Tuesday, July 28, 2015

လူကြီးမင်း သို့ /. . . မင်းညွန့်လှိုင်


လူကြီးမင်း သို့


ဟေ့လူကြီး
ငိုက်မြည်းလို့ကောင်းတုန်းလား။

ဒီမယ်
အသွေးအသား
ဆီဦးထောပတ်စားပြီး
စည်းစိမ်တော်ယစ်မူးလို့
ပုပ်အဲ့အဲ့အသက်ဓာတ်နဲ့
ခင်ဗျားတို့
အိပ်ငိုက်မနေကြလေနဲ့။

ကမ္ဘာမြေတဖက်စောင်းနင်းဖြစ်မှုမှာ
ခင်ဗျားတို့ပယောဂမကင်းဘူး
ငြင်းမလား။

ခင်ဗျားတို့အမည်စာရင်းက
မြေလွှာကိုဖောက်
ငရဲပြည်ထိရောက်နေပြီ။

ကျုပ်တို့
ဂျွန်လင်နွန်ကို ချစ်တယ်
လူကြီးမဟုတ်လို့။

ကျုပ်တို့ကြိုက်တဲ့ဂီတ
ခင်ဗျားတို့မကြိုက်တာ
ကျေးဇူးပါဗျာ။

ခင်ဗျားတို့ထုတ်လုပ်တဲ့
မိုးချုန်းသံက
ကျုပ်တို့အဖို့
အကြောလျှော့စရာ
အကောင်းဆုံးပြက်လုံးပဲ။

ကျုပ်တို့ရဲ့ဆံပင်ဟာ
ကျုပ်တို့ရဲ့အလံတော် ။

ကျုပ်တို့ဆံပင်တွေရိတ်သိမ်းဖို့
ဘယ်တော့မှမကြိုးစားလေနဲ့ ။

ကျုပ်တို့အိပ်မက်တွေ ခုတ်ထစ်ဖို့
ဘယ်တော့မှမကြိုးစားလေနဲ့ ။

ကျုပ်တို့ရင်ဘတ်မှာ
ထိုးထားတဲ့ဆေးမှင်ကြောင်က
ဘယ်တော့မှမသေတဲ့
ချေဂွေဗားရား။

ကျုပ်တို့ရဲ့အသံတော်ဟာ
အင်တာနေရှင်နယ်သီချင်း ။

ကျုပ်တို့ဟာ သန်းပေါင်းများစွာ
ကျုပ်တို့ဟာ ကမ္ဘာကြီး။

ခင်ဗျားတို့
ဓားတွေလည်း ကျိုးခဲ့ပြီးပြီ
ခင်ဗျားတို့
လှံတွေလည်းခွေခဲ့ပြီးပြီ
တနေ့
ကျည်ဆန်တွေလည်း ပန်းအိုးဖြစ်ရမယ်။

