Monday, February 29, 2016
ဗုံ - ခက်ဦး
ဗုံ
_____________________
သားရေပိတ်အကျက်ခံ
ငယ်ထိပ်အနှက်ခံမှ
ကိစ္စပြီးမတဲ့လား … …
မလိုချင်ဘူး                    
ပင်စည်ခေါင်းအတိုင်း
တောင်စောင်းကသာ
ကန်ချလိုက်ပါ ။
ရင်ကွဲသေပစေ
ဇာတ်သိမ်းလိုက်မကွဲ့
ငါ့ အသံနဲ့ငါ … … …
ခ က် ဦး
ကျွန်တော် ကဗျာရွတ်တော့ - တမျိုးနီ
ကျွန်တော်  ကဗျာရွတ်တော့ … … _______________________
ကျွန်တော်ကဗျာရွတ်တော့
အမေက အနားမှာ
"သား အမေ ဘာမှ နားမလည်"
ကျွန်တော်အမေ့ကို သနားတယ် ။
ကျွန်တော်ကဗျာရွတ်တော့
အဖေက အနားမှာ
"သား အဖေ ဘာမှနားမလည်"
ကျွန်တော်အဖေ့ကို သနားတယ် ။
ကျွန်တော်ကဗျာရွတ်တော့
ညီ ညီမတွေအနားမှာ
"ကျွန်တော်/ကျွန်မတို့ ဘာမှနားမလည်"
ညီ ညီမတွေကို သနားတယ်  ။
ကျွန်တော်ကဗျာရွတ်တော့
ကျွန်တော့်နားမှာ ရွာသားတွေ
"ငါတို့ ဘာမှနားမလည်"
ကျွန်တော်သူတို့ကို သနားတယ် ။
ကျွန်တော် ရွတ်တာကိုသူတို့ငေး
သူတို့ငေးတာကို ကျွန်တော်ကြည့်
ကျွန်တော့်ကိုယ်ကျွန်တော်လည်း သနားမိတယ် ။        ။
 တမျိုးနီ
လောကဓံသို့ ပြန်ကြားချက် - တင်လတ်ကို
လောကဓံသို့ ပြန်ကြားချက်
__________________________
အလဲ့
အလာကြီးပဲ
ဒုက္ခကလည်း
မင်းမှတ်ပြီလားတဲ့
တွေ့ ရတာ ဝမ်းသာပါတယ် ။
ရန်သူကလည်း
ခုလောက်ဆို
ငါ့ချောက်ကို ကြောက်နေရောပေါ့တဲ့
ရယ်ရတယ်
တွေ့ ရတာဝမ်းသာပါတယ်လို့ ။
အဖေသေပြီးပြီ
အမေသေပြီးပြီ
အစ်ကိုလည်းသေပြီးပြီ
ရှိတဲ့ညီတယောက်က အဝေးမှာ
လာထား
တွေ့ ရတာဝမ်းသာပါတယ်လို့ ပြောဖို့ 
ငါစောင့်နေပါတယ်   ။         ။
တင်လတ်ကို
Sunday, February 28, 2016
မိုင်းစများ - မြန်ဟိန်း
မို င်း စ များ
_______________
ကလေးတစ်ယောက်ရဲ့နေ့တွေ
ထိခိုက်ကွဲကြေ  … … …
အိပ်မက်တွေပါ
သတ်ဖြတ်ခဲ့လေတယ်  ။      ။
မြန်ဟိန်း
ခရမ်းရောင်အသံဖွဖွလေး - ပိုင်သစ်နွယ်
ခရမ်းရောင်အသံဖွဖွလေး
___________________________
စိတ်ထဲ မထားပါနဲ့ တဲ့  ။
ကသိကအောက်ဖြစ်သွားရုံလေးပါတဲ့ ။
စိတ်ထဲ မထားပါနဲ့တဲ့ ။
အမှားပါမှာ စိုးလို့ပါတဲ့ ။
စိတ်ထဲ မထားပါနဲ့တဲ့ ။
အထင်ဆိုတာ လွဲခွင့်ရှိပါတယ်တဲ့ ။
စိတ်ထဲ မထားပါနဲ့တဲ့ ။
စိတ်ထဲ မထားပါနဲ့တဲ့ ။
စိတ်ထဲ မထားပါနဲ့ ဆိုတဲ့
ဆေးလိပ်မီးဟာ
ငါ့ဦးခေါင်းထဲမှာ တဖွားဖွား … … …
စိတ်ထဲ မထားပါနဲ့ဆိုတဲ့
ရေငုပ်သင်္ဘောဟာ
ငါ့ရင်ထဲမှာ ခုတ်မောင်းလို့ ။          ။
ပိုင်သစ်နွယ်
၂၀၁၄
ကျွန်တော့်ဇနီး ယနေ့ညပြောပြပါသော ကဗျာ -မောင်သက်ငြိမ်
