Wednesday, July 15, 2015

မန္တလေး တစ်ညနေ ၊ မင်းညွန့်လှိုင်


မန္တလေးတစ်ညနေ


တိမ်ဖြူထွေးထွေး မဆန့်မပြဲနဲ့
အက်ကွဲမတတ် ကောင်းကင်အောက်မှာ။

တစ်လမ်းလုံး
ပေါင်တံဖွေးဖွေး လူးလားလှုပ်ခတ် ၏။

ဆက်တင်အဟောင်းနဲ့ ဇာတ်ကောင်အသစ်
ယိမ်းနွဲ့တဲ့လှိုင်း။

နာရီစင်လေး
ခေါင်းငုံ့ ငြိမ်သက် ရှုမှတ် ပွားများ။

အို.. မန္တလေး
ရတနာပုမ်မန္တလေး
ကျနော်တို့ ရွှေမန္တလေး
သွေးခုန်နှုန်းအသစ်နဲ့
နေကောင်းထိုင်သာရှိပါစ။    

                         မင်းညွန့်လှိုင်



ေ ပြာ ဇာ တ် - ၄ - ရန်လင်းအောင်


ေ ပြာ ဇာ တ် - ၎


ရှင်လူအများရဲ့
မျက်လုံးထဲဝင်နေတဲ့ အမှိုက်သရိုက်လို
ထမင်းထဲပါလာတဲ့ ကျောက်စရစ်ခဲလို
ဖနောင့်ထဲစူးဝင်နေတဲ့ ဆူးငြောင့်လို
ရှင်ဒေဝဒတ်ရဲ့အတိတ်ဇာတ်ရုပ်ဟာ
ကြံကြိတ်စက်နဲ့ကြံညှစ်သလို
လူထုကိုဗိုလ်ကျစိုးမိုးတဲ့ မဟာပိင်္ဂလမင်းဆိုပဲ ၊

ဒီမင်းယုတ်ကြီးသေတော့
တပြည်လုံခြိမ့်ခြိမ့်သဲပျော်ပွဲဆင်နေသလောက်
တံခါးမှူးကြီးက ကျူကျူပါအောင် ငိုရှာသတဲ့ ၊

ဒါနဲ့ ဘုရားလောင်းမင်းသား အမေးမှာ သူဖြေတယ် ၊
ဒီ မင်းစုတ်မင်းပြတ် သေလို့ငိုတာမဟုတ်
နန်းတော်ပြာဿဒ် အဆင်းအတက်တိုင်းမှာ ရှစ်ချက် ရှစ်ချက် သူ့ဦးခေါင်းကို
တူနဲ့ထုသလို ထုရိုက်နှိပ်စက်တတ်တဲ့ ဒီဘုရင်
ငရဲရောက်လို့ ငရဲသားတွေကိုပါ
ဦးခေါင်းလိုက်ထုနေမှဖြင့်
အတော်နှိပ်စက်တဲ့ ဒီဘုရင်
ငရဲထိန်းကတောင် ကြောက်ကန်ကန်
ဒီနန်းတော်ထဲ ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့
ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့ ။ ။
     
                                    ရန်လင်းအောင်
                        ဒုကနိပါတ် ၊ ဥပါဟနဝဂ် ၊
                          မဟာပိင်္ဂလဇာတ်တော်
                                 ကိုမှီးသည် ။

Monday, July 13, 2015

သ မို င်း - ခ က် ဦး


သ မို င်း

.…………

ညင်သာချက်က
ချိုးကွေ့ရင်တောင်
အသံတချက်မထွက်ဘူး

ပြုတ်ကျလာမယ့်
အညှာလွယ်မိုးကြိုးများ
အပူအပုပ်များများစဉ်းလဲသူဆို
လူမရွေးဘူး ။  
       
                               ခက်ဦး  
                         ၁၂ . ၇ . ၂၀၁၅

Friday, July 10, 2015

သတင်းစာနဲ့တောကဗျာဆရာ ၊ မောင်နီမွန်


သတင်းစာနဲ့တောကဗျာဆရာ

___________________

သာရေးဖြစ်စေ နာရေးဖြစ်စေ
ဗိုလ်တထောင် မဖတ်ချင်ဘူး
ငါတို့နဲ့တသားတည်းကျ
လူထု ကိုပဲလွမ်းတယ် ။

