Sunday, May 22, 2016

ဟာသ​မှာ အနာ​တွေမပါ​စေနဲ့ကိုယ့်​လူ - လင်းသက်​ငြိမ်



ဟာသမှာအနာတွေမပါစေနဲ့ကိုယ့်လူ


လိုနေတာရောင်းသူမဲ့ဈေးဆိုင်တွေ
မဟုတ်ဘူးဆိုတာသိသင့်တယ်
တစ်ရာတန်ပစ္စည်းဟာတစ်ရာတစ်ကယ်တန်ဖို့
အရေးကြီးပါတယ်
ပိုက်ဆံထိပ် အပ်ချည်ကြိုးသီပြီး
ကစားရမယ့် အရွယ်မဟုတ်တော့ဘူး
ဝလုံးလေးတွေကိုဖြည်းဖြည်းချင်း
ဝိုင်းခဲ့ကြရတယ်
မဟုတ်လား
အရပ်တွေလည်းဖြည်းဖြည်းချင်းရှည်လာခဲ့တာပဲ
မဟုတ်လား
ကိုယ်အကုန်ခံနိုင်တဲ့ငွေကြေးနဲ့
မည်းနေတဲ့မီးသွေးခဲတွေကို
ဘာလို့ တံတွေးထွေးမှာလဲ
စဉ်းစားပါ တွေးခေါ်ပါ စေတနာထားပါ
အလှူမှာထမင်းစားပြီးပုဆိုးနဲ့လက်သုတ်တာကို
ရယ်မောဖို့ကြိုးစားရင် ခင်ဗျားသုံးနေကျ
လက်သုတ်နဲ့ သူဝတ်ထားတဲ့အဝတ်အစားကို
ချိန်ထိုးကြည့်ပါလား
ကိုယ်အရပ်မြင့်တိုင်း ပုတဲ့လူတွေကို
ခေါင်းငုံ့ငုံ့ကြည့်တတ်တဲ့အကျင့်ကိုပြင်လို့ရရင်
ခင်ဗျားမြင်ချင်တဲ့လောကနဲ့
ခင်ဗျားအကြီးကြီးမဝေးတော့ပါ။

လင်းသက်ငြိမ်

သာဓုသုံးကြိမ်​ - ​မောင်​ကြူးရင့်



သာ ဓု သုံး ကြိ မ်


လွပ်လွတ်ရေး ရပြီးစ
ဒီမိုကရေစီ ခေတ်ဦး ကလေးဘဝတုန်းက
အဖေက ဘုန်းကြီးကျောင်းထွက်
အမေက သေစာရှင်စာတောင်မတတ်
ဖွတ်ကျောပြာစု ခရုဆံကျွတ်ဆင်းရဲပါတယ်
တပတ်မှာတခါလောက် အမေများ
ကြက်သားဟင်း ချက်ပြီဆိုရင်တော့
ဘာပြောကောင်းမလဲ အလွန်ပျော်
ခေါင်းမဖေါ်အောင်လွေးခဲ့တာကိုသတိရတယ်

ပစ္စုပ္ပန်တည့်တည့်
လတ်လတ်ဆတ်ဆတ် ဒီကနေ့မှာ
ပြည်သူလူထုခေါ်ခေါ်
နိုင်ငံသူ နိုင်ငံသားခေါ်ခေါ် ရပါတယ်
ရက် တရာဖြစ်ဖြစ် ရက်တထောင်ဖြစ်ဖြစ် ရပါတယ်
အိမ်တိုင်း အိမ်တိုင်းထမင်းဝိုင်းကလေးတွေ
မြိုးမြိုးမြက်မြက် မြိန်ရေရှက်ရေ ဝဝလင်လင်
ပျော်ပျော်ရွှင်ရွှင် အေးအေးလူလူ စားနို​င်ဖို့
ဒါကဘာ အရေးကြီးလို့လဲ
သခွပ်ပင်က မီးတကျီကျီ ပြောလည်းရပါတယ်
ခုရေတွင်းတူး ခုရေကြည်သောက်လို့
ရပါ့မလားပြောလည်းရပါတယ်
ဆန် ဆီ ဆား ကြက်သား ဝက်သား ငါး
ရွှေပဲသီး ငွေပဲသီး ရွှေကစွန်း ငွေကစွန်း
မီးဖိုချောင်သုံပစ္စည်းကလေးတွေသာ
ထက်ဝက် ကျော်ကျော်သာကျအောင်
စာတတ်ပေတတ် အစိုးရမင်းများက
ဆောင်ရွက်ပေးတော်မူကြပါ
သာဓုသုံးကြိမ်ခေါ်မေတ္တာပို့အိပ်ပါ့မယ်။         ။

                   မောင်ကြူးရင့်

                   ၂၂့  ၅့  ၂၀၁၆