Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Thursday, February 18, 2016

စနေတစ်နေ့ ဆရာမြ နှင့် စာဖတ်သံများ - ခက်ဦး

ပန်းချီ - မျိုးမင်း

စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ

_________________________________________

                                     ခ က် ဦး


ဆရာမြသန်းတင့်ရဲ့ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့လိုက်ရသည် ဆရာမြသန်းတင့်ချစ်သူများဆိုတဲ့ ဂရုတစ်ခု ဆက်တွေ့ရပြန်သည် ။ လွန်ခဲ့သော ၁၈နှစ်ခန့်က မထင်မရှားရှိခဲ့သည့်ကျွန်တော့်ရဲ့ အတိတ်ကရက်စွဲတစ်ခု၊
စာမျက်နှာတရွက်____
ကျွန်တော့်ကိုဖတ်ရှုသွားခဲ့ဖူးသောစာမျက်နှာတရွက် ၊
 အခုကျွန်တော့်ကို ဖုန်မှုန့်ကလေးများခပ်ရွရွမှုတ်ထုတ်ပြီး ပြန်လည်လှန်လှော ဖတ်ရှုခံနေရသလို ခံစားလိုက်ရပြန်ပါသည် ။
လွန်ခဲ့သော ၁၈ နှစ်ခန့်က ရက်စွဲတစ်ခု၏ တနေ့သော စနေ တရက်တွင်ဖြစ်ပါသည် ။ ကျွန်တော်က ထိုနေ့တွင် တောင်ငူမြို့ ရေတာရှည်၊ ဇေယျဝတီ၊ ကြံလုပ်ငန်း ရုံးတစ်ရုံးတွင် တယ်လီဖုန်းစောင့်ဝန်ထမ်းတစ်ဦးဘဝနှင့် ရုံးအချိန်ပိုဆင်းနေခဲ့ရပါသည် ၊ ထိုနေ့က ရုံးပိတ်ရက်အချိန်ပိုဆင်းရသူက ကျွန်တော်တစ်ယောက်ထဲသာဖြစ်သဖြင့် ရုံးတွင်အထက်အရာရှိလည်းတစ်ဦးတစ်ယောက်မျှရှိမနေ ဘဝတူဝန်ထမ်းများလည်းရုံးမတက်ကြရဘဲ ကျွန်တော်တစ်ယောက်ထဲသာ မြို့လယ်က အိမ်တစ်လုံး၏ အပေါ်ထပ်တစ်ခုကိုငှားဖွင့်ထားသော ရုံးခန်းကျဉ်းလေးတစ်ခုထက်ဝယ် တယ်လီဖုန်းတစ်လုံးနှင့် သကြားစက်နှစ်လုံးမှ ပေးပို့ရောက်ရှိလာသော ရုံးချုပ်သို့ပို့ရန်စာရင်းဇယားများ စောင့်ယူ တဆင့်ပေးပို့ဖို့ ရုံးစောင့်သာသာ တယ်လီဖုန်းစောင့်ဝန်ထမ်းငယ်လေးအဖြစ်တစ်ယောက်ထဲရှိနေခဲ့ဖူးချိန်လည်းဖြစ်ပါသည် ။

Saturday, February 13, 2016

ဗိုလ်ချုပ် ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညရှုခင်း

ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညမြင်ကွင်း ညရှုခင်း ၊ ၁၃. ၂ .၂၀၁၆









Friday, January 1, 2016

မင်္ဂလာနှစ်သစ် နူတ်ခွန်းဆက်


လေးကျွန်းမြေ ကဗျာဧည့်ခန်းထဲ ကဗျာချစ်စိတ်နဲ့
ဝင်ရောက်လည်ပတ်ဖတ်ရူသူ များနဲ့တကွ
ကမ ၻာသူ ကမ ၻာ သားမ်ားအားလံုး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ။

ကဗျာ " အား " ဖြင့်  
လေးကျွန်းမြေ ကဗျာ အင်အားစု





Monday, June 1, 2015

ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့်မွေးန့ အမှတ်တရ


ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေပွင့်တဲ့ နေ့ပဲ။
ညောင်ပင်ကြီးတစ်ပင်အောက်က
လဘက်ရည်ဆိုင်မှာ
မောင်နီမွန်ထိုင်တယ်
ကေတုဘုန်းမော် ထိုင်တယ်
ကျွန်တော်ထိုင်တယ်
ချိုပေါ့ ခေတ်ကြီးတစ်ခွက်ကို
မျှပြီးသောက်ခဲ့ကြတယ်။
ကြာခဲ့ပြီလား
မနေ့ တနေ့ကပဲ။
လရောင်တွေ
ဖွေးဖွေးလှုပ်နေတယ်
ပန်းတွေ
အဆုပ်လိုက် အခိုင်လိုက်ပွင့်တယ်
ဒါဟာ
ကေတုမတီမှာ
ကဗျာဆရာတွေ
လူထုကဗျာဆရာတွေ မွေးနေ့တိုင်းရဲ့
မဟာသင်္ကေတ တစ်ခုပဲ။
ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေ
ပွင့်ပြီးတိုင်း
ပွင့်နေလိမ့်ဦးမယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Sunday, May 31, 2015

