Sunday, February 14, 2016

ကျိ န် စာ - မောင်သော်တာ



ကျိ န် စာ

__________________________

ဓားတစ်လက်ကိုအဆာသွပ်ပြီးမျိုချလိုက်သလိုပဲ
ထွေးထုတ်လိုက်တယ်
ပြန်ကောက်ပြီးပါးစပ်ထဲထည့်တယ်
ထွေးထုတ်လိုက်ပြန်တယ်
ပါးစပ်ထဲပြန်ကောက်ထည့်ပြန်တယ်
အကြိမ်ကြိမ်
ဒီလိုအဆာတွေ/အစာတွေနဲ့
တည်ခင်းထားတဲ့အရသာထဲမှာ
ကျောချခိုနားရတဲ့အရိပ်လေးတွေကိုမီးထဲထည့်ခဲ့ရတာ
တောသီးတောနှံလေးတွေခြွေခဲ့ သင်ခဲ့ ခြေမွှခဲ့ရတာ
ဘုရားစင်လေးတွေ … …
ပန်းကန်စင်လေးတွေ … …
သောက်ရေအိုးစင်လေးတွေ … …
ကျိုးကြေမွကြဲလို့
ကလေးကျောင်းလွယ်အိတ်စုတ်လေးပေါ်မှာကားဘီးရွှံ့ရာကြီးဖြတ်နင်းသွား---လို့
လည်ချောင်းထဲမှာ
အရိုးနင်သလို
လက်နဲ့ထွင်ထုတ်လိုက်တဲ့ကျောမွဲအရိုးစုကြီးတွေလိုရပ်နေတယ်
ပါးစပ်ပွစိပွစိလုပ်နေတဲ့အသေကောင်ကြီးတွေအတိုင်း
သူတို့ရဲ့အသံဟာဘယ်နံရံကိုဖောက်ထွက်နိုင်သလဲ
သူတို့
သိလည်းမသိချင်ကြသလိုမျိုးနဲ့  ။             ။

မောင်သော်တာ

၁၄ ဖေဖော်ဝါရီ ၂၀၁၆

ကူးတို့ဆိပ်ရုပ်ရှင် - လွင်နောင်နောင်


ကူးတို့ဆိပ်ရုပ်ရှင်

=============

ကပိုကရို ဝါးတံတားက
မြစ်လိုလို ချောင်းလိုလိုကမ်းနဖူးမှာ
ကနွဲ့ကလျလှုပ်ရမ်းပြနေတယ်။

စွပ်ကျယ်စုတ်ဝတ်ထားတဲ့တံငါလှေပေါ်က
လူတစ်ယောက် ဆေးလိပ်သောက်ရင်း
ခံတွင်းချဉ်နေသလိုလို
လေပြိုနေသလိုလိုနဲ့
သူ့မျက်နှာနေရောင်အဟပ်မှာ ခပ်နီနီ။

ကိုင်းတံကိုင်ထားတဲ့ကလေးငယ် သုံး လေးယောက်
မျက်လုံးလေးတွေ ကျီးကန်းတောင်းမှောက်နဲ့
မရသေးတဲ့ငါးပျောက်နေတဲ့ပုံလေးတွေက
ငိုမလို ရယ်မလို
သူတို့မျက်နှာလေးတွေ ညိုနေတယ်။

ကွမ်းသွားမည်းမည်းနဲ့မိန်းမတစ်သိုက်
ဒိုးဇက် ဆက်ရင်း
မနေ့ညက ဗွီဒီယိုထဲမှာ
သူဌေးသမီးနဲ့ သူဌေးသား ချစ်ဇာတ်လမ်းအကြောင်း
စားမြုံ့ပြန်နေရင်း
ဟိုဘက်တဲက ဆယ့်သုံးနှစ်သမီးလေးလည်း
ညတုန်းကပဲလင်နောက်လိုက်သွားကြောင်း
ခိုးပြေးတဲ့ကောင်လေးက လူ့ဘော်ကြော့လေးဆိုတဲ့အကြောင်း
သန်းဥစမ်းရင်းအတင်းတုတ်နေတယ်။

လတ်လျားလတ်လျားညနေခင်းက
အပျိုသွေးပေါ်စဆည်းဆာနဲ့
မြစ်ကမ်းနားက တဲအိုလေးပေါ်မှာ
ဆယ်ကျော်သက်ညီမငယ်လေးတစ်ယောက်
သူ့အနာဂတ်ဘုစုခရုလေးကို နို့တိုက်နေတယ်။

