Thursday, May 7, 2015

ပြောဇာတ် - ၁


ပြောဇာတ်       ( ၁ )

• • • • • • • • • •
တိဗက်ပုံပြင်ထဲက ခိုသတ္တဝါ
တစ်ညခင်းလုံး သူ့အိပ်ရာ
ဇီဇာကြောင်ပြီး ပြင်ဆင်နေလိုက်တာ
မိုးသာလင်းရော သူ့ခမျာ
အိပ်စက်ချိန်တောင်မရလိုက်ပါ ။ ။

                            ရန်လင်းအောင်

Sunday, May 3, 2015

အလိုမတူတဲ့ ဆက်တင် ။ မင်းညွန့်လှိုင်


အလိုမတူတဲ့ ဆက်တင်


ဒီထူးဆန်းတဲ့တင်းကုပ် သူ့အလိုလိုရွေ့နေ
ဒီစက်ဆုပ်ဖွယ်သက်တောင့်သက်သာဖြစ်မှု
မသက်မသာကြီးကိုဖြစ်လို့
ပြူထွက်နေတဲ့ဦးခေါင်းရှည်နဲ့
လေအစိမ်းကိုပွတ်သပ်ကြည့်ရင်း
ပြူးကျယ်နေတဲ့မျက်လုံးများနဲ့
ခရီးစိမ်းကိုငေးကြောင်ကြည့်ရင်း
ငြိမ်နေတဲ့အသက်ဓာတ်နဲ့နွားတွေလေ
အမှောင်ထုရဲ့ဆွဲစုပ်ယူရာ
မိုးတိုးမတ်တပ်ကြီးတိုးဝင်နေတော့တယ် ။      ။

                                                    မင်းညွန့်လှိုင်

အခွံကောင်များ ။ ခက်ဦး

အခွံကောင်များ

_____________

အဆင်တန်ဆာတွေ
အခါခါပြောင်းသွားတယ်
ခေါင်းအတပ်မခံရဘူး
ဟန်ချက်က အသေ ။        

သူ့ကြည့်ပြီး
ပြုံးရမလား …
ဝမ်းနည်းရမလားနဲ့
စတိုးဆိုင်ရှေ့ဖြစ်ပုံများပြောပါတယ်  ။   ။

                                                     ခက်ဦး
                                            ၂၉  . ၁ .၂၀၁၅

Tuesday, April 28, 2015

အ ကျ န် -၄ မင်းညွန့်လှိုင်


အ ကျ န် ( ၄ )

------------
မိုးမြားပစ်ကြဲ
စိုရွှဲခြောက်ကပ်နေတဲ့ည
လူသူမဲ့မဲ့လမ်းဆုံလမ်းခွ
အိပ်စက်မရတဲ့တစ္ဆေအို
အမှောင်ကိုစောင့်ကြည့်နေရ
ကိုယ်ဟာ
အမေ့လျော့ခံမီးပွိုင့်ကြီးပါလေ ။ ။

မင်းညွန့်လှိုင်

နေတူနံတူများ နှင့် အနီးတဝိုက်


နေ့တူနံတူများ နှင့် အနီးတဝိုက်

ပျော်သလိုလို ဘာလိုလို
ပေပြီးချစ် ပေပြီးမုန်း
ပေပြီးလွမ်း ……
ပျော်သလိုလို ဘာဘာလိုလိုပေါ့

မီးကစားတယ်
ရေကစားတယ်
ဘဝမှတပါး လောင်းကြေး မရှိပြီ
ပျော်သလိုလို ဘာဘာလိုလိုပေါ့

မိုးပျံလည်း ဒီစိတ်
မြေလျှိုးလည်း ဒီစိတ်
ပျော်သလိုလို ဘာဘာလိုလိုပေါ့

ခရမ်းလွန်ရောင်ခြည် ဟာ
ကိုယ့်အသံထက် ပိုစွာလား
တတ်နိုင်ဘူးလေ
လိုသလို ချုံ့နိုင် ချဲ့နိုင်တဲ့
အိပ်မက်ကို မက်လို့မရသေးဘူး
ဆိုးပါ့  ………………