ကဗျာဆရာ မောင်နီမွန် သို့ မွေးနေ့ ဆုမွန်

ကဗျာဆရာ မောင်နီမွန် နှင့်
ဇနီး


ကဗျာဆရာကြီးတွေက တောင်ငူလို့ပြောလိုက်ရင် မောင်နီမွန် ကြီးကော ကျန်းမာရဲ့လား လို့
တန်းမေးကြတာပါ ။
မြို့အမည်နာမရွတ်ပြရုံနဲ့ ယှဉ်တွဲသိရလောက်အောင် ကဗျာသမားတွေရဲ့အာရုံ စာရေးဆရာကြီးများရဲ့အာရုံထဲ ဝင်းခနဲ ဖြတ်ခနဲ တောက်စားသွားရလောက်အောင် အရှိန်အဝါက သူ့အပေါ်မှာ အလင်းဖြန့်နိုင်တာပါ ။
ဒီနေ့ သူ့ရဲ့မွေးနေ့ဖြစ်ပါတယ် ၊ ဘဝတလျှောက်လုံး ကိုယ့်ကိုယ်ကို အနီးကြည့်အဝေးကြည့် တကြည့်ကြည့်နဲ့ ခေတ်ပြိုင်ကဗျာဆရာကြီးစစ်စစ်တစ်ယောက်ဖြစ်အောင် သေသေချာချာ ထုဆစ် ထူထောင်ခဲ့တဲ့ သမိုင်းခေတ်တွေကို ကဗျာ့တာဝန်ကျေအောင်ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ကဗျာဆရာကြီး အသက်ရှည်ကျန်းမာ အာရုံပေါ့ပါး ဟဒယရွှင်လန်းစွာဖြင့် သူချစ်သောကဗျာများဖြင့် သက်ထက်ဆုံး ငြိမ်းအေးစွာ ဘဝခရီးကို ချစ်သော သားသမီး မြေးများဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ် ။

                               ခက်ဦး

ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ

ကဗျာဆရာ  မောင်နီမွန်


ကဗျာဆရာ မောင်နီမွန်
၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ

"လွန်ခဲ့တဲ့ ၂၂ နှစ်က မင်းကြီးညို ရပ်ကွက်လေးတနေရာမှာ ( ၅၀)ပြည့်မွေးနေ့ပွဲလေး
တခုမွေးနေ့ရှင်ကလုပ်ပေးပါတယ်။ကျ နော်တို့
ကဗျာရေးသူတွေ စု ပြီးဝိုင်းကြ ဖွဲ့ကြပေါ့၊အဲဒီနေ့မှာ
မွေးနေ့ရှင် ကဗျာဆရာ ကွမ်းစစားတာမှတ်မိနေတယ်။အရက်လည်း တခွက်သောက်သေးတယ်လို့မှတ်မိနေ၊၁၉၉၃။
ဒီနေ့ အသက် ( ၇၂ )နှစ် ပြည့်မှသည် နောင်လာမည့် နှစ်တွေများများ၊ အသက်ကိုပွားလို့
ကျ န်းမာ ပကတိ၊ချ မ်းသာစွာ ရှိနေ နိုင်ပါစေကြောင်း"
( ဆရာ မောင်နီမွန် မွေးနေ့အမှတ်တရ)

                                     အောင်လွန်းမြိုင်
နောက်တန်း : ပန်းချီ ကိုချမ်းအေး ။ ဒဿနေမင်း ။ မောင်နီမွန် ။ ရန်လင်းအောင် ။ ကိုသားကြီး
ရှေ့တန်း  ; အောင်လွန်းမြိုင် ။ ကိုလွင် နန်းမြေ ။ ကိုရုန်း ။

ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ

ကဗျာဆရာ   မောင်နီမွန်
ကဗျာမောင်နီမွန်
၇၂ - နှစ်ပြည့် မွေးနေ့ အမှတ်တရ
_______________________
ထူးထူးခြားခြားပေါ့လေ
ရာဇဝင်မှာရောဂန္ထဝင်မှာပါ
ခေတ်ပြိုင်အတွဲတွေကိုသတိပြုမိတယ် ။
ကောက်ကာငင်ကာပြောရရင်
မတ်နဲ့အိန်ဂျယ်
မော်နဲ့ချူ
ဇော်နဲ့ဝဏ်
မေနဲ့မြိုင်
အစရှိသဖြင့်ပေါ့လေ ။

တောင်ငူမြို့ရဲ့ကဗျာတစ်ခေတ်မှာတော့
ကေတုဘုန်းမော်နဲ့မောင်နီမွန်ဆိုတာ
စွယ်တော်ရွက်လို ဒိုင်းနဲ့ဓားလို
တွဲဖက်ညီတဲ့အိုးစားဖက်တွေပေါ့ ။
ခုတော့ဖြင့်ဦးဘုန်းမော်အလွန်မှာ
ဦးနီမွန်တစ်ယောက်သာပဲ့ 
တောင်ငူမြို့ရဲ့အိမ်ဦးခန်းမှာ
တင့်တယ်စွာကျန်ရှိနေပါပြီ ။

ပုဂ္ဂလိကဘဝမှာဦးနီမွန်ဟာ
ကျနော့်အကိုကြီးမောင်နေနွယ်(ကေတု)ရဲ့
ငယ်သူငယ်ချင်း။
ကျနော့်ရဲ့ဦးကြီး ကျနော့်ရဲ့အုပ်ထိန်းသူ ဆိုလည်း
မမှားပါဘူး ။

