Sunday, April 19, 2015

ရုပ်စုံပြပွဲ ။ မင်းညွန့်လှိုင်


ရု ပ် စုံ ပြ ပွဲ


ထင်ပေါ်ကျော်ကြား အရုပ်များကို
အစုလိုက်အပြုံလိုက်တွေ့ရမြင်ရတာ
ပျော်စရာရွှင်စရာမကောင်းဘူးလား ။

တစ်ရုပ်က
ရေဒီယိုကမိန့်ခွန်းပြောကြားပုံ
ကမ္ဘာ့ခေါင်းဆောင်များအားပြုံးပြပုံ
သံဃာတော်များအားလက်အုပ်ချီပုံ
ကလေးသူငယ်များအားပွေ့ဖက်ပုံ
ပြည်သူများအားလက်ပြပုံ
အတိုက်အခံများနှင့်စကားစမြည်ပြောဆိုပုံ ။

နောက်တစ်ရုပ်
လူထုစည်းဝေးပွဲမှာမိန့်ခွန်းပြောကြားပုံ
ကမ္ဘာ့ခေါင်းဆောင်များနှင့်ရင်းနှီးပုံ
အာဏာပိုင်များနှင့်တွေ့ဆုံပုံ
လယ်သူမများနှင့်အချေအတင်ပြောဆိုပုံ
လွှတ်တော်အစည်းအဝေးများတက်ရောက်ပုံ
သတင်းစာရှင်းလင်းပွဲပြုလုပ်ပုံ
ကြေငြာချက်များလက်မှတ်ရေးထိုးပုံ ။

ရှိသေးတယ်
စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားပုံ
ဒဏ်ရာရစစ်သည်များအား အားပေးပုံ
ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်ပုံ
တိုင်းရင်းသားခေါင်းဆောင်များနှင့် ပွေ့ဖက်ပုံ
အိမ်နီးချင်းခေါင်းဆောင်များနှင့် တွေ့ဆုံပုံ
လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ပုံ  ။

မကုန်သေးဘူး
စာပေဟောပြောပုံ ပန်းချီဆွဲပုံ  ပြဇာတ်ကပုံ
စာအုပ်မိတ်ဆက်ပွဲတက်ရောက်ပုံ
အမှတ်တရအခမ်းအနားများတက်ရောက်ပုံ
ပရဟိတပြုလုပ်ပုံ
သတင်းစာရှင်းလင်းပွဲပြုလုပ်ပုံ
ကြေငြာချက်များလက်မှတ်ရေးထိုးပုံ ။

အရုပ်တွေ အရုပ်တွေ
ပီပြင်လွန်းတဲ့အရုပ်တွေ
သရုပ်ပါလွန်းတဲ့အရုပ်တွေ
အရုပ်လို့မထင်ရတဲ့အရုပ်တွေ
ထူးထူးခြားခြားများများပြားပြား
စုံစုံလင်လင်စည်စည်ကားကား
ပြပွဲကြီး
ပြလိုက်ရရင်မကောင်းလား ။      

မင်းညွန့်လှိုင်

ယဉ်ကျေးမှုအရ မလိုတဲ့ ကမ္ဘာ ။ ခက်ဦး


ယဉ်ကျေးမှုအရ မလိုတဲ့ ကမ္ဘာ

..............................................

ယဉ်ကျေးမှုအရ ဝမ်းနည်းပြရတယ်ဆိုတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ဝမ်းသာအယ်လဲလုပ်ပြရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ မုန်းတီးဆန့်ကျင်ပြရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ လက်ခုပ်တီး လက်မထောင် ထောက်ခံပြရတာရှိသလား ၊
ယဉ်ကျေးမှုအရ ကမ်ပိန်းလုပ်ပြရတာ ရှိသလား ၊
Like လုပ်ကြတာ ကမ်ပိန်းလား ယဉ်ကျေးမှုလား ၊
Comment ရေးကြတာ စည်းချက်ညီလှုပ်ရှားခြင်းလား ယဉ်ကျေးမှုလား ။

