Wednesday, August 14, 2013

မြို့ကြီးတွေ ရဲ့ အပြင်ဘက်၊ written by ; မောင်သော်တာ





မြို့ကြီးတွေရဲ့   အပြင်ဘက်

မမင်းဖြူမှန်မှန်ပြော ။
မင်းဟာငါတို့ရဲ့  ပြောရေးဆိုခွင့်ရှိသူပါ ။
ဇကောလောက်မှ ဇကာမစိပ်
နေစောင်းသမျှအရိပ်တို့ရှည်လျား
တရားတစ်ခုကို တရားတစ်ခုနဲ့ချေဖျက်တာ တရားတယ်
တို့များနားထဲ
ခေတ်အစားဆုံးသီချင်းနှဲ့နှဲ့သွင်းပေးခဲ့တာဘယ်သူလဲ
ကိုယ့်လူတွေနဲ့တွေ့တုန်းမေးရဦးမယ်။
မှန်ဘီလူးသာတပ်မကြည့်ရင် အဝေးဘယ်သူမှ မမြင်နိုင် ။

၁၉၈၈ . . . ၁၉၉၀  သေမှာမကြောက်လို့ ပေတရာလျှောက်
၂၀၀၈ … ၂၀၁၀ တစ်နွယ်ငင်တော့ တစ်စင်ပါသွား ။
ဦးလေးလည်း ပြည်သူတစ်ယောက်ပါ  ၊ မိသားစုကို ငဲ့ရဦးမယ်ဆိုတဲ့ရုပ်နဲ့
ငုတ်တုတ်မေ့နေခဲ့တဲ့   ငါတို့ ။
ငါတို့ "အ " တာ မှန်ခဲ့တဲ့ အမှန်တရား နဲ့   ငါတို့ ။
ဆွဲကြည့်သလောက်ဆန့်ထွက်လာတဲ့သံသရာထဲက   ငါတို့ ။
မရုန်းနိုင် မထွက်နိုင်
မနက်တိုင်း  ရုံးတက် ရုန်းတက်နေရတဲ့    ငါတို့ ။
လမ်းပြင်နေသည်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေအောက်
နေပူခံရောက်ခဲ့တဲ့   ငါတို့ ။
တံတားဆောက်နေသည် ဆိုတဲ့ စာလုံးမည်းကြီးတွေနဲ့
သွားဖြဲ  ပြူးကြည့်ခဲ့ရတဲ့   ငါတို့ ။

ခွင့်ပြုမယ်ဆိုရင်ပါတီဝင်မဟုတ်လည်း
ငါတို့နိုင်ငံ ငါတို့ ရေးလို့မရဘူးလား ။
ငါတို့ အခွင့် ငါတို့ ရေးလို့မရဘူးလား
ငါတို့လယ်  ငါတို့ စပါး
ငါတို့ထမင်းစားရတာ ဘယ်သူ့ကျေဇူး
ဘုရားထူးရဦးမှာလဲ ။
ဘယ်လိုအလျော်အစားဘယ်လောက်အပေးအယူနဲ့
ငါတို့ကို ချော့မြှူခဲ့ကြသလဲ  
ငါတို့ခြံ ငါတို့ စည်းရိုး
ဘယ်သူတွေဖျက်ချိုးနေပြီလဲ ။
ငါတို့ရဲ့  ညစာ    အမှောင်ထဲက ဆွဲထုတ်ပါရစေတော့ ။
ငါတို့ အနား လာလာရံနေတဲ့ ငါတို့ ရန်သူတွေကို မင်းမြင်ရဲ့ လား ။
စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ  တစ်စီလိုက်ကောက်နေရတဲ့
ငါတို့အသက်ရှူသံတွေကို    မင်းကြားရဲ့ လား
မမင်းဖြူ 
ပြော
ပြော
မမင်းဖြူ  မြန်မြန်ပြော 

အခုမှ အနူကြား ၀ဲစား ခေါင်းမော်
ဖီလော်ဆော်ဖီတွေ တော်ကီတွေ လော်လီပေါ့ ပ်တွေနဲ့
လာဖဲ့နေတာငြိမ်ခံရမှာလား  

မမင်းဖြူရေ
မှန်တာကိုမြန်မြန်ပြောပါတော့ ။
မင်းဟာ ငါတို့ရဲ့  မီဒီယာ
ခေါင်းလောင်းကြီးသလောက် ထိုးအားကောင်းမှ အသံမြည်မယ်
ဝိုးတ၀ါးကောင်းကင်ကြီး ရဲ့  အောက်
ငါတို့  မြို့ ကြီးတွေ  မှိန်ပျောက်ပျောက်ဖြစ်လုပြီ ။                 

                                မောင်သော်တာ

မောင်သော်တာ ရဲ့ ငြိမ်းချမ်းရေး ......




ငြိမ်းချမ်းရေး

လေရှူလေရှိုက်
ဖောင်းပိန်ခိုက်လေး
အမိုက်ကင်းရပါလို၏ ။

                          မောင်သော်တာ