စာပေအနုပညာဘဝမှာဆိုရင်လည်း
နေသူအောင်ထက်(အုတ်တွင်း)လို
ကေတုဘုန်းမော်လို
ဦးငြိမ်းဝေ(ကဗျာ့အိုးဝေ)လို
ကျနော့်ရဲ့ခေါင်းကိုင်ဖခင်တဦးပါပဲ ။

မနက်ဖြန်(ဇွန်လ ၁ရက်နေ့)ဟာ
ဦးနီမွန်ရဲ့မွေးနေ့ဖြစ်ပါတယ် ။
ဘယ်နှစ်နှစ်မြောက်လဲဆိုတာတော့
တမင်မေ့ထားလို့မမှတ်မိပါဘူး ။

ကဗျာဆရာဘဝကိုသစ္စာရှိရှိရမ္မက်ကြီးကြီး
ထုဆစ်သူကြီး
ချစ်မေတ္တာနဲ့ဥာဏ်ပညာကိုမျိုးဆက်အသစ်အသစ်များဆီ
လက်ဆင့်ကမ်းရင်း
ဇနီးမယားသမီးများနဲ့ မြေးများမြစ်များနဲ့
ကျန်းမာပျော်ရွှင်ပါစေကြောင်း
မေတ္တာဆန္ဒ ပို့လွှတ်အပ်ပါတယ် ။ ။

မင်းညွန့်လှိုင်
၃၁ မေ ၂၀၁၅

စာကြွင်း

ရန်လင်းအောင်နဲ့ကျနော် ပူးတွဲကဗျာစာအုပ်[ အများဆိုင်နာမ်]မှာ
ထိမိရှင်းလင်းတဲ့အမှာစာချီးမြှင့်ပေးခဲ့တာလည်း
မမေ့နိုင်တဲ့ကျေးဇူးပြုမှုပါပဲ ။

                           မင်းညွန့်လှိုင်

ကဗျာဆရာ မောင်နီမွန် ။ မင်းညွန့်လှိုင် ။ ဒဿနေမင်း


Saturday, May 9, 2015

ကဗျာဆရာဇောသစ် ၅ - ပြည့် အလွမ်း

ကဗျာဆရာ ဇောသစ်

၅ - နှစ် ပြည့် အလွမ်း . . . . .

ဘဒ္ဒန္တစန္ဒောဘာသ
ကဗျာဆရာ ဇောသစ်ကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ
စီစဉ်တင်ဆက်ခဲ့တဲ့
Poetry Life ကဗျာဆိုင်ရာ စာအုပ်မှာ ဖေါ်ပြခဲ့တဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ကို
အလွမ်းပြေ တင်ဆက်လိုက်ရပါကြောင်း … …

သတိရမိတဲ့ တရား

• • • • • • • • • • • •
မုဆိုးက
သားကောင်ကို ချောင်းမြောင်းသလို
သူက
သူ့ဘဝသူ ပြန်ချောင်းလေရဲ့  ။

အချစ်နားနီးပြီး အချစ်မရသူလို
တရားနားနီးပြီး တရားမရသူ
တောထဲက သားကောင်ရသလို
ဘဝထဲက တရားရချင်တယ် ။

တစ်လံမှာ ၃၂ ကောဋ္ဌာသ
သူလည်း သူ့ခံစားမှုနဲ့သူ
ကိုယ်လည်း ကိုယ့်ခံစားမှုနဲ့ ကိုယ်
စိတ်က စိတ်ကိုသင်ကြားခဲ့ရ
ဓမ္မနှင်းတွေ
ဘဝနွေရဲ့  မနက်ခင်းထဲ
တဖွဲဖွဲကျကာနေတော့တယ် ။

                                  ဇောသစ်
                       Poetry Life
                     ပ- ကြိမ် - ၂၀၁၁ . ဒီဇင်ဘာ

Sunday, April 19, 2015

နွေညအထပ်ထပ် ။ မောင်သော်တာ


နွေညတွေအထပ်ထပ်
____________________
စကားပြေတစ်ပုဒ်ရဲ့လေပြေညင်းကိုမဟူရာညထဲ
ဆွဲချိတ်ထားတယ်
ဘဝစာမျက်နှာတစ်ရွက်ချင်းတစ်ရွက်ချင်း
ပန်ထွာဘုရင်မရဲ့
လည်တိုင်ရင်ညွန့်ဆီကချွေးနံ့လေးလို
သင်းပျံ့နေပါပေါ့---
တောင်ခိုးတွေဝေနေ
မြူခြေဆိုင်းဆဲ
ယမ်းနံ့တွေမပြယ်သေးပါကလား
ရိုင်ဖယ်သေနတ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း
မြေသားဘန်ကာတစ်ခုရဲ့ပြဇာတ်တစ်ပုဒ်
သွေးစွန်းကျန်ရစ်ခဲ့ပြီလေ
ဝ'ဘာသာစကားနဲ့ကဗျာတစ်ပုဒ်ကိုချရေးခဲ့မှာလား
ဒါမှမဟုတ်
ရှမ်းတရုတ်လေသံဝဲဝဲနဲ့
ကောက်ညင်းဆန်အရက်နံ့ထဲမှာချိုမြိန်ရီဝေစရာ
တောင်တန်းတွေ
အရင်လိုအပြာရောင်ဆေးသားရှိပါသေးရဲ့လား
အမှောင်ညထဲကဘဝတွေအမှောင်ကိုဆန့်ကျင်ဖို့
ကဗျာရွတ်ကြည့်ချင်ပါရဲ့
တစ်ချိန်က
ရေတာရှည်ဘူတာထဲ
ဥသြသံရှည်ဆွဲရင်း
ထိုးဆိုက်လာတဲ့
ရထားထင်းတွဲပေါ်မှာ
ကျောင်းစိမ်းပုဆိုးအပြဲလေးတစ်ထည်
အလံတစ်ခုလိုလွှင့်ခဲ့ဖူးတာ
ကျနော်တို့မော့ကြည့်ချင်ပါသေးရဲ့လေ။
____________________
ဧပြီ၂၀ရက်နေ့မှာကျရောက်တဲ့
ဲ့ဆရာနိုင်ဝင်းဆွေမွေးနေ့အမှတ်တရ
____________________
မောင် သော် တာ

