Thursday, January 14, 2016

ဖတ်သူ ၊ ရန်လင်းအောင်


ဖတ်သူ

အတောင်ပံပဲ
ပုံနှိပ်စာလုံးမှမဟုတ်တာ
အရေပြားနောက်လိုက်ကို
နှစ်ခါပြန် ဘယ်ကြည့်မလဲ ။

အက္ခရာပလိန်း တစ်ခွက်ပြီးတစ်ခွက်
ချောင်းဆိုးရင်ကြပ်ခဲ့ ။

ကိုယ့်စကားကိုယ်ပြောတဲ့နာမည်ပဲ
မွေးစာရင်းထဲ ရောက်ပါတယ် ။       ။

                           ရန်လင်းအောင်
                             ၁၄ ၁ ၂၀၁၆


Tuesday, January 12, 2016

ဇာ တ် လို က် ။ မင်းညွန့်လှိုင်



ဇာ တ် လို က်

______________

ဘယ်သူတွေ
တယောထိုးချင်လို့လဲ  ၊

မီးသတ်ကားတွေ
အရူးမီးဝိုင်း ။

အမှိုက်လေအမှိုက်
လက်ပတ်နဲ့
လက်မှတ်နဲ့ ။

အမှိုက်လေအမှိုက်
ပြဿဒ်လောင်မယ့်အမှိုက်
ရွှေဖြစ်ငွေဖြစ်အမှိုက် ။

အမှိုက်လေအမှိုက်
ကောက်မယ့်လက်နဲ့
တောက်မယ့်မီးနဲ့ ။

အမှိုက်လေအမှိုက်
ပင့်လေစီးလို့
လင်ပျောက်ရှာလို့
ပြုံးတငွေ့ငွေ့
လေကို ရေးလို့ ။         ။

                  မင်းညွန့်လှိုင်

Monday, January 11, 2016

ငါ့ အစ်ကိုဟာ လေထဲမှာ နှောင်ဖွဲ့ခံထားရပေါ့  …



ငါ့အစ်ကိုဟာ လေထဲမှာ  ………

                             နှောင်ဖွဲ့ခံထားရပေါ့

_______________________________________
ငါ့အစ်ကိုဟာ ပင့်ကူ
ငါ့အစ်ကို ပင့်ကူဟာ
အမျှင် အတန်း ထူတယ် ။
မအောင်မြင်ခြင်း လွယ်အိတ်တစ်လုံးနဲ့
မင်းဘယ်တော့မှ မရောက်မဲ့လမ်းပေါ် လျှောက်ခဲ့တာပဲ ။
မင်းရောက်ရာအရပ်က
မင်းမရောက်ဖြစ်တဲ့အရပ်ကို မင်းအမျှင်တွေ တန်းနေဦးမှာ ။
မင်းမိသားစု အခုငါရောက်နေတဲ့ မင်းနေရာ
ငါထိုင်နေတဲ့ မင်းကုလားထိုင်
အမေ့သားက 'ဆရာကြီး' လို့ မင်းမူးလာတဲ့အခါ
မင်းရွတ်တတ်တဲ့ ကဗျာ
ငါ့ 'မိသားစု' ကို ဖတ်ပြီး 'မင်းကဗျာလောက်တောင် မကောင်းဘူး… ဒီမှာ'
အဲ့ဒီမှာ… တစ်ခါပဲ မင်းအမျှင်တွေ ဒေါနမောနဲ့…
ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်
ဘယ်မှ ပါပါ မပါပါ
မင်းကြိုက်တာနဲ့တင် ငါကဗျာဆရာပဲ ။
မင်းဖြစ်ချင်သလို ငါ့လည်းဖြစ်စေချင်တာ
မင်းသွားတဲ့လမ်းပေါ် ငါ့လည်းလျှောက်စေချင်တာ
မင်းမရောက်ဖြစ်တဲ့အရပ်ကို ငါ့လည်းရောက်စေချင်တာ
မဂ္ဂဇင်းတစ်အုပ် ငါ့ရှေ့ 'ဘုတ်ကနဲ' ပစ်ချ 'ရော့… ဒီမှာ မင်းကဗျာ'
ငါ့အစ်ကိုဟာ ရုပ်တည်ကြီးနဲ့
မင်းရုပ်တည်တည်ကြီးက မင်းပြုံးဖြီးဖြီးကြီးကို မဖုံးဖိထားနိုင်တဲ့ မင်းအမျှင်တွေ
ငါ အမျှဝေတယ် ငါ့အစ်ကို
ညီလေးလည်း သူ့ဘဝနဲ့သူပဲ
ညီမလေးလည်း နေကောင်းပါတယ်
ငါလည်း ကဗျာရေးနေတယ်
အမေနဲ့အဖေကြီးကတော့ ကျန်းခန့်သာလျှက်
မင်းကိုသတိရတဲ့စိတ် ကြိတ်ကြိတ်ဖြေရုံကလွဲရင်ပေါ့ ။
ငါ့အစ်ကိုပြောတဲ့ 'ငါ့မြို့ အုတ်တွင်း' လည်း
မင်းမရှိကတည်းက ဆိုပေမယ့်
မင်းရှိကတည်းက လိုပါပဲ
အဖြစ်အပျက်ဇာတ်ကြောင်းအစုံဆို
ငါ့မျက်လုံးထဲ ဖုန်သိပ်ဝင်တယ် ငါ့အစ်ကို ။
ဒီလိုပါပဲ… ဒီလို လိုနေတာ
မင်းထွက်သွားတဲ့အခါ
ဘယ်တော့မှ ပြန်မလာတော့တဲ့ ဦးထုပ်တစ်လုံးလို
ဘယ်လိုမှ ပြန်ဖတ်မရတော့တဲ့ ကဗျာတစ်ပုဒ်လို
ကောင်းကင်မတင် မြေမကျ
လမ်းခုလတ်က မှီတွယ်ရာအလွမ်းအဆွေးတွေနဲ့သာ
ငါ့အစ်ကိုဟာ ပင့်ကူ
ငါ့အစ်ကို ပင့်ကူဟာ လေထဲမှာနှောင်ဖွဲ့ခံထားရပေါ့ ။ ။