ယဉ်ကျေးမှုအရ ပြုံးပြလက်ဝှေ့ရမ်းတာ ရှိသလား ၊
ယဉ်ကျေးမှုအရ မိန့်ခွန်း တစ်လတစ်ခါပြောတာ ရှိသလား ၊
ယဉ်ကျေးမှုအရ လူထုအသံ နားထောင်ချင်ယောင်ဆောင်တာရှိသလား ၊
ယဉ်ကျေးမှုအရ မကြားချင်ယောင်ဆောင်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ကတိတွေလွယ်လွယ်ပေးတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ကတိဆိုလွယ်လွယ်မပေးရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ စကားဝိုင်းဖွဲ့တာ ရှိသလား ၊
ယဉ်ကျေးမှုအရ စားပွဲခုံအောက်က ခြေဖဝါးဖိနင်းခံရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ထောက်ခံမဲခလုတ် ပိုနှိပ်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ညစ်ပတ်တာ အရေထူတာ အယုတ်ဥာဏ်နဲ့အသားတကျဖြစ်နေတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ဘာကတိမှ မတည်တာရှိသလား ၊
ယဉ်ကျေးမှုအရ အံကြိတ်ပြီးခုန်ခုန်ရိုက်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ပိတ်ဆို့သတ်ဖြတ်တာတွေ ရှိသလား ၊
ယဉ်ကျေးမှုအရ မယဉ်ကျေးတဲ့ဥပဒေတွေနဲ့ မတရားဖမ်းဆီးတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ပြန်မလွှတ်ပေးတာ ရှိသလား ။

ယဉ်ကျေးမှုအရ FREE ကမ်ပိန်းတွေလုပ်တာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ဓာတ်ပုံကမ်ပိန်းတွေလုပ်တာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ကဗျာတွေရေးတင်ကြ ရွတ်ဖတ်ကြ ကဗျာနဲ့ငိုကြွေး ကဗျာနဲ့ဒေါသထွက်ပြကြတာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ဝိုင်းဖတ်ပေးကြတာ ရှိလို့လား ။

သေချာတယ်
ခင်ဗျားအခု သည်ပို့စ်အတွက် နှိပ်ချမယ့် like ဟာ ယဉ်ကျေးမှုကြောင့်မဟုတ်တာ ၊
သေချာတယ်
ခင်ဗျားအခု သည်အထိ သည်စာကိုဖတ်လာတာ ယဉ်ကျေးမှုအရ မဟုတ်တာ ၊
သေချာတယ် ကျုပ် သည်စာကို တခြားစာတွေကို ဘယ်စာတွေကိုမှ
ယဉ်ကျေးမှုအရ မရေးဖြစ်ခဲ့တာ ။

ခက်ဦး
၁၉ . ၄ . ၂၀၁၅

Saturday, April 18, 2015

နှစ်ကူးဆုတောင်း ။ ကိုသားကြီး

facebook စာမျက်နှာတစ်ခုမှ ယူသည် ။


နှစ် ကူး တောင်းဆု 


ကြည်လင်သောစိတ်နဲ့ မေတ္တာ ဓာတ်ကို အရင် မွေးမြူ ပြီးတော့
ရေ စပ်မှာ တဖြည်းဖြည်းချင်း
စေတနာကို လောင်း သွန်လိုက်တယ် ။
လွှတ်ပေးလိုက်တာ က
မလူးသာ မကူးသာ ဘဝ ရောက်
ငါး လေးတွေ ဆို
ချမ်းမြေ့ပျော်ရာ ရေကြည်သာ မှာ
မိသားစုနဲ့ အေးစေချင်တယ် ။
အိမ်ပြန်မရောက် သေးတဲ့
ညီလေး တွေ ဆီ
ဒီနေ့ ပို့တဲ့မေတ္တာ ဓာတ် ကို
တောင်တန်းတွေဖြတ် ပြီး
ဆိုက်ရောက် စေချင်ရုံ ။
ငှက်ကလေး တွေ လွှတ်ပေး တော့လည်း
လှောင်ချိုင့် ကို တိုးထွက်
အပြင်ဘက်ကောင်းကင်မှာ
ငြိမ်းချမ်းစွာ ပျံသန်း
ရှေ့ခရီးလမ်း ကို ဆက်လျှောက်စေချင်တယ် ။
အိမ်အဝင်လမ်း က မှန်း မျှော်တရင်း
ဝမ်းနည်း စိုးထိတ်
အပျော် ရိပ် ပျောက် နေရှာ တဲ့
ဇနီး သည် လည်း
မျက်ရည် ဟောင်းသစ်
ကျစ်လစ် ထားသို
နွေကို အံတု တောင်းဆု ခြွေ တယ်။
လွတ်လပ် ပါစေ
လွတ်လပ်ကြပါစေ ။ ။

                     ကိုသားကြီး

Thursday, April 16, 2015

-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇


-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇

အားလုံး  အနှစ်
အားလုံး  အသစ်
မဟုတ်ခဲ့ပေမယ့်
အမှန်တကယ်
ချစ်စိတ်အပြည့်နဲ့
နေထိုင်ဖြတ်သန်းခဲ့ပါတယ်
၁ ၃ ၇ ၆ ---->>>