Thursday, April 16, 2015

-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇


-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇

အားလုံး  အနှစ်
အားလုံး  အသစ်
မဟုတ်ခဲ့ပေမယ့်
အမှန်တကယ်
ချစ်စိတ်အပြည့်နဲ့
နေထိုင်ဖြတ်သန်းခဲ့ပါတယ်
၁ ၃ ၇ ၆ ---->>>

               ကဗျာ " အား " ဖြင့်
                ရ န် လ င်းေ အာ င်

Wednesday, March 25, 2015

မင်းညွန့်လှိုင် မွေးနေ့ သို့ yla

နေ့ကောင်းရက်သာတွေကို
ငါတို့ ထုတ်လုပ်တယ် ………
______________________

မတ်၂၅ ရက်ဟာ
ကဗျာဆရာကို
မှီဝဲရတဲ့အတွက်
လူတစ်လုံးသူတစ်လုံး
လှလှပပဖြစ်ခဲ့ရပါပြီ
၄၃ နှစ် မှသည်
မြတ်သောသက်တမ်း
လိုရာလမ်းမှာ လန်းဆန်းပါစေ ။         ။

                                           yla လေးကျွန်းမြေ
ကဗျာဆရာ
မင်းညွန့်လှိုင် မွေးနေ့  သို့

မင်းညွန့်လှိုင် မွေးနေ့ ( အမှတ်တရ )

အဝိဇ္ဇာပေါင်တစ်ရာတိတိ
----------------------
နွေဥတုမှာဆိုက်ကပ်ခြင်း
-----------------------

( ၁ )
* ငါက ကဗျာနဲ့တွေ့ရင်
ဒီ့ထက်အသက်ပိုမကြီးတော့ ။

( ၂ )
စယ်လီဘရစ်တီမဟုတ် ဂွတ်မစ်ဇာမဟုတ် ယူရိုပီယန်ဆန်သူ
လည်းမဟုတ်လေတော့ မွေးနေ့ဆိုတာ ဆံသာကေဖြတ်မပြု
အပ်တဲ့နေ့တစ်နေ့လို့ပဲမှတ်သားခဲ့တာပါပဲ ။
ပျိုရွယ်စဉ်အခါကမွေးနေ့ကိုအကြောင်းပြပြီး သန်းထိုက် နေမျိုး ဇော် မိုး ကျော်မိုးလွင်တို့နဲ့ထန်းရည်စုသောက်ခဲ့ဖူးတာကလွဲလို့ပေါ့လေ။
( ၃ )
ဘဝမှာပထမဆုံးသိဖူးတဲ့မွေးနေ့ကိုပြောရရင်...
ငယ်ငယ်လေးကတည်းကစွဲလန်းခဲ့ဖူးတဲ့ဒဂုန်တာရာရဲ့"ဒို့ခေတ်ကို
ရောက်ရမည်မှာမလွဲပါ"ဝတ္ထုကြီးထဲကဇာတ်ဆောင်ကောင်မလေး(ခင်
ထားလှိုင်ထင်တယ်)ရဲ့အနောက်တိုင်းဆန်တဲ့မွေးနေ့ပွဲပါပဲ ။
( ၄ )
ကျနော်တို့ရှေ့ကလမ်းမကြီးတလျှောက်မှာတော့ ဗုဒ္ဓ ခရစ်တော်
မှိုင်း ဆန်း တာရာ နဲ့ လူထုအမေတို့ရဲ့မွေးနေ့ကြီးတွေက
အများဆိုင်နာမ်တွေအဖြစ်အစီအရီထွန်းညှိခဲ့ကြပါပြီ ။
( ၅ )
မွေးနေ့ပွဲကျင်းပတာဟာအစဉ်အလာယဉ်ကျေးမှုမဟုတ်ဘူး ဆိုပေမယ့်
ဆရာဒဂုန်တာရာ ဆရာမကြီးလူထုဒေါ်အမာတို့ရဲ့မွေးနေ့ပွဲတွေကတော့
့ အဖိနှိပ်ခံစာပေအနုပညာရှင်များ
ရဲ့ကွန်ဂရက်တွေသဖွယ်ဖြစ်ခဲ့ကြပါတယ်။
ဒါဟာလည်းဒို့တိုင်းဌာနီကြီးရဲ့ထူးခြားမှုတွေထဲကတစ်ခုပေါ့ ။
( ၆ )
ကိုယ့်မွေးနေ့ကိုရေးကြီးခွင်ကျယ်မလုပ်ခဲ့ဘူးဆိုပေတဲ့ မုခဘုတ်အုပ်က
တော့ သူငယ်ချင်းများကိုမှတ်မှတ်သားသားသတိပေးတတ်ပြန်တယ် ။
( ၇ )
ဆုတောင်းတွေပြည့်ဝလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူး ။ဆုတောင်းပေးသူ
တွေရဲ့မေတ္တာဓာတ်ပြည့်ဝမှုကိုသာပြည့်ပြည့်ဝဝယုံကြည်မိပါတယ် ။
ဆုတ်ခွာလာတဲ့လတစ်စင်းလိုမွေးနေ့အကြိမ်ရေများလာလေလေ
လက်ကျန်အချိန်တွေနည်းလာလေမို့ရှေးကထက်ပိုချစ်ကြပါစို့ရဲ့ ။
( ၈ )
* ငါ့မွေးနေ့မှာ
ငါတစ်ယောက်တည်းတက်ရောက်ကျင်းပ
နယ်ပယ်အသစ်ရှာတဲ့ကိုလံဘတ်ကို
ဘယ်ဘက်တစ်ခွက်
ညာဘက်တစ်ခွက်ငှဲ့ခွက်ချင်းတေ့
ငါဆုတောင်းစကားဆိုပေးတယ်
ကဗျာဆရာ
သက်တော်ရာကျော်ရှည်ပါစေ
ချီးယား...။ ။