ကျွန်တော့်ဇနီး _________________
ယနေ့ညပြောပြပါသောကဗျာ____________
ရှင်နဲ့ပေါင်းလာတာနှစ်အစိတ်ရှိပြီ
ရှင့်သားအကြီးကောင်ဘွဲ့ရတော့မယ်
ရှင့်သားအိမ်ထောင်ရက်သားပြုတော့မယ်
ရှင့်သားအငယ်ကအခုမှ ခုနှစ်တန်းလေ
ရှင်သေလို့မဖြစ်သေးဘူး
ရှင်ထောင်ထဲရောက်တော့ ကျမမှာဖတ်သီဖတ်သီ
ရှင့်အတွက်သောကများလှပြီ
ရှင်ဟာ အခုထိ ဆင်နဲ့ခြင်မကွဲသေးဘူး  ။
ကျမရှင့်ကိုချစ်တယ်
ကျမရှင့်ဘဝထဲဝင်တော့ အဖေမျက်ရည်ကျတယ်
ကျမရှင့်ကိုမဆုံးရှုံးချင်ဘူး
ကျမနဲ့ရှင်နောင်ဘဝတွေ့ချင်သား
ကျမရှင့်ထက်အသက်ကြီးသူဖြစ်ချင်တယ်
ရှင့်ကိုနားဝင်အောင်ဆုံးမချင်လို့  ။
နေမင်းကြီးက တံခါးခေါက်ရင်
ရှင်နေထွက်တာမြင်ရပါစေမယ်  ။
လမင်းကြီးကပြုံးပြရင်
ကျမတို့အတူပြုံးမယ်နော်  ။
 မောင်သက်ငြိမ်
ကျွန်တော် မုန့်ပျားသလက် - စိုးနောင် - မုံရွာ
ကျွန်တော် မုန့်ပျားသလက်
______________________
မေမေကမုန့်ပျားသလက်ဆိုင်လေးဆိုရင်
ကျွန်တော်ကမုန့်ပျားသလက်လေးပေါ့
ဟောဒီ  မြန်မာ့မြေပေါ်က ကြီးကျယ်ခမ်းနားနေတဲ့
နိုင်ငံခြားမုန့်ဆိုင်ကြီးတွေကြားမှာ
ရိုးသားစွာဂုဏ်ငယ်ကြတာပေါ့မေမေ ။
ဆန်မှုန့်လိုဖြူစင်တဲ့ဘဝထဲ
ထန်းလျက်လိုချိုမြိန်တဲ့
မေမေ့မေတ္တာတွေထည့်လုပ်ထားတဲ့
ကျွန်တော်ဟာ ပဲဆီစစ်စစ်ဆမ်းထားတဲ့မျက်နှာနဲ့ -
အဆိပ်တွေနဲ့ ဟန်ဆောင်ပြုံးတတ်သူမဟုတ်ကြောင်း
မြင့်မြတ်စွာဂုဏ်မောက်နေပါရစေမေမေ  ။
                                              စိုးနောင် - မုံရွာ
Saturday, February 27, 2016
သတင်းစာဖတ်ခြင်း- အောင်ကိုကိုလတ် - တမူး
သတင်းစာဖတ်ခြင်း
______________________________
မီးကိုစတင်တွေ့ရှိသူရဲ့ဥပမာနဲ့
မီးဟာနာမည်ကြီးနေတယ်
မီးသတ်ကားကိုစတင်တီထွင်သူရဲ့အဓိပ္ပါယ်နဲ့
မီးသတ်ကားဟာမျက်နှာပန်းပွင့်နေတယ်
သုခထက်
ဒုက္ခဟာနာမည်ကြီးလို့
ရှင်ရေးထက်
သေရေးဟာမျက်နှာပန်းပွင့်လို့
စမ်းသပ်မောင်းနှင်နေတဲ့လေယာဉ်ပျံဟာ
ဘိန်းခင်းတွေကြားထဲပျက်ကျသွားတယ်
သတင်းစာမှာသတင်းခေါင်းစဉ်မပါလည်း
မီးသတ်ကားတွေဥသြဆွဲနေပြီ...။
အောင်ကိုကိုလတ်(တမူး)
Friday, February 26, 2016
တစ်ကိုယ်တော်ငြိမ်းချမ်းရေး - သစ်ပင်
တစ်ကိုယ်တော်ငြိမ်းချမ်းရေး 
_________________________________
လက်ခုပ်သံမသာယာတာဟာ
လက္ခဏာဝါးသွားလို့ဖြစ်မယ်ဆိုတဲ့အသိနဲ့
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှ မငြိမ်းချမ်းဘူးဆိုတာ မဖြေလိုက်ချင်ဘူး
ဒိုင်း .....