မီးခိုးအူတဲ့တဲအိမ်ဆီက သီချင်းသံက
အဖေပြန်လာဟန်မတူသေး
ထမင်းချက်ရဟန်မတူသေးတဲ့ဟိုတစ်ဖက်တဲအိမ်ကို လှမ်းခနဲ့နေသလိုလို
"ကြက်ဆီပြန် ဝက်ဆီပြန် မအီအောင် ချဉ်ပေါင်ခံ" တဲ့။

လေအဝှေ့မှာ ဘဝညှီနံ့တွေရလို့ထင်ပါရဲ့
အုန်းပင်ပေါ်က ကျီးကန်းက လှမ်းအာတယ်
အ  အ  တဲ့။

ခပ်တက်နှစ်ချောင်းထမ်းပြီး
ဒယိမ်းဒယိုင်နဲ့ အဖိုးတစ်ယောက်
ဘုံဆိုင်ထဲက ထွက်လာတော့
အုန်းပင်ပေါ်က ကျီးကန်းက
အနာဂတ်ဆွံ့အ နေတဲ့
အဲ့ဒီဘဝတွေဆီ ထပ်အာပြန်တယ်
အ  အ  တဲ့။

သစ်ငုတ်မှာချည်ထားတဲ့ကူးတို့လှေကလေးခမျာ
မြစ်တစ်ဖက်ကမ်းမကူးမီ
ရီဝေဝေငေးလို့
သူ့လို ကူးချည်သန်းချည် ဘဝတွေဆီ … … … …

လွင်နောင်နောင်



Saturday, February 13, 2016

လေယာဉ်များ - မောင်ငြိမ်းချမ်း ( ပုဂံ/မြေ )



ေ လ ယ ာ ဥ္ မ် ာ း

____________________________


ပြေးလမ်းထဲရှိနေသရွေ့တော့
ဘေးကင်းရန်ကင်း
ခေါင်းပေါ်ဖြတ်ပျံချင်စိတ်ကြောင့်သာ
လေယာဉ်ဟာ ပျက်ကျရတယ်။

သူတို့ကမှော်ဆရာတွေပဲ
ဟပ်ချလောင်းဆိုပြီး
တစ်ပုဒ်လုံးဖျောက်ပြသွားတာမလှဘူးလား
သီချင်းထဲကဇာတ်ကောင်တွေဖြစ်ပြီး
ကမ္ဘာမကြေမရဘူး
မျက်နှာပြောင်တတ်တဲ့လေယာဉ်တွေ ။

၁၉၆၂ထုတ်လေယာဉ်များ
၁၉၈၈ထုတ်လေယာဉ်များ
ပြီးနောက်..
ခြုံကွယ်မှလေယာဉ်ငေးကြသူများ။

''လေယာဉ်ပျံကိုခဲနဲ့ပစ်ရင်ထိလိမ့်မယ်''
ရှင်ကြီးဝမ်းလား ရှင်ငယ်ဝမ်းသို့လား
မသိရတဲ့သူရဲကောင်းတွေ
လေယာဉ်ပစ်ရင်း
လေယာဉ်တွေလိုပျောက်သွားကြ ။

မနေ့က..ဟိုး. . .ကောင်းကင်မှာ
ဝဲပျံခဲ့သောလေယာဉ်များ
လွင့်ဝဲလာသောခဲလုံးများ
မြေမှုန့်တွေလို
ဒီနေ့ငါတို့ဖဝါးအောက်မှာ
ခေါင်းပေါ်ဖြတ်ပျံချင်စိတ်ကြောင့်သာ
သူတို့ပျက်ကျရတယ် ။

မောင်ငြိမ်းချမ်း(ပုဂံ/မြေ)

ပါဂျောင် - ခက်ဦး


ပါေ ဂျာ င်
____________________
              ခ က် ဦး  




သခင်အောင်ဆန်း - သန်းဆွေမိုး - ကလော



သခင်အောင်ဆန်း

_____________

တိကျပြတ်သား
ရိုးသားဖြူစင်
သူ့ရင်ဘတ်ကြီးထဲက
နှလုံးသားတစုံနဲ့
အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့
ဂုဏ်ရောင်တက် ဆောင်ပုဒ်ကို
ဒီနိုင်ငံရဲ့
သမိုင်းမှတ်တိုင်ထိပ်ဖျားမှာ
ငါတို့အတွက်
ဆွဲချိတ်လို့ထားခဲ့ပေါ့ … … …

သန်းဆွေမိုး(ကလော)


၂ေ၀၁၆ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ သို့

ဗိုလ်ချုပ် ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညရှုခင်း

ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညမြင်ကွင်း ညရှုခင်း ၊ ၁၃. ၂ .၂၀၁၆









Friday, February 12, 2016

ဆ န်း - အောင်ကိုကိုလတ် - တမူး



ဗိုလ်ချုပ်အောင်ဆန်း၏`၁၀၁´နှစ်ပြည့်မွေးနေ့သို့ ဦးညွှတ်လျှက်...