                            မင်းညွန့်လှိုင်
                        ၂၆ မတ် ၂၀၁၅

*ကဗျာဆရာအောင်လွန်းမြိုင်ရဲ့"ကဗျာဆရာ့မွေးနေ့"ကဗျာထဲက
စာကြောင်းတချို့ကိုစွဲလန်းစွာကူးယူထားပါတယ် ။
ကိုသီရေ ခွင့်လွှတ် ။

ccbb



ကေတုဘုန်းမော်အမှတ်တရ ။ ခက်ဦး

တောင်ငူလေညှင်း ၂
.........................................

``ငါသေရင် ငါ့အသုဘကို သရဏဂုံ တင်ချင်တင် မတင်ချင်နေကွာ မင်းတို့သဘောပါ ၊ ဒါပေမယ့် ကဗျာလေးတွေတော့ရွတ်ပေးကွာ ၊ ကဗျာနဲ့ သရဏဂုံ တင်တာလေး ငါခံချင်တယ်´´

______________________________________

``မင်း ရေတာရှည် ၊ ပျဉ်းမနား ရော အုတ်တွင်းက ကဗျာဆရာတွေရော စုံအောင်ဖိတ်နော် အောင်ထက် ၊ မကျန်စေနဲ့ ၊ စည်စည်ကားကားလေးဖြစ်ပစေ ကြားလား´´

______________________________________

``ဆရာဝန်က ၂လ အလွန်ဆုံးပဲလို့ ပြောတယ်တဲ့ကွ´´
``ဦးဘုန်းကလည်း ပေါက်ကရတွေ´´
``ဘယ်က ပေါက်ကရ ရမှာလဲကွ´´
``ဦးဘုန်း အလတ်ကြီးရှိပါသေးတယ်ဗျာ´´

______________________________________

``အောင်ထက် အဖေတို့ လိုင်းခန်းထဲက အိမ်ကို ခဏပြောင်းရလိမ့်မယ် ဒီနေ့ညနေ သွားပြောချေ ၁လ ၂လ လောက်ပါပဲကွာ´´

``မင်းမသိပါဘူး အောင်ထက်ရယ်...........
........ ငါ့အသုဘကိစ္စဘယ်လိုလုပ်မလဲ ကိစ္စပြီးတော့ပြန်ပြောင်းခဲ့ပေါ့ကွာ´´

______________________________________

ကိုယ့်ဇာတ်သိမ်းခန်း ကိုယ်စီရှိနေခဲ့ပြီးမှန်း ကျွန်တော်တို့အားလုံးသိကြတယ် ။
ပေးစာ တစ်စောင်ရဲ့ရင်ကွဲသံ အားလုံး လက်ခံထားခဲ့ကြပြီးသား မွေးကတည်းက ။
ဒါပေမယ့် ပုထုဇဉ် သာမန်လူသားများ ကျွန်တော်တို့တတွေထဲ ကြိုပြင်ခွင့် ကြိုမြင်ထားခွင့် ရနိုင်ခဲ့ကြသူတွေ များများစားစား ရှိခဲ့ကြပါရဲ့လား ။ ရှိနေကြပါရဲ့လား ။
ကေတုဘုန်းမော်ဆိုတဲ့ အောင်ထက်တို့အဖေ ရင်ပတ်ထဲက ပျိုးယူ မွေးထုတ်ထားတဲ့ နောက်ဆုံးကဗျာတစ်ပုဒ်ကို ဆွဲကိုင်မြှောက် မရဏဆီတည့်တည့် ပြုံးပြုံးကြီးကြည့် အားကုန် ပစ်ပေါက်ပြသွားခဲ့ဖူးတာ ဒဏ္ဌာရီမဟုတ် ပါးစပ်ပုံပြင်တစ်ပုဒ် မဟုတ် လူသားဆန်တဲ့မှတ်တမ်းတစ်ပုဒ် တကယ်ဖြစ်ခဲ့ဖူးပါတယ်။

______________________________________

ကျွန်ုပ်၏ကြေငြာစာတမ်း
........................................