တောဝက်တွေ ရွာထဲဝင်တာဖြစ်မှာပါ
ဒိုင်း .......
ဝင်းထရံကျိုးတာဖြစ်မှာပါ
ဒိုင်း .........
အိမ်တံခါးမကြီး ကန်ဖွင့်သွားတာပါ
ကောင်းရာကောင်းကြောင်း တွေးပဲတွေးတတ်နိုင်လွန်းတယ်
နားထင်တေ့ထားတဲ့သေနတ် တူအကြီးကောင်နောက်တာလား
ဒီအလွမ်းလောက်နဲ့တော့ မအောင်မြင်နိုင်ဘူး
မေတ္တာတွေ နာနာပို့ရင်း
ပရိတ်ရေ များများသောက်ရင်း
ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတာ မသေချာဘူး
လူတွေအားလုံးငြိမ်းချမ်းဖို့ကို ငါမလုပ်နိုင်ဘူး
ချစ်ခြင်းတရားကို အကုန်သင်မပေးနိုင်ဘူး
ချစ်ခြင်းကြီးကြီးနဲ့
ကိုယ့်ကိုကိုယ်ငြိမ်းချမ်းစေလိုက်ရုံနဲ့
ငါ့ဘက်က ငါတတ်နိုင်တာနဲ့ ငါငြိမ်းချမ်းနေလိုက်မယ်
တေ့ထားတဲ့သေနတ်မောင်း ဘယ်အချိန်ဖြုတ်ဖြုတ်
ဝင်းထရံဘယ်အချိန် ချိုးချိုး
ငါ့ရင်ထဲတည်တဲ့ချစ်ခြင်းဟာ ငါပြုတဲ့သာသနာပဲ ။    
သစ်ပင်
Feb 19,2015
AM 12:10
လွန်လေပြီးသောနှစ်က နတ်မောက်ကိုဖန်ဝါဆီရောက်စဉ် ရေးဖြစ်တဲ့ကဗျာပါ။
သန်းပေါင်းများစွာ - ဆောင်းချစ်ငြိမ်
သန်းပေါင်းမျာစွာ
_________________
အလင်းဖွက်သူ
အမှောင်ထုထဲ
ဖယောင်းသားထဲက ကြိုးမျှင်လေးတွေနဲ့
မြင်ကွင်းရဲ့ အသက်ကို
သူတို့•••••
ခိုးယူကြရတယ်  ။     ။
 ဆောင်းချစ်ငြိမ်
ပဋိစ္စသမုပ္ပါဒ် - မောင်ငြိမ်းချမ်း - ပုဂံမြေ
ပ ဋိ စ္စ သ မု ပ္ပါ ဒ်
_____________________________
တစ်နေ့နေ့ဆိုတာ
ရနိုင်သမျှတွေအပြည့်နဲ့ပုလင်းလေး
ပုလင်းလေးဟာယောင်ယမ်းတတ်
ယောင်ယမ်းရင်းအဆို့ ဖွင့်မိသွား
ဖွင့်သွားတဲ့သူကိုမြင်လိုက်ရ
မြင်လိုက်ရသမျှပြောရရင်သေခြင်းတရား
သေခြင်းတရားသေပြီ
သေတဲ့ထဲမျှော်လင့်ချက်တွေပါသွား
ပါသွားတဲ့အရာကတစ်နေ့နေ့ပဲ
တစ်နေ့နေ့ဆိုတာ … … … … …
မောင်ငြိမ်းချမ်း(ပုဂံ/မြေ)
လွ င် ပြ င် - ေ အ း ေ စ
လွ င် ပြ င်