ကျုပ်တို့
နွေဦးပေါက်မှာ
ကောက်ရိတ်ပွဲတော် ဆင်နွှဲနိုင်ရမယ်  ။        ။

                                            မင်းညွန့်လှိုင်






မင်းညွန့်လှို

Saturday, July 25, 2015

ငါတို့ခေတ်ထဲ ရေတွေကြီးလို့ ၊ မောင်သော်တာ


ငါတို့ခေတ်ထဲရေတွေကြီးလို့

____________________
သူငယ်ချင်း မင်း ပျော်ရဲ့လား
ဒီဂျေပွတ်သံထဲမှာအကုန်လန်ထွက်နေပြီ/မင်းကြည့်လိုက်
မီးရောင်ပြာလဲ့လဲ့ဟုန်းဟုန်းထ
သူ့ကိုငါမသိ/ငါ့ကိုသူမသိလည်းညှိလို့ရရင်ငြိလို့ရတယ်/မင်းကြည့်လိုက်
ဖိုးလမင်းကိုအောင်သွယ်ခိုင်းခဲ့ရတာလွမ်းစရာ
မအိပ်သေးတဲ့ဟန်းဆက်တွေlineပေါ်မှာလိုင်းဆန်ဆန်/မင်းကြည့်လိုက်
အသံထဲမှာသံဝါသပြုလို့/အဝေးကလှမ်းကလိ'နေတဲ့အရေပြားတွေ/မင်းကြည့်လိုက်
တခါက'အဝေးပြေးကားဆရာတွေရဲ့ဟာသလို"လမ်း/လိုင်း ပေါ်မှာလင်ယူသားမွေးကလေးတစ်ဒါဇင်ပါမောင်
တကယ်ဆို
မီးနဲ့ရေ ပြုပြင်ခဲ့တဲ့ကမ္ဘာကြီး
တညီးညီးတသွင်သွင်တောက်လောက်စီးဆင်းနေဆဲပဲ
မင်း
ပျော်မှာပါ
ဒီဂျေခေတ်ကြီးထဲ ဒီမီးတွေ
ဒီဂျေခေတ်ကြီးထဲ ဒီရေတွေ
မင်းကြည့်လိုက် သူငယ်ချင်း
လန်းထွက်နေတဲ့အဝတ်အစားတွေ/ဖက်ရှင်တွေ/စိတ်ဓာတ်တွေထဲညပ်ပါသွားတဲ့ခေတ်ကြီး
တံတားတွေမိုင်းနဲ့မချိုးဘဲအစင်းစင်းကျိုးလို့ရတယ်
လေယာဉ်ပြေးလမ်းတွေချော်ထွက်သွားသလိုအမြန်နှုန်းနဲ့ပြေးဆောင့်လို့ရတယ်
စကားအသုံးနဲ့ပြောရရင်
အားလုံး/ဆရာကြီးတွေပဲ
အထာနဲ့သမ္ဘာနဲ့တဏှာနဲ့
ဆာနေတဲ့လျှာကြီးနဲ့lineကိုမဆန့်မပြဲဆွဲဖြဲနေတယ်/မင်း/ကြည့်/လိုက်
မင်းအတွက်ဒီခေတ်ကြီးထဲပုန်းစရာရှာလို့တွေ့မလား
ပြေးစရာလမ်း'တော့မရှိဘူးသူငယ်ချင်း
စိတ်ချပါ
ရဲတွေ
ွနောက်ကျမှရောက်လာလိမ့်မယ်
____________________
မောင်သော်တာ

ပြောဇာတ် ၅ ၊ ရန်လင်းအောင်


ပြောဇာတ် ၅

________________________
ဘယ်ရပ်ဘယ်ရွာရောက်ရောက်
သူ့ဝန်တင်မြည်းကိုခြင်္သေ့အရေခြုံပေးပြီး
နီးရာလယ်စိုက်ခင်းထဲလွှတ်ကျောင်းထားတတ်တဲ့
ကုန်သည်တယောက်ဟာ ……
သူလည်း အထာကျ သူ့မြည်းလည်း အစာဝ
ခြသေ့င်္ထင်ပြီး လယ်သမားတွေအနားမကပ်ရဲလို့
အရေခြုံနဲ့ ဟန်ကျနေတာ ကြာပေါ့ ။

ဒီလို လုပ်စားရင်းနဲ့
ရွာတရွာအရောက်မှာ လယ်စောင့်တွေက
အရေခြုံမှန်းမသိ ခြင်္သေ့ထင်ပြီး ကြောက်ကြောက်နဲ့
ရွာပြန်ပြေး လူစု လက်နက်စု
ညာသံပေးဝိုင်းလိုက်ကြတော့
လန့်ဖျန့်ပြီးအော်ပြေးလိုက်တာ
ဘာအရေခြုံခြုံ မူမှမမှန်ဘဲ
မြည်းက မြည်းသံပဲထွက်တာပေါ့  ။

အရေခြုံလည်းကျွတ်ကျ
မြည်းသံလည်း ကြားရတော့
ဘာပြောကောင်းမလဲ လယ်သမားတွေ
အသေဝိုင်းရိုက်လိုက်ကြတာ
ခြင်္သေ့အရေခြုံနဲ့ လယ်စိုက်ခင်းတွေထဲ
မသဒ္ဓါရေစာအချောင်ခိုးစားခဲ့တဲ့မြည်း
ဒီတချီတော့ ပွဲချင်းပြီးပဲ ။ ။

                               ရန်လင်းအောင်
                                 ၁၇ ၇ ၂၀၁၅
                     ဒုကနိပါတ် ၊ အသဒိသဝဂ်
                       သီဟစမ္မဇာတ်တော်ကို
                                 မှီးသည် ။