သိနေတယ်
အို.....မရဏ
အာဝဇ္ဇန်းရွှင်ရွှင်
တစ်နေ့ သင်ရောက်လာမည်ကို.....။

စိုးစဉ်းမျှဆန္ဒမပါဘဲ
စတင်ကတည်းက
ပေးစာတစ်စောင်ရဲ့ ရင်ကွဲသံ
ငါလက်ခံထားရ ။

ဟောဒီ့လောကကြီးထဲ
မေ့ပျောက်ခြင်းငှါ မစွမ်းနိုင်တဲ့
မျက်လုံးစိမ်းစိမ်းမှာ
ဒုက္ခသစ္စာ မဏ္ဌိုင်ကြီးတစ်ခု
ငါ့ရဲ့သမုဒယတောက်လောင်ခြင်းကို
မှတ်တမ်းတင်လို့ပါလား ။

အဲဒါ ဝတ္ထုတိုတစ်ပုဒ် မဟုတ်ဘူး ၊
ကဗျာတစ်ပုဒ် ဟုတ်တယ် ။
ငါမငိုဘဲနေနေတာ
သင်မရယ်ဘဲကို မနေနိုင်အောင်ပေါ့ ။

ဘယ်သူ့အတွက်မှ
သယ်ယူခဲ့စရာဆိုလို့
လေညှင်း လက်တစ်ခုပ်စာ မရှိပြီ
စွန့်ပစ်ခံရမည့်အချိန် ။

ငါ့ရဲ့ဘဝ
ငါ့ရဲ့အမည်နာမနဲ့
ကလောင်အမည်ကိုဖျက်သိမ်းပြီး
အထုပ်အပိုးများချည်နှောင်ကာ
ရုံးဌာန အမြောက်အများဆီ
တစ်ရုံးပြီး တစ်ရုံး
ငါဖြတ်သန်းဖို့လိုပါသလား ။

အောက်ပါအတိုင်း
ခွဲခြားဖော်ပြ
ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါရဲ့ ။

တစ်ဖန်
သေခြင်းတရားကို
အဆုံးမဲ့ရောက်ရှိဖို့
ထထကြွကြွဆန့်ကျင်ခဲ့သူဟာ
နေရီရီ ကမ္မဋ္ဌာန်းရနံ့နဲ့ ငါပဲ ။

ကေတုဘုန်းမော်
၁၉၉၈ ၊ မတ် ၊ ကလျာ မဂ္ဂဇင်း

______________________________________

၁၉၉၈ မတ်လ ကလျာက ကဗျာ သူငယ်ချင်း တူ သား ကဗျာဆရာတွေနဲ့အတူ သူ ဖတ်ခွင့်ရသွားခဲ့သေးတယ် ။

______________________________________

၁၉၉၈ မတ် ၁၈ မှာပဲ
အဲဒီ့လေညှင်းကလေး
နှုတ်ဆက် ပွတ်ခတ်
မြို့တောင်ငူမှသည်
လွတ်လပ်ရာဆီ
ပျံ သွား ခဲ့ ။

ခက်ဦး
၂၄ . ၃ . ၂၀၁၅
ကေတု ဘုန်းမော်   သို့
w

Tuesday, May 27, 2014

အနှေးဖွင့်ဓာတ်ပြား ။ မောင်နီမွန်

အေ နှး ဖွ င့် ဓာ တ် ပြား ။ေ မာ င် နီ မွ န် 
ကဗျာဆရာ မောင်နီမွန် (  ၇၁  ) နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်များစွာအထိ သက်ရှည်ကျန်းမာဘေးရန်ကွာစေကြောင်း
လေးကျွန်းမြေ ဘလော့ က မေတ္တာဆုမွန်ပို့သအပ်ပါသည် ။

Thursday, May 8, 2014

ကဗျာဆရာ ( ဇောသစ် ) ၄ နှစ်ပြည့် အလွမ်းပြေ . . .

ကဗျာဆရာ ဇောသစ် နောက်ဆုံး သီတင်းသုံးတော်မူခဲ့သော  ကျောင်းတိုက် နှင့်
အဆောင်

Friday, December 6, 2013

အောင်ဘညို၊ ကဗျာ ဆောင်းပါး ၊

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃





အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

Thursday, August 22, 2013

ကောင်းကင်မဆံ့တဲ့ ကြယ်မင်းတာရာ ........

ကောင်းကင်မဆံ့တဲ့ ကြယ်မင်းတာရာ ....





ရုပ်ပုံလွှာများနဲ့ ဖွဲ့ နွဲ့သူတို့
ပြန်လည်တွေ့ဆုံခန်း

(၁)
ဟေ့ တာရာ လာကွ
မင့်မလဲကွာ ဆရာ့လိုပဲ
မသေခင်
ငြိမ်းချမ်းရေးလေးမြင်ရမလားမှတ်တယ်
သေမှပဲငြိမ်းချမ်းတော့သကိုးကွ။

(၂)
ဌေးမြိုင်ရေ
မောင်ရင်ကကိုယ့်ကို အရိုင်းလို့ရေးတယ်
ခု တကယ့်အရိုင်းတွေတွေ့ခဲ့မဟုတ်လား
ဒီမှာ စန္ဒယားတော့မရှိဘူး
စောင်းကောက်သာတီးပေတော့
ဟား ဟား ဟား ။

(၃)
ကိုဌေးမြိုင်
ခင်ဗျားနဲ့ကျွန်တော်
ရှမ်းပြည်ရဲ့လရောင်မှာ
ဖမ်းစားမခံခဲ့ရဘူးဆိုရင်
ဗမာပြည်ရဲ့ရာဇဝင်ဟာ
တစ်မျိုးတစ်ဖုံဖြစ်ခဲ့မှာပဲ ။