မနေ့ကထက်ပိုဝေးသွားတဲ့ကိစ္စလည်း
အရေးကြီးတာပဲ
မနေ့ကထက်ပိုနီးလာတဲ့ကိစ္စလည်း
အရေးကြီးတာပဲ ။

အေးလေ ………
မနေ့ကထက် စကားပိုနည်းကြပါစို့
မနေ့ကထက် တရားပိုမြဲကြပါစို့
ဒါပါပဲ ။

                ရန်လင်းအောင်

Thursday, April 23, 2015

အပူမီးဆို့ ဂြိုဟ်ပြာပြာ ။ ခက်ဦး

အပူမီးဆို့ ဂြိုဟ်ပြာပြာ

.............................

ညှိုးချုံး သွေ့ခြောက် နွမ်းလျ
အဇ္ဈတ္တတွေ ထုထည်လိုက်ကြမ်းရှလို့
ကမ္ဘာကြီး မချမ်းမြနိုင်တော့ ။

မိုးစက်လို မျိုးဆက်ရယ်သံသစ်တွေ
တရွှဲတနစ် ဆင့်တိုးဆကဲ ရွာချပစ်တောင်
အမြစ်နု အရွက်ချို ပွင့်သစ်မွှေးမွှေးတွေ
တကျော့ပြန် စိမ်းစိုအေးဖို့ ခက်ချေသေးပြီ ။

ခက်ဦး
၂၂ . ၄ . ၂၀၁၅ ကမ္ဘာမြေနေ့ အထိမ်းအမှတ်

(ဓာတ်ပုံ photographize ပေ့ခ်ျ မှ ကူးယူသည်

Sunday, April 19, 2015

နွေညအထပ်ထပ် ။ မောင်သော်တာ


နွေညတွေအထပ်ထပ်
____________________
စကားပြေတစ်ပုဒ်ရဲ့လေပြေညင်းကိုမဟူရာညထဲ
ဆွဲချိတ်ထားတယ်
ဘဝစာမျက်နှာတစ်ရွက်ချင်းတစ်ရွက်ချင်း
ပန်ထွာဘုရင်မရဲ့
လည်တိုင်ရင်ညွန့်ဆီကချွေးနံ့လေးလို
သင်းပျံ့နေပါပေါ့---
တောင်ခိုးတွေဝေနေ
မြူခြေဆိုင်းဆဲ
ယမ်းနံ့တွေမပြယ်သေးပါကလား
ရိုင်ဖယ်သေနတ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း
မြေသားဘန်ကာတစ်ခုရဲ့ပြဇာတ်တစ်ပုဒ်
သွေးစွန်းကျန်ရစ်ခဲ့ပြီလေ
ဝ'ဘာသာစကားနဲ့ကဗျာတစ်ပုဒ်ကိုချရေးခဲ့မှာလား
ဒါမှမဟုတ်
ရှမ်းတရုတ်လေသံဝဲဝဲနဲ့
ကောက်ညင်းဆန်အရက်နံ့ထဲမှာချိုမြိန်ရီဝေစရာ
တောင်တန်းတွေ
အရင်လိုအပြာရောင်ဆေးသားရှိပါသေးရဲ့လား
အမှောင်ညထဲကဘဝတွေအမှောင်ကိုဆန့်ကျင်ဖို့
ကဗျာရွတ်ကြည့်ချင်ပါရဲ့
တစ်ချိန်က
ရေတာရှည်ဘူတာထဲ
ဥသြသံရှည်ဆွဲရင်း
ထိုးဆိုက်လာတဲ့
ရထားထင်းတွဲပေါ်မှာ
ကျောင်းစိမ်းပုဆိုးအပြဲလေးတစ်ထည်
အလံတစ်ခုလိုလွှင့်ခဲ့ဖူးတာ
ကျနော်တို့မော့ကြည့်ချင်ပါသေးရဲ့လေ။
____________________
ဧပြီ၂၀ရက်နေ့မှာကျရောက်တဲ့
ဲ့ဆရာနိုင်ဝင်းဆွေမွေးနေ့အမှတ်တရ
____________________
မောင် သော် တာ