မောင်နီမွန်
၁၀ . ၇ . ၂၀၁၅

Thursday, July 9, 2015

ပ န်း သ ည် ။ မင်းညွန့်လှိုင်

ပ န်း သ ည်

_________

ဇွန်ပန်းယူဦးမလား  ဇွန်ပန်း …

ဇွန်ပန်းယူဦးမလား  ဇွန်ပန်း …

ဝယ်ဝယ်မဝယ်ဝယ်
အာကာသငယ်တစ်ခု
သူ့ရနံ့နဲ့မွှေးစေတယ် ။          ။

မင်းညွန့်လှိုင်

Wednesday, July 8, 2015

ငိုတဲ့လ ။ ခက်ဦး


ငိုတဲ့လ


အာဏာနဲ့ညို့တဲ့
စိတ်မုတ်သုန်တွေမုန်ယိုခြင်းမှာ
ကျည်ဆန်တွေအဆင်ခြင်မဲ့မဲ့
ပြန့်ကျဲပေါက်ကွဲသွားတော့တယ်

မီးကုန်ယမ်းကုန်စွန့်သွားကြ
အာဇာနည်များ . . . . ,

ငါတို့အားလုံး
အကုန်စွန့်လိုက်ရတယ်

အဲဒီ့လ ဂျူလိုင်ဟာ
အဲဒီ့တိမ်တွေညိုလို့ .....
ရွှဲရွှဲနစ်သိမ့်သိမ့်စို
နှစ်တိုင်းနင့်အောင် ငိုရတယ် ။

ခက်ဦး
၅ . ၇ . ၂၀၁၅

Tuesday, July 7, 2015

လက်ပုပ်ကြီး ။ မင်းညွန့်လှိုင်


လက်ပုပ်ကြီး


အိပ်မက်ထဲအထိ
သွေးညှီနံ့စွဲနေတဲ့လက်တွေ
သန်းခေါင်ထက်တောင်မှောင်တဲ့လက်တွေ ။
လက်နက်အားကိုး
လက်ကိုင်တုတ်တွေ
လက်ဆုပ်မဖြေကြသေးပါလား ။
ကြွက်ချေးလိုလိုလက်တစ်ဆုပ်စာ
ငါးပုပ်လိုလိုလက်တစ်ဆုပ်စာ
စိတ်ပါလက်ပါကိုယ်ထိလက်ရောက်
မျက်လှည့်လက်လှည့်လက်ခမောင်းခတ်
လက်ခုပ်လက်ဝါးတီးလို့ပေါ့ ။
လက်သမိုင်းမှာ
အရိုင်းကမ္ဘာထဲကခွဲထွက်လာတဲ့လက်
ယဉ်ကျေးမှုကိုပြုစုလာတဲ့လက်
သစ္စာတရားကိုဖြန့်ကြဲလာတဲ့လက်
လက်နဲ့ရေးတဲ့ကောင်းခြင်းအဖြာဖြာ
သင်းတို့လက်ထက်ရာက်ကာမှ
ခြေနဲ့ဖျက်ကြပါရောလား ။
အုန်းသီးပေါက်ထဲလက်နှိုက်
လက်အံသေပစေ
လက်ဆုပ်မဖြေတဲ့မျောက်
အသက်ပျောက်ရသလိုမျိုး
အဓမ္မအလွန်တစ်ဘူတာ
နောက်စာမျက်နှာကနာရေးသတင်း
တစ်ချက်ကလေးမှလှန်လှောမကြည့်နိုင်ရှာ
ကရုဏာတရားနဲ့မထိုက်တန်တဲ့
အစိမ်းပုတ်ရောင်လက်ချောင်းများ ။         ။

မင်းညွန့်လှိုင်