Sunday, October 14, 2012
အောင်လွန်းမြိုင် ၊ အန္တိမ တနင်္ဂနွေ
အန္တိမ တနင်္ဂနွေ
အောင်လွန်းမြိုင်
နားရက်တစ်ရက်ဟာ
ပျင်းစရာကောင်းလောက်အောင်
တောင့်တောင့်ကြီးသေလို့ ။
မိတ်ဆွေတွေ
သူငယ်ချင်းတွေ
စကားပြော ငြင်းခုံဖေါ်တွေ
ဘယ်မှာလဲ
တနင်္ဂနွေဟာ
တနင်္ဂနွေတစ်ရက်ကို ရှာဖွေရင်း
ငါတစ်ယောက်တည်းလား
ပျင်းစရာတောင် အဖေါ်မရှိ ။
အိတ်ကပ်ထဲနှိုက်ကြည့်တော့
ပြားကပ်ကပ် တနင်္ဂနွေတစ်ရက်
ထွက်ကျလာတယ်
စိတ်တိုတိုနဲ့ ပြန်ကောက်ပြီး
လွှင့်ပစ်လိုက်တယ် ။
ရှားနှစ်သားဆေးကောက်ထဲက
ပင်စင်စား တစ်ယောက်ရဲ့
တနင်္ဂနွေ . . . . . . . . .
ဂေါက်ရိုက်တံ အဖျားကနေ
တဖြည်းဖြည်း ကျင်းထဲလှိမ့်ဝင်သွားတဲ့
တနင်္ဂနွေ . . . . . . . . .
ခေတ်ပေါ်ကောင်လေး၊ ကောင်မလေးတို့ရဲ့
အလည်လွန် တနင်္ဂနွေဟာ
တနင်္ဂနွေတစ်ရက်နဲ့ တွေ့ပြီး
ကားမှတ်တိုင်မှာ
လူတွေ တစိစိနဲ့ တက်နင်းမိလို့
စင်းစင်းသေနေပေါ့ ။
အဲဒါ
ငါ့အိတ်ကပ်ထဲက ထွက်ကျသွားတဲ့
ပြားကပ်ကပ် တနင်္ဂနွေတစ်ရက်လေ ။ ။
အောင်လွန်းမြိုင်
ကလျာ မဂ္ဂဇင်း / ၁၉၉၆
တွင် ဖေါ်ပြပြီး ။
Subscribe to:
Posts (Atom)