Tuesday, June 9, 2015
မိသားစု နဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း
ကဗျာဆရာ အောင်ဘညို ကွယ်လွန်
________________________
မန္တလေး၊ ပိုက်ကျုံသားဖြစ်တဲ့ ကဗျာဆရာအောင်ဘညို (အမည်ရင်း မောင်မောင်ဇော်) ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော် နေအိမ်တိုက်ခန်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။
လစဉ် အပတ်စဉ်ထုတ် မဂ္ဂဇင်း၊ စာစောင်တွေမှာ ကဗျာပေါင်းများစွာကို ရေးသားခဲ့သူဖြစ်သလို တခြားကလောင်အမည်ခွဲတွေ နဲ့လည်း အနုပညာဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ် ။
ကဗျာဆရာအောင်ဘညို မိသားစု နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း …………
လေးကျွန်းမြေ ကဗျာဆရာများ
Monday, June 1, 2015
ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့်မွေးန့ အမှတ်တရ
ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေပွင့်တဲ့ နေ့ပဲ။
ညောင်ပင်ကြီးတစ်ပင်အောက်က
လဘက်ရည်ဆိုင်မှာ
မောင်နီမွန်ထိုင်တယ်
ကေတုဘုန်းမော် ထိုင်တယ်
ကျွန်တော်ထိုင်တယ်
ချိုပေါ့ ခေတ်ကြီးတစ်ခွက်ကို
မျှပြီးသောက်ခဲ့ကြတယ်။
ကြာခဲ့ပြီလား
မနေ့ တနေ့ကပဲ။
လရောင်တွေ
ဖွေးဖွေးလှုပ်နေတယ်
ပန်းတွေ
အဆုပ်လိုက် အခိုင်လိုက်ပွင့်တယ်
ဒါဟာ
ကေတုမတီမှာ
ကဗျာဆရာတွေ
လူထုကဗျာဆရာတွေ မွေးနေ့တိုင်းရဲ့
မဟာသင်္ကေတ တစ်ခုပဲ။
ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေ
ပွင့်ပြီးတိုင်း
ပွင့်နေလိမ့်ဦးမယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
Sunday, May 31, 2015
ကဗျာဆရာ မောင်နီမွန် သို့ မွေးနေ့ ဆုမွန်
![]() |
| ကဗျာဆရာ မောင်နီမွန် နှင့် ဇနီး |
ကဗျာဆရာကြီးတွေက တောင်ငူလို့ပြောလိုက်ရင် မောင်နီမွန် ကြီးကော ကျန်းမာရဲ့လား လို့
တန်းမေးကြတာပါ ။
မြို့အမည်နာမရွတ်ပြရုံနဲ့ ယှဉ်တွဲသိရလောက်အောင် ကဗျာသမားတွေရဲ့အာရုံ စာရေးဆရာကြီးများရဲ့အာရုံထဲ ဝင်းခနဲ ဖြတ်ခနဲ တောက်စားသွားရလောက်အောင် အရှိန်အဝါက သူ့အပေါ်မှာ အလင်းဖြန့်နိုင်တာပါ ။
ဒီနေ့ သူ့ရဲ့မွေးနေ့ဖြစ်ပါတယ် ၊ ဘဝတလျှောက်လုံး ကိုယ့်ကိုယ်ကို အနီးကြည့်အဝေးကြည့် တကြည့်ကြည့်နဲ့ ခေတ်ပြိုင်ကဗျာဆရာကြီးစစ်စစ်တစ်ယောက်ဖြစ်အောင် သေသေချာချာ ထုဆစ် ထူထောင်ခဲ့တဲ့ သမိုင်းခေတ်တွေကို ကဗျာ့တာဝန်ကျေအောင်ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ကဗျာဆရာကြီး အသက်ရှည်ကျန်းမာ အာရုံပေါ့ပါး ဟဒယရွှင်လန်းစွာဖြင့် သူချစ်သောကဗျာများဖြင့် သက်ထက်ဆုံး ငြိမ်းအေးစွာ ဘဝခရီးကို ချစ်သော သားသမီး မြေးများဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ် ။
ခက်ဦး
အစိမ်းရောင်ငတ်တဲ့ ရှုခင်း ။ မောင်နီမွန်
![]() |
| ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ် ။ |
နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ လို့
