကိုယ်ကြား ပုံရိပ်စစ် ဖြစ်ထွန်းတယ်။  စေတနာနဲ့ အသားဓါတ်ရအောင်  ခုန်ချအသက်ပေးသွားတဲ့ လ္ဘက်ရည်ခွက်ထဲက ယင်ကောင်တစ်ကောင်ရဲ့ စေတနာမျိုးနဲ့ သူပျော်နေသမျှ အေးချမ်းခြင်းမဲ့လို့ အပူတွေနဲ့ ပျော်ကျနေရတဲ့ ချိုချဉ်တစ်လုံးပေါ့။  အသားလဲ မလိုပါဘူး အရိုးလဲ မတောင်းပါဘူး။  ကိုယ်စိုက်လို့ ကိုယ်ရိတ်သိမ်းရတယ်ဆိုတာပြောတယ် အခုတော့ အလေ့ကျလာပေါက်နေတဲ့ အိမ်ဘေးက ဗာဒံပင်ကို ဓါတ်ကြိုးနဲ့ မလွတ်တိုင်း  ကိုယ်က တက်တက်ခုတ်ပေးနေရတယ်။

သိင်္ဂါ လှိုင်

Monday, May 23, 2016

သင်​ခန်းစာ - လွင်​​နောင်​​နောင်



📝 သင်ခန်းစာ 📝

_______________________

ကြိမ်လုံးကြောက်လို့ ငါငယ်ငယ်က စာရခဲ့
ကြိမ်လုံးကြောက်ပြီး ငါငယ်ငယ်က စာမေ့ခဲ့
ငါတို့ခေတ်မှာ ကြိမ်လုံးဟာ ချစ်ကြောက်ရိုသေစရာဖြစ်ခဲ့
ဘဝရဲ့စာသင်ခန်းတွေကတဆင့်
ဘဝရဲ့လမ်းမတွေပေါ်ငါရောက်ခဲ့တော့
ငါ့ရှေ့မှာ လောကဓံကြိမ်လုံးတွေအခန့်သား
ငါကြောက်လန့်
ငါရုန်းကန်
ငါမပြန်ချင်သောနှစ်များဆီမှာ
ငါစာမေ့ခဲ့သော
ငါစာရခဲ့သော
ငါမလိုချင်ခဲ့သော
ကြိမ်လုံးများ … ။          ။

လွင်နောင်နောင်