ခေါင်းစဉ်လဲမရတဲ့ ပုံပြင် ၊ ခက်ဦး


ခေါင်းစဉ်လဲမရတဲ့ပုံပြင်

_______________
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
ပွတ်သီးပွတ်သပ်ချော့ပြောတယ်
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
ခြိမ်းချောက်သံနဲ့ခြေကြိတ်နင်းသတိပေးတယ်
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
မဖတ်ကြလေသူ တော်တော်များများကို
တအားလွှဲလွှဲ ရိုက်တော့တာပဲ
သိပ်မကြာပါဘူး
အလှကြည့်ခံငါးလို နေချင်တဲ့သတ္တဝါတွေ
အို.... ဤ ဖြစ်ဖြစ် ကျွဲဖြစ်ဖြစ်
အလျင်းသင့်သလိုပြောင်းဖတ်ပေးလိုက်မယ်
ဖြစ်သွားပါလေရော
သိပ်မကြာပါဘူး
လူကြီးလူကောင်းဆိုသူများ
ကျွဲပြောင်းဖတ်လို့ဘာဖြစ်သွားတာလိုက်လို့ကွာ
ဖြစ်သွားပါလေရော
တချိန်ထဲမှာပဲ
ပညာတတ်ယောင်ယောင်လူတချို့ဆီက
သမိုင်းအထောက်အထားများအရ
ဤကိုကျွဲဟုပြောင်းဖတ်ခြင်းသည်
တင့်တယ်ကောင်းမွန်ကြောင်းတွေ့ရှိရဆိုတဲ့
သဘောထားလေးကြားရတယ်လို့
ဖြစ်သွားပါလေရော
ဤဟာဤ ကျွဲဟာကျွဲကွ
ဤဟာဤ ကျွဲဟာကျွဲကွ
အံကြိတ် အော်တယ်
ပြတ်ပြတ်သားသား အော်တယ်
အဲ့အသံတွေပိုပိုကျယ်လာတဲ့နောက်
တုတ်တွေလက်တွေဓားတွေလည်း
မြည်သံစွဲ ရုန်းရင်းဆန်ခတ်
ဖြစ်သွားပါလေရော
ဤနဲ့ကျွဲ မခွဲနိုင်အောင်မိုက်မဲပါသဖြင့်
သင်ကြားပြုပြင်ပေးရန် ယာယီထိန်းသိမ်းလိုက်ပါသည်... တဲ့
ဖြစ်သွားပါလေရော
ယာယီဟာ
ကမ္ဘာချီမတတ်ကြာတော့မလိုလို
ဖြစ်သွားပါလေရောလားဗျာ ။
ခက်ဦး
၂၂ . ၇ . ၂၀၁၅

အလွမ်း ၊ မင်းညွန့်လှိုင်


အလွမ်း

မိုးကာအင်္ကျီလေးထုတ်ဝတ်တော့
သူ့မေတ္တာက
ကိုယ့်ကိုလွှမ်းခြုံလာတယ် ။
သူလျှောက်မယ့်လမ်းမှာ
မိုးလေကင်းလွတ်ပါရဲ့လား
ကိုယ့်မေတ္တာ
ထီးလိုမိုးနိုင်ပါစေသား ။      ။

မင်းညွန့်လှိုင်

Sunday, July 19, 2015

၆၈ နှစ်မြောက် အာဇာနည်နေ့ ၊ တောင်ငူမြို့

၆၈ နှစ်မြောက် အာဇာနည်နေ့ ၊ တောင်ငူမြို့

အာဇာနည်ကျောက်တိုင် နှင့်
လွမ်းသူပန်းခွေ များ ………
၆၈ နှစ်မြောက် အာဇာနည်နေ့ ။ တောင်ငူမြို့မြင်ကွင်း

Saturday, July 18, 2015

မသေမြစ် ၊ မင်းညွန့်လှိုင်






မသေမြစ်

အာဇာနည်သွေးဆိုတာ
အေးခဲတယ်မရှိ။

ရာဇ၀င်မြောက်
ရဲရဲတောက် ရင်ခုန်သံနဲ့
နီမောင်းတဲ့ဦးခေါင်းတွေ
သတ်လို့လည်းမသေ
မြှုပ်ပေမယ့်မမြုပ်ပဲ
(ကျုပ်တို့ရဲ့ . . .)
လူထုရင်ထဲအမြဲရှိ     ။             ။

                                   မင်းညွန့်လှိုင်
                               (၁၉-ဇူလိုင်၊ ၂၀၁၂)