(၄)
အော်...ကိုဌေးမြိုင်ရယ်
ခင်ဗျားလည်း ခုမှပဲ
တကယ့်ဆဲလ်လေးထဲရောက်တော့တယ်နော်
ကျွန်တော့်နောက်ဆုံးအိပ်ယာကို
ခင်ဗျားပုံစံထုတ်ပေးခဲ့တယ်
အေးဗျာ
ခင်ဗျားရဲ့နေရာက
ဆရာကြီးမှိုင်းဘေးနားဖြစ်သင့်တာဗျ။

(၅)
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာစာအုပ်ထဲက
တန်းစီထွက်လာတဲ့
အဖြူဆွတ်ဆွတ်ရုပ်ပုံလွှာတွေ
ဖွဲ့ နွဲ့သူကိုဆီးကြိုနှုတ်ဆက်ရင်း
အကြည့်တွေ
နေရာဟောင်းဆီထိုးစိုက်လိုက်ကြရာ
ရေတိမ်နစ်ရင်း
ခေါင်းမီးတောက်နေပါရောလား ။        

                                              မင်းညွန့်လှိုင်


ဒဂုန်တာရာ (သို့မဟုတ်) ပန်းနုရောင်အိုကြယ်

တကယ်တော့ကြယ်ဆိုတာဟာ ကောင်းကင်ဖွားပေပဲ
ဒီမြေပေါ်မှာဒီလူတွေရဲ့ ဒုက္ခနဲ့ သူ့အသည်းကွဲဖို့
ဒီမြေပေါ်မှာဒီအမှောင်တွေကိုသူ့မှော်အလင်းနဲ့လောင်စားပစ်ဖို့
ရာစုနှစ်တစ်ခုနီးပါး လူသားအဖြစ်ဝင်စားခဲ့လေတာ
ကျေးလက် မြို့ ပြ တက္ကသိုလ် နရသိန် နိုင်ငံတကာလှည့်လည်ကာ
နေရောင် လရောင် ရွှေရောင် မြရောင် ပပကြိုးကြွတွေ
ဝေါ့ဒစ္စနေအပြာ ဂိုဂင်အနီ ရိုးမအစိမ်းနဲ့ရွှေအိုရောင်တွေ
ပန်းစကြာမှန်ပြောင်းလှည့်သလို ဖျတ်ခနဲဖျတ်ခနဲ ဇာတ်ဝင်ခန်းတွေ
မမောမပန်း ရမ္မက်ကြီးစွာ အာသာငမ်းငမ်း အငမ်းမရ
စာလုံး ဆေးစက် နဲ့ စန္ဒယားခလုတ်တွေကို အလှပဆုံးကြွေအန်ကစားခဲ့
မိုးအောက်မြေပြင်မှာ ချိုးဖြူကူသံဝေစေချင် ကြာပန်းရေစင်လန်းစေချင်
မှိုင်းရဲ့ခြေရာ ထပ်ချပ်မကွာ မီးစာကုန်ဆီခန်းတဲ့အထိ
အတောက်ပဆုံး အမြင့်မားဆုံး ထိန်ထိန်ညီးညီးလောင်ကျွမ်းခဲ့
အခုတော့မီးခိုးငွေ့အဖြစ်နဲ့ မိုးကောင်းကင်ထံပြန်အပ်နှံရပြီ
သူ့အလှပညာနဲ့သူ့အချစ်တရားဟာ မီးခိုးငွေ့လိုပျောက်ပြယ်မသွား
ဒီမြေကိုရင်ဝယ်သားလို စောင့်ရှောက်သွားမှာပဲ ယုံတယ်။        

                                                                                      မင်းညွန့်လှိုင်




မပြောရမနေနိုင်လို့ပြောတဲ့စကား
ကြယ်မင်းကြီးရဲ့နောက်ဆုံးခရီး

(၁)
ကြေကွဲဖွယ်တိုက်ဆိုင်မှုလို့ပဲဆိုရပါတော့မယ်။တနေ့
ကမှကျွန်တော်ပူပူနွေးနွေးရေးခဲ့တဲ့စာထဲမှာဆရာ့ရဲ့
တရား ဆရာ့စကားကိုကိုးကားခဲ့သေးတယ်။အခုတော့
စစ်တောင်းမြစ်ဝှမ်းကမိတ်ဆွေကဗျာဆရာပို့လိုက်တဲ့
သတင်းစကားဟာကျွန်တော့်ဖုန်းထဲဝင်လာပါရောလား။
                   "ဆရာတာဆုံးပြီ"
                     ၂:၁၀ ညန ၁၉ သြ ။