               ကဗျာ " အား " ဖြင့်
                ရ န် လ င်းေ အာ င်

ပိတောက်တစ်ခက်မို့ တစ်သက်ဆိုရင် တစ်ဘက်လက်နဲ့ရွယ်


ပိတောက်တစ်ခက်မို့

တစ်သက်ဆိုရင်တစ်ဘက်လက်နဲ့ရွယ်

___________________
အချိန်နာရီရဲ့စားဖတ်ဝါးဖတ်ထဲမှာကျန်နေဆဲပဲ
သင်္ကြန်ညရဲ့အုန်းလက်ရိပ်လေးထဲမှာငူငူငေါင်ငေါင်
ကျန်နေခဲ့ဆဲပဲ
ဟိုလိမ့်ဒီလိမ့်အခွံတွေထဲမှာသီချင်းသံလိမ့်ပါသွားတယ်
ခရမ်းလွန်ရောင်ခြည်တွေလောင်မြှိုက်ထားတဲ့ပွဲတော်လို့
သံသယဝင်မိလည်းခဏပဲ
ညော်နံ့လားအညှီလားမီးခိုးလားတံလျှပ်လား
ငွေငန်းဖြူတို့ပျော်ရာကန်တော်သာ
ရွှေသမင်လေးတွေရဲ့ရေတံခွန်အောက်ကို
ပျော်ပျော်ကြီးပေါ့အချစ်ရေ
ဒီနှစ်လည်းကြာရင်အဟောင်းပုံထဲ
ပုံမကျပန်းမကျ'ပုံချထားရမှာပဲပေါ့
တပုံကြီးပေါ့
စည်တိုသံ
ဗုံသံ
လျှပ်စစ်ဂစ်တာသံ
အီလက်ထရော်နစ်သင်္ကြန်ကပိတောက်အတုတွေနဲ့
ဟာဝေယံရှပ်အင်္ကျီနဲ့
မဏ္ဌပ်မြင့်မြင့်ကြီးအောက်မှာဗူးခွံလိုက်ကောက်နေတဲ့
ဗိုက်ဟောင်းလောင်းပေါက်အနာဂတ်တွေနဲ့
ဆူဆူညံညံဖောက်ခွဲဟစ်အော်နေတဲ့
ပေါက်ပေါက်ဖောက်စာသားတွေပဲ
ခုန်ပေါက်နေတဲ့ဘီယာအနံ့ထဲမှာ
မဟာသင်္ကြန်ဆိုတဲ့ဝတ်စုံဟောင်းကြီး
ကျပြီးရင်းကျ
ကြပ်ပြီးရင်းကြပ် ရွှဲရွှဲစိုလို့
___________________
မောင် သော် တာ

အတက်နေ့ညနေ ။ ရန်လင်းအောင်


အတက်နေ့ ညနေ


ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။

မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။

နောက်ရက်များမှာတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ် လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။

ခုတော့ . . . . . . . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒ ဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွား သလိုလို
ကိုယ်ပေါ့ သွား သလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။ ။

ရန်လင်းအောင်
သူ့အကြောင်းနဲ့ ငါ့ အရာ
သူ့အရာ နဲ့ ငါ့  အကြောင်း ကဗျာစာအုပ်မှ ။

ငု ။ ကိုသားကြီး


ငု


တမ်းတ မှု အသစ်မှာ မျက်နှာစိမ်း လို မေ့ထား ကြ ပုံ
တစ်ခိုင်လုံး အဝါ တွဲခို လို့
မချစ်မနှစ်သက်သူတွေ ထဲမှာ
မရှိသေးတာ ကို ချစ်ပြနေတဲ့
အတ္တတွေ နဲ့
သွေးရိုး သားရိုး ငို ရ။
နွေ ဇာတ်လမ်းမှာ
ဇာတ်ပို့ အနေအထား က
ပံ့ပိုးသူ မရှာ ခဲ့ဘူး ။
အရောင် တူ အဆင်ကွဲမှု လေးကြောင့်
သတ်မှတ်ချက် အောက်မှာ သိမ်ငယ်သလို
ခရီးဦးကြို ပြုခဲ့ပါတယ် မိတ်ဆွေ။
လက်ရည် မတူတဲ့ ပြိုင်ဆိုင် မှု ထဲ
အမည် ဂုဏ်သတင်း မပေါ်လွင် ခဲ့ဖူး တော့
ကာလ တို တိုက်ပွဲ ကြုံ တဲ့အခါ
ခံနိုင်စွမ်းသာ အပြည့်
ကျန် နေ ပါ ရ စေ  ။               ။
                       
                                ကိုသားကြီး