လင်းရီဝေ

သူ့ facebook မှက ကူးယူပါတယ်



Friday, January 8, 2016

ရထားဖြတ်သန်းချိန်ခဏ - မောင်သော်တာ



‪ရထားဖြတ်သန်းချိန်ခဏ‬

___________________________________

ရထားတစ်စင်းဖြတ်သန်းနေတဲ့အခါ
လမ်းဟာ ပြတ်တောက်ရပ်တန့်သွားတယ်
ကိုယ့်စိတ်နဲ့တစိမ်းဆန်တဲ့အကြောင်းအရာတွေရုတ်တရက်/ဒီလိုပဲ
ခဏခဏတွေ့ရ
စက္ကန့်မိနစ်တွေလိုမရပ်မနားပျံသန်းနေတဲ့တောင်ပံပါမလာဘူး
ရထားကို
ငါအလျှော့ပေးလိုက်ရတယ်
ဖြတ်တားထားတဲ့မောင်းတံနားမှာရပ်ပြီး
ရထားပြတင်းတွေကမြင်ရတဲ့မျက်နှာတွေကိုမှီသလောက်လိုက်ကြည့်
ငါမသိတဲ့မျက်နှာတွေ လူတွေ
ဘယ်ကိုသွားလို့
ဘယ်ကပြန်လာကြ/ ရတာလဲ
အပျော်တွေ
အပူတွေနဲ့ရထားဟာငါ့ရှေ့မှာလေးလံလွန်းနေသလား
ငါ့ဘေးမှာငါ့လိုရပ်စောင့်နေတဲ့
ဆိုင်ကယ်
၁စီး ၂စီး
ဟိုတစ်ဘက်ခြမ်းကမော်တော်ကားနဲ့ထီးဆောင်းထားတဲ့
မိန်းမ ၁ယောက် ၂ယောက်
ရပ်စောင့်နေရင်းရထားကိုငေး
အတွေးတွေကမရပ်ဘူး
တစ်ယောက်နဲ့တစ်ယောက်တွေ့နေမြင်နေလျှက်နဲ့အခေါ်အပြောမရှိ
ဒီအတိုင်း ကြည့်နေရတာ
ခံစားချက်အသေတွေကြောင့်မျက်နှာသေတွေဖြစ်လို့
ရပ်တန့်နေတဲ့လမ်းလည်း
လမ်းအသေ/အသေလမ်းတစ်ခုလို
ဘူတာတစ်ခုထွက်လာတဲ့ရထားဟာအရှိန်မရှိသေးဘူး
ဖြတ်သန်းနေတဲ့ရထားကိုရပ်စောင့်နေရတဲ့အခါ
စိတ်ကို
ခဏတော့တို့ထိကြည့်လိုက်ရတယ်
ဒါဟာ
စိတ်ကိုရှင်သန်အောင်မွေးမြူဖို့သင်ခန်းစာတစ်ခုပဲ။