(၂)
ဒဂုန်တာရာဆိုတာလေးစားအပ်တဲ့စာရေးဆရာ ကဗျာ
ဆရာ အနုပညာဝေဖန်ရေးဆရာ နိုင်ငံရေးအကဲဖြတ်
သူ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းသူ ပြည်တွင်း
ငြိမ်းချမ်းရေးကြိုးပမ်းသူကြီးအဖြစ်အားလုံးသိပြီးသား
ပါဗျာ။တိုင်းသိပြည်သိ နေသိလသိဆိုပါတော့ဗျာ။
             လူတစ်ယောက်အနေနဲ့လည်းယဉ်ကျေးသူ
နူးညံ့သူ ဖြောင့်မတ်သူ ရိုးသားသူ ကိုယ်ကျိုးမရှာသူ
လူ့အဖွဲ့အစည်းကိုသာယာဝပြောစေလိုသူ စတဲ့ စတဲ့
ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံသူပါဗျာ။
             ဒါ့အပြင်ဆရာဒဂုန်တာရာဟာ တွေးခေါ်သူ
အဘိဓမ္မာဆရာကြီးလည်းဖြစ်တယ်လို့ကျွန်တော်က
ပြောချင်ပါတယ်ဗျာ။စာပေနဲ့ပတ်သက်ရင်ဆရာ့ရဲ့စာ
ပေသစ်အယူအဆနဲ့ခေတ်ပြိုင်ခံစားမှုဒဿနဟာအင်
မတန်ထူးခြားပြီးသြဇာကြီးပါတယ်။
            ဆရာဒဂုန်တာရာဟာ ခေတ်ကိုထင်ဟပ်ပြီး
ပြည်သူကိုအကျိုးပြုရမယ်ဆိုတဲ့အယူအဆကိုကိုင်ဆွဲပြီး
စာပေသစ်ခေတ်ကိုထူထောင်ခဲ့တာပါ။
            ခေတ်ပြိုင်ခံစားမှုအယူအဆကတော့ မှိုင်းဗေ
ဒကတဆင့်ပေါက်ဖွားတာလို့ပြောနိုင်ပါတယ်။ခေတ်
ပြိုင်လူ့အဖွဲ့အစည်းရဲ့သွေးခုန်သံ လူထုရဲ့နှလုံးခုန်သံကို
ရင်ဘတ်ထဲထည့်ပြီးမှအနုပညာဖန်တီးခြင်းဟာဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းထံမှ အမွေဆက်ခံခဲ့တဲ့အစဉ်
အလာဖြစ်ပါတယ်။ပြီးတော့အယူအဆတစ်ရပ်အဖြစ်
ဖွဲ့စည်းကာမျိုးဆက်သစ်တွေထံလက်ဆင့်ကမ်းခဲ့
ခြင်းဖြစ်ပါသဗျာ။
            ဆရာဒဂုန်တာရာကသူ့ကိုယ်သူ နိုင်ငံရေးသိပ္ပံ
ကျောင်းသားရယ်လို့ဖော်ပြလေ့ရှိပါတယ်။တကယ်က
တော့ဆရာဟာနိုင်ငံရေးသုခမိန်ကြီးလည်းဖြစ်ပါသဗျ။
ဆရာ့ရဲ့ ရန်သူမရှိအယူအဆ ဗဟုဝါဒအယူအဆဟာ
ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးမှာ အထူးပဲသြဇာကြီးလှပါ
သဗျာ။

(၃)
ခုတော့ဖြင့်ဒဂုန်တာရာဆိုတဲ့ကြယ်မင်းကြီးဖျတ်ခနဲ
ကြွေလွင့်ခဲ့ပါပြီဗျာ။
ကျွန်တော်တို့ခေတ်ရဲ့ ထူးမြတ်သူလူသားတစ်ဦးရဲ့
နောက်ဆုံးခရီးဟာသာမန်လူတစ်ယောက်လိုဖုတ်ပူမီး
တိုက်နဲ့ပဲပြီးရတော့မှာလား။ဆရာကြီးမှိုင်းရေးသလိုဒေါင်း
ပုဝါအုပ်ပြီးမသင်္ဂြိုဟ်ကြတော့ဘူးလား။တစ်သက်တာ
လုံးစာပေနဲ့ပြည်သူကိုသာအာရုံပြုခဲ့သူကြီးဟာနိုင်ငံ
တော်အဆင့် ပြည်သူ့ဈာပနနဲ့မထိုက်တန်ပေဘူးလား။
ပြီးတော့သူချစ်တဲ့ငြိမ်းချမ်းရေးဗိသုကာကြီးရဲ့နံဘေး
မှာသူ့ကိုလဲလျောင်းခွင့်မပြုနိုင်ကြဘူးလား။
            မိတ်ဆွေများ ပြည်သူများခင်ဗျား
ဟောဒီမေးခွန်းတွေကိုသာကြေကြေကွဲကွဲမေးလိုက်ရ
ကြောင်းပါဗျား ။                 

                                                     ယ မ ထာ



 
            နှမြောဖို့ကောင်းတဲ့လူတွေ

နှမြောဖို့ကောင်းတဲ့လူတွေ
အများကြီးမွေးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ကျန်းကျန်းမာမာရှိကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
အသက်ရှည်ကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ဘုန်းကြီးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ . . .
နှမြောဖို့ကောင်းတဲ့လူတွေ . . .
လွှင့်ပစ်ရက်စရာ တစ်စက်မှမရှိ
မိမိရရ ကျေးဇူးကြီးမားကြပါ၏
ရက်ရက်ရောရော တမ်းတမိပါ၏ ။

ဒါပဲပေါ့
ဘာကမှ
အပျောက်ရိုက်လို့
အစပျောက်မသွား
သေမင်းတောင်မမြင်တဲ့လမ်း
ရဲရဲယုံယုံဖေါက်လုပ်သွားတာ
နှမြောဖို့ကောင်းတဲ့လူတွေပေါ့  ။

                                      ရန်လင်းအောင်
                                         ၁၁၈၂၀၁၃