______________________
တိမ်တွေ လွင့်နေတာပါ
တစုံတခုကို ဖမ်းဆုပ်ထားရတာ
ညောင်းလာတော့
လက်ပိုက်ထားလိုက်တာပါ
လေတွေနဲ့ထိတွေ့ထားမိတယ်
အလျားလိုက်ပျံသန်းနေတဲ့ဗျိုင်းအုပ်ကို
လက်တစ်ဖက်ဝှေ့ယမ်းပြီး
နှုတ်ဆက်လိုက်တယ်
ကုက္ကိုရွက်ကြွေတစ်ရွက်ကို
မြေပြင်ပေါ်မကျစေချင်တာလည်း
စေတနာ
ဖိနပ်မပါလည်းရတယ်
မြက်ပင်များ ရှိရုံနဲ့တင်
အိမ်ကိုပြန်ရောက်ပါတယ်  … … …
အေးစေ
အူ သံ - ၈ - နီဇူလိုင်
အူ သံ - ၈
______________________
အရွေ့တစ်ခုရဲ့ 
အသံမဲ့ပြဇာတ်မှာ
လက်ခုပ်သံတွေသောသောညံလို့
အရိပ်တွေကတော့
ဆူဆူညံညံ
တရိပ်ရိပ်ကျန်ခဲ့ … … …
နီဇူလိုင်
၁၇.၂.၁၆
ကျောင်းသင်္ခမ်း - မောင်ကြူးရင့်
ကျောင်းသင်္ခမ်း
___________________________
ခန္ဓာထဲပေါက်ရောက်နေတဲ့
အမုန်းတွေရိတ်သိမ်းပေးလိုက်တယ် ။   ။
မောင်ကြူးရင့်
Wednesday, February 24, 2016
အပေးအယူသံခိပ် - ခင်လွန်း
အပေးအယူ သံခိပ်
________________________
ဟိတ် … …
အတိတ်ကို
လာမပြောကြေး
တဆိတ် … အရိပ်ကို
လာမနင်းကြေး
ပါးပျဉ်း မထောင်
အိပ်ချင်ယောင် ဆောင်နေ
မင်းပျော်ပါစေ ။            ။
ခင်လွန်း
၂၀ ဖေဖော်ဝါရီ၊  နေ့- ၄ နာရီ
အမြဲစိမ်းတော - ချောဘသစ် ၊ ကျော်ဇင်ငထင်
*  အ မြဲ စိ မ်းေ တာ *
________________________________
မေတ္တာတရားဟာ
ဟိုးဝေးဝေးတောင်ကုန်းလေးတွေပေါ်
တရွေ့ရွေ့တဖြည်းဖြည်း  တွားတက်လာ
အမှောင်စိမ်းစိမ်းထဲ
အလွမ်းဟာ  မျက်စိလည်လမ်းမှား
သီချင်းကလေးတစ်ပုဒ်ကို  လမ်းပြခိုင်းရရှာ ။
ခယောင်းလမ်းကြောင်းနဲ့
သောကထမ်းထားတဲ့  လမ်းသွယ်လေးကို
စိတ်အလင်းနဲ့ဖွင့်ချလိုက်တော့
လောကရဲ့စမ်းချောင်းလေး...
တသွင်သွင်စီး
လေပြေစိမ်းစိမ်းလေးတွေ တစ်မိုးသောက်
အိပ်မက်စိမ်းစိမ်းလေးလည်း  လန်းလာပြီ ။
ရေတံခွန်သူတော်စင်
သူ့တရားဟာ...