လေးကျွန်းမြေ ကဗျာဆရာ များ က
မေတ္တာဆုမွန်ပို့သလိုက်ပါတယ် ။
လေးကျွန်းမြေ ကဗျာဆရာများ
ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ
![]() |
| ကဗျာဆရာ မောင်နီမွန် |
ကဗျာဆရာ မောင်နီမွန်
၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ
"လွန်ခဲ့တဲ့ ၂၂ နှစ်က မင်းကြီးညို ရပ်ကွက်လေးတနေရာမှာ ( ၅၀)ပြည့်မွေးနေ့ပွဲလေး
တခုမွေးနေ့ရှင်ကလုပ်ပေးပါတယ်။ကျ နော်တို့
ကဗျာရေးသူတွေ စု ပြီးဝိုင်းကြ ဖွဲ့ကြပေါ့၊အဲဒီနေ့မှာ
မွေးနေ့ရှင် ကဗျာဆရာ ကွမ်းစစားတာမှတ်မိနေတယ်။အရက်လည်း တခွက်သောက်သေးတယ်လို့မှတ်မိနေ၊၁၉၉၃။
ဒီနေ့ အသက် ( ၇၂ )နှစ် ပြည့်မှသည် နောင်လာမည့် နှစ်တွေများများ၊ အသက်ကိုပွားလို့
ကျ န်းမာ ပကတိ၊ချ မ်းသာစွာ ရှိနေ နိုင်ပါစေကြောင်း"
( ဆရာ မောင်နီမွန် မွေးနေ့အမှတ်တရ)
အောင်လွန်းမြိုင်
![]() |
| နောက်တန်း : ပန်းချီ ကိုချမ်းအေး ။ ဒဿနေမင်း ။ မောင်နီမွန် ။ ရန်လင်းအောင် ။ ကိုသားကြီး ရှေ့တန်း ; အောင်လွန်းမြိုင် ။ ကိုလွင် နန်းမြေ ။ ကိုရုန်း ။ |
ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ
![]() |
| ကဗျာဆရာ မောင်နီမွန် |
၇၂ - နှစ်ပြည့် မွေးနေ့ အမှတ်တရ
_______________________
ထူးထူးခြားခြားပေါ့လေ
ရာဇဝင်မှာရောဂန္ထဝင်မှာပါ
ခေတ်ပြိုင်အတွဲတွေကိုသတိပြုမိတယ် ။
ကောက်ကာငင်ကာပြောရရင်
မတ်နဲ့အိန်ဂျယ်
မော်နဲ့ချူ
ဇော်နဲ့ဝဏ်
မေနဲ့မြိုင်
အစရှိသဖြင့်ပေါ့လေ ။
တောင်ငူမြို့ရဲ့ကဗျာတစ်ခေတ်မှာတော့
ကေတုဘုန်းမော်နဲ့မောင်နီမွန်ဆိုတာ
စွယ်တော်ရွက်လို ဒိုင်းနဲ့ဓားလို
တွဲဖက်ညီတဲ့အိုးစားဖက်တွေပေါ့ ။
ခုတော့ဖြင့်ဦးဘုန်းမော်အလွန်မှာ
ဦးနီမွန်တစ်ယောက်သာပဲ့ 
တောင်ငူမြို့ရဲ့အိမ်ဦးခန်းမှာ
တင့်တယ်စွာကျန်ရှိနေပါပြီ ။
ပုဂ္ဂလိကဘဝမှာဦးနီမွန်ဟာ
ကျနော့်အကိုကြီးမောင်နေနွယ်(ကေတု)ရဲ့
ငယ်သူငယ်ချင်း။
ကျနော့်ရဲ့ဦးကြီး ကျနော့်ရဲ့အုပ်ထိန်းသူ ဆိုလည်း
မမှားပါဘူး ။
စာပေအနုပညာဘဝမှာဆိုရင်လည်း
နေသူအောင်ထက်(အုတ်တွင်း)လို
ကေတုဘုန်းမော်လို
ဦးငြိမ်းဝေ(ကဗျာ့အိုးဝေ)လို
ကျနော့်ရဲ့ခေါင်းကိုင်ဖခင်တဦးပါပဲ ။
မနက်ဖြန်(ဇွန်လ ၁ရက်နေ့)ဟာ
ဦးနီမွန်ရဲ့မွေးနေ့ဖြစ်ပါတယ် ။
ဘယ်နှစ်နှစ်မြောက်လဲဆိုတာတော့
တမင်မေ့ထားလို့မမှတ်မိပါဘူး ။
ကဗျာဆရာဘဝကိုသစ္စာရှိရှိရမ္မက်ကြီးကြီး
ထုဆစ်သူကြီး
ချစ်မေတ္တာနဲ့ဥာဏ်ပညာကိုမျိုးဆက်အသစ်အသစ်များဆီ
လက်ဆင့်ကမ်းရင်း
ဇနီးမယားသမီးများနဲ့ မြေးများမြစ်များနဲ့
ကျန်းမာပျော်ရွှင်ပါစေကြောင်း
မေတ္တာဆန္ဒ ပို့လွှတ်အပ်ပါတယ် ။ ။
မင်းညွန့်လှိုင်
၃၁ မေ ၂၀၁၅
စာကြွင်း
ရန်လင်းအောင်နဲ့ကျနော် ပူးတွဲကဗျာစာအုပ်[ အများဆိုင်နာမ်]မှာ
ထိမိရှင်းလင်းတဲ့အမှာစာချီးမြှင့်ပေးခဲ့တာလည်း
မမေ့နိုင်တဲ့ကျေးဇူးပြုမှုပါပဲ ။
မင်းညွန့်လှိုင်
![]() |
| ကဗျာဆရာ မောင်နီမွန် ။ မင်းညွန့်လှိုင် ။ ဒဿနေမင်း |
Subscribe to:
Posts (Atom)