မောင်သော်တာ

၈ဇန်နဝါရီ ၂၀၁၆


Tuesday, January 5, 2016

အခန်းဆက်ဇာတ်လမ်း ၊ မောင်သော်တာ



‪အခန်းဆက်ဇာတ်လမ်း‬

___________________________________
ဇာတ်လမ်းအစအဆုံး
ငိုသံ
ဒီသီချင်းတစ်ပုဒ်ထဲ
အချင်းကိုဖြတ်ပြီးရွှေလင်ပန်းထဲထည့်ထည့်
ဆန်ကောထဲအနှီးထုပ်လေးနဲ့သိပ်သိပ်
လေရှူလေမှုတ်ရှိနေတိုင်း
မုန်တိုင်းတလှည့်လေညင်းတလှည့်
ကျောတခင်းစာ
၆ပေကျင်းလေးကိုတောင်
တူးလိုက်ဖို့လိုက်ပြန်တူးလိုက်ပြန်ဖို့လိုက်ပါလေ
မနေ့ကသုဿန်တစပြင်
အခုကြည့်စမ်း
ရွှေဘုံနန်းထက် ကြငှန်းလည်းခံ
မတ်ပေါင်းရံလို့
ယူလို့ရသမျှလက်ကိုဆွဲဆန့်လိုက်တယ်
ပြီးတော့
သိမ်းထုပ်ပွေ့ပိုက်ထားသမျှခိုးသားလုယက်ထွက်ပြေးကြ
ငေးကြည့်ရုံကျန်နေရစ်တဲ့အခါ ကိုယ်တစ်ယောက်တည်း။

မောင်သော်တာ

Friday, January 1, 2016

ငါး - မင်းညွန့်လှိုင်



ငါး


လူ့ကမ္ဘာမှာ နှစ်သစ်ကူးပြီလား
ငါတို့ ဘဝသစ်ကူးနှင့်ပြီ ။

နေရောင်ခြည်ကိုမေးခွန်းထုတ်နေတဲ့
ပြူးကျယ်မျက်လုံးအသေများနဲ့ ။      ။

                                                   မင်းညွန့်လှိုင်

ဆောင်းဖြိုည ။ ခက်ဦး



ဆောင်းဖြိုည
________

ဝေဝါးမနေတာသိဖို့
ရွံ့ကြောက်မနေတာသက်သေထူဖို့
အော်ကြဟစ်ကြရွတ်ဆိုကြ
ဟိတ် ! မိစ္ဆာတွေ ရှေ့ဆက်မတိုးနဲ့  
ဟိတ် ! သားရဲတွေ ဘေးရှဲလိုက်ကြ
မီးကို ရဲနေအောင်ဆွထား
ထင်းစတွေ ရှေ့တိုးထိုင်ကြ
ပုခုံးဖက်လက်တွေမဖြုတ်သမျ
အနွေးဓာတ်မဆုတ်ဘူး
အလင်းမလျော့ဘူး      
ရင်ဆက်တံတား ပြုတ်မသွားဘူး
ကဗျာ မငြိမ်းစေရ
ကဗျာ့မီးတောက်တွေမငြိမ်းစေရ
နေခြည်စစ်စစ်မဖြာခင်
အမှောင်နဲ့အညစ်မကွာခင်
ဘယ်   တော့     မှ
ပွဲ        
မသိမ်းစေ              
ရ                         ။  ။

ခက်ဦး
၂၅ .၁၂ .၂၀၁၅

ရေနီ ၊ တောင်ဖီလာ ကဗျာရွတ်ပွဲ အမှတ်တရ