`ဆန်း´

llllllllllll

၁၉၁၅ကိုဆွဲအဖွင့်
ဖေဖေါ်ဝါရီ ၁၃မှာ
အံစာတုံးကလေးတစ်တုံးထွက်ကျလာတယ်
အဲဒီအံစာတုံးကလေးမှာ
တစ်ဖက်က ရိုးသားခြင်းကိုထုဆစ်ထားတယ်
တစ်ဖက်က ဖြူစင်ခြင်းကိုဖွင့်ဆိုထားတယ်
တစ်ဖက်က ရဲရင့်ခြင်းကိုရိုက်နှိပ်ထားတယ်
တစ်ဖက်က ညှာတာခြင်းကိုသွန်းလောင်းထားတယ်
တစ်ဖက်က ကိုယ်ကျိုးစွန့်ခြင်းကိုထွင်းထည့်ထားတယ်
တစ်ဖက်က အနစ်နာခံခြင်းကိုရေးထိုးထားတယ်
အဲဒီအံစာတုံးကလေးရဲ့လည်ပတ်မှုတိုင်းမှာ
သူ့ကျွန်မခံတဲ့စိတ်ဓာတ်တွေပါတယ်
အနိုင်မခံအရှူံးမပေးတဲ့သတ္တိတွေပါတယ်
လွတ်လပ်မှုကိုချစ်မြတ်နိုးတဲ့တန်ဖိုးတွေပါတယ်
အမှန်တရားကိုဆုပ်ကိုင်ထားတဲ့ယုံကြည်ချက်တွေပါတယ်
ကိုယ့်မြေကိုယ့်ရေကိုကာကွယ်တဲ့သစ္စာတရားတွေပါတယ်
ကိုယ့်သွေးကိုယ့်သားကိုစောင့်ရှောက်တဲ့မေတ္တာတရားတွေပါတယ်
အဲဒီအံစာတုံးကလေးရဲ့သက်ရောက်မှုတိုင်းမှာ
ပျော့ညံ့တယ်ဆိုတာဘယ်တော့မှမရှိဘူး
ကြောက်ရွံ့တယ်ဆိုတာဘယ်တော့မှမရှိဘူး
နောက်ဆုတ်တယ်ဆိုတာဘယ်တော့မှမရှိဘူး
သွေးကြောင်တယ်ဆိုတာဘယ်တော့မှမရှိဘူး
ဒူးထောက်တယ်ဆိုတာဘယ်တော့မှမရှိဘူး
အညံ့ခံတယ်ဆိုတာဘယ်တော့မှမရှိဘူး
အဲဒီအံစာတုံးကလေးဟာ
လွတ်လပ်ခြင်းရဲ့သင်္ကေတလည်းဖြစ်တယ်
တရားမျှတမှုရဲ့ရှေ့ဆောင်လမ်းပြလည်းဖြစ်တယ်
သူရဲကောင်းရဲ့အရည်အသွေးလည်းဖြစ်တယ်
ခေါင်းဆောင်မှုရဲ့ပြယုဂ်လည်းဖြစ်တယ်
ဇွဲ လုံ့လ ၀ီရိယရဲ့အဓိပ္ပါယ်လည်းဖြစ်တယ်
စွန့်လွှတ်စွန့်စားခြင်းရဲ့အမှတ်အသားလည်းဖြစ်တယ်
အဲဒီအံစာတုံးကလေးကို
မျက်နှာဖြူတွေလည်းခေါက်ကြည့်ခဲ့တယ်
ဖက်ဆစ်တွေလည်းခေါက်ကြည့်ခဲ့တယ်
လက်ပါးစေတွေလည်းခေါက်ကြည့်ခဲ့တယ်
ဘယ်အချိန်ခေါက်ခေါက်
ဘယ်နေရာခေါက်ခေါက်
အဲဒီအံစာတုံးကလေးက
အသံတစ်သံတည်းထွက်တယ်
`ငါ့နိုင်ငံကိုလာမထိနဲ့´တဲ့။

အောင်ကိုကိုလတ်(တမူး)

၈.၂.၂၀၁၄