တဝေါဝေါစိမ်းမြ
စိမ်းလန်းသော  ကမ္ဘာသစ်ဆီ ။  ။
   ချောဘသစ် ၊ ကျော်ဇင်ငထင်
ရုပ်သေးအဖွဲ့ - သားထက်ဆွေ
ရုပ်သေးအဖွဲ့
_______________________
အရုပ်
ကြိုးပြတ်
ရုပ်သေးဇာတ့့် 
ကြိုးပြတ်
အရုပ်
ထိုးဇာတ်လုပ့့် 
ထိုးဇာတ်
အရုပ်
ကြိုးလိမ်ရုပ့့် 
ထိုးဇာတ်မဝင်
ကြိုးပြတ်ပြင်
ပီပြင်အရုပ်
တီထွင်ထုတ့့် 
ကြိုးပြတ်
ထိုးဇာတ်
အရုပ်တွေရှုပ်  … … …
 သားထက်ဆွေ
ရင်တမမ ရုပ်ရှင် - လွင်နောင်နောင်
ရင်တမမရုပ်ရှင်
==============
ဇာတ်လမ်းတလျှောက်လုံး
မိဂျမ်းခံခဲ့ရတယ်
ဇာတ်ညွှန်းကိုကမိဂျမ်းခံရအောင်
ရေးထားတာ
မိဂျမ်းအသည်းကွဲတယ်
မိဂျမ်းလင်ရတော့လည်း ဇာတ်လမ်းသဘောအရ
သူ့လင်သေပေးရတာပဲ
မိဂျမ်းခံစားရတာပေါ့
မိဂျမ်းကလေးတွေနဲ့ဇာတ်နာအောင်
ထပ်ခွဲထားပြန်တော့
မိဂျမ်းရင်ကွဲပက်လက်
ဒီကြားထဲ မိဂျမ်းအပြစ်မရှိပဲ
ပိုဇာတ်နာအောင်ဆိုပြီး
မိဂျမ်းကိုထောင်ချသေးတယ်
ကျွန်တော်တို့မှာ
မိဂျမ်းကိုဂရုဏာသက်ရ
မိဂျမ်းကိုသနားရ
မိဂျမ်းခမျာ လောကဓံဒုက္ခတွေကို
လှိမ့်နေအောင်ခံရတာ
မိဂျမ်းမှမိဂျမ်း ငါတို့မိဂျမ်း ဇာတ်နာခဲ့ရတယ်
အခု မိဂျမ်းနိုင်ပြီ
ဇာတ်လမ်းထဲမှာ မိဂျမ်းပြုံးနိုင်ပြီ
ဇာတ်လမ်းထဲမှာ မိဂျမ်းဆီကံကြမ္မာအလှည့် ပြန်ကောင်းပြီ
ဇာတ်လမ်းကမပြီးသေးဘူး
ဇာတ်ညွှန်းဆရာကလည်းနောက်ထပ်
ဇာတ်လမ်းကိုဘယ်လိုဆက်လှည့်မယ်
မသိသေးဘူး
ဒါရိုက်တာတော့ သိမှာပေါ့လေ
ဇာတ်ညွှန်းဆရာကို သူ့ခါးပိုက်ထဲထည့်ထားတာကိုး
အခုမိဂျမ်းနိုင်နေပြီ
ဒါပေမယ့်
ဇာတ်လမ်းသဘောအရ
ဇာတ်နာသဘောအရ
မိဂျမ်းလှုပ်မရသေးဘူး
ကျွန်တော်တို့လည်းမိဂျမ်းပျော်ပါစေဆုတောင်းရင်းပေါ့
ဒါရိုက်တာကိုဆဲရင်းပေါ့
ဇာတ်ညွှန်းဆရာကိုအော်ရင်းပေါ့
မိဂျမ်းအတွက် ရင်တမမ ပေါ့။       ။
လွင်နောင်နောင်
လ က်ေ ဝှ - မောင်သော်တာ
လ က်ေ ဝှ့ 
________________________
ထိုး  ထိုးစမ်း
ငါ့မေးရိုးတည့်တည့်
ထိုး  ထိုးကွာ
ငါ့အရှိုက်ထိအောင် မိမိရရ
ထိုးမိလိုက်ရဲ့လား
ငါ့ဦးနှောက်အသိဉာဏ်နှလုံးသားကို … …
မောင်သော်တာ
ဖေဖော်ဝါရီ၂၁  ၂၀၁၆
ခြ - မောင်လေးဇော် - ရွှေခယ်မြေ
‪ခြ
သေသေချာချာ
သေတ္တာထဲ ထည့်သိမ်းခဲ့
အနှစ်နှစ် အလလ မျှော်လင့်ချက်တွေ … …
တစ်နေ့နည်းနည်းလား
တဝတပြဲလား
ကိုယ်မသိနိုင်ခင်မှာ
နှလုံးသားတစ်ခုလုံး
အစအနတွေ အဖြစ် ။
"သည်လိုဖြစ်လိမ့်မည်မှန်းမသိ၍
သိမ်းဆည်းခဲ့မိသော
အချို့အရာများသည်--------"
မောင်လေးဇော်- ရွှေခယ်မြေ
အရောင်များနဲ့ ကဗျာ - လင်းသက်ငြိမ်
အေ ရာ င် များ နဲ့ က ဗျာ
______________________________
အသားအရောင်တွေအသာထား
သွေးရောင်တွေပိုးစိုးပက်စက်ပွင့်တဲ့
နိုင်ငံတော်သားတစ်ယောက်အနေနဲ့
အနုပညာကိုဒေါသမပါပဲဖွဲ့မရဖြစ်ရ
နိုင်ငံရေးဘာမှန်းကျွန်တော်မသိပါဘူး
ဒီမိုကရေစီအကြောင်းအပြည့်အဝ
ကျွန်တော်နားမလည်ပါဘူး
လူကလူကိုသတ်တာ
မကောင်းဘူးထင်ပါရဲ့
လူကလူကိုနှိပ်စက်တာ
မကောင်းဘူးထင်ပါရဲ့
နိုင်ငံ့ဥစ္စာကိုအိတ်ထဲကဖားလို
ထုတ်ထုတ်ရောင်းတာ
မကောင်းဘူးထင်ပါရဲ့
မြို့သားအစစ်ကြီးတွေကို
မြို့ပြင်မောင်းထုတ်တာ
မကောင်းဘူးထင်ပါရဲ့
မိဘပြည်သူများဆိုပြီး
ပြည်သူတွေရဲ့မိဘလိုဆက်ဆံနေတာ
မကောင်းဘူးထင်ပါရဲ့
ဘာမှမဟုတ်တဲ့
နေရာထိုင်ခင်းကလေးအတွက်
ဥာဏ်ပညာတွေကိုသတ်ပစ်တာ
မကောင်းဘူးထင်ပါရဲ့
သေနတ်ဆိုတာ
လက်ဗလာနဲ့လူတွေကိုပစ်ခတ်ဖို့လား
အာဏာဆိုတာ
ကိုယ့်နေရာအတွက်ထုတ်သုံးရတဲ့
အစွယ်လား...
မကောင်းဘူးထင်ပါရဲ့
မကောင်းဘူးထင်ပါရဲ့
ဘာတစ်ခုမှမကောင်းဘူးထင်ပါရဲ့
ဘထူးလည်းပုလိပ် ပုလိပ်လည်းဘထူး
ရှေ့ဘုန်းကြီးတစ်ချက်ခေါက်
နောက်ဘုန်းကြီးနှစ်ချက်ခေါက်
ဒီပုတ်ထဲကဒီပဲများ
နွားခြေရာနောက်ကလှည်းဘီးလို
အရူးပြီးအရူး
ငမူးပြီးငမူး
မကောင်းဘူးထင်ပါရဲ့
မကောင်းဘူးထင်ပါရဲ့ … … …
လင်းသက်ငြိမ်
Tuesday, February 23, 2016
သုခုမ - ရန်လင်းအောင်
သု ခု မ
____________________
ရမလားလို့
စောင်းတစ်လက်လုံး
မွမွခြေ ။
စောင်းသံရယ်လို့
မတွေ့ရ ။               ။
          ရန်လင်းအောင်
           ၂၃ ၂ ၂၀၁၆
လေးကျွန်းမြေ ကဗျာများ - အမှတ် - ၁
here download -
https://www.dropbox.com/s/wywp0yohdt03qky/poem%20of%20the%20fourisland.pdf?dl=0
မီးခိုးရောင် သက်တံ - တင်မင်းထက်
မီးခိုးရောင် သက်တံ
______________________
သက်တံဟာ မီးခိုးရောင်
အနုအရင့် -
အနီ အပြာ အဝါ
အခြေခံအရောင်တွေက အစ
မမြင်ရတဲ့ ခေတ်တွေ … …
စာကြည့်တိုက်
ပန်းချီပြခန်း
ကလေးကစားကွင်း
ဒုတိယအရောင်တွေ … … …
တောက်ပဖို့
ကျောက်တုံးချင်း မီးခတ်
နေကြဆဲ နေ့တွေ …… … …
တင်မင်းထက်
သတိရခြင်း - မြန်ဟိန်း
သ တိ ရ ခြ င်း
________________________
အထီးကျန်ခြင်းဟာ
လ မ်းေ ပါ် မှာ … …
မင့်လက်သည်းကြားဝယ်
နှလုံးသား တဆတ်ဆတ်ခုန်စဉ်
ပုံပြင်ဟာပုံပြင်ပါပဲ … … …
တစ်လုံးတည်းသောကျောက်ခဲဟာ
မီး,ထမပွင့်နိုင်ရိုးအမှန် - - - - -  
မြ န် ဟိ န်း
ဘိုးဘွားအမွေ - အိဖြူ
ဘို း ဘြ ာ း အ ေ မြ
______________________________
အေမေလ
ဒီအကြောင်းပြောရင် မျက်ဝန်းတွေတောက်လို့
နင်တို့ အဘိုးက
ရွာမှာသူဋ္ဌေးတဲ့
လယ်ပိုင် ယာပိုင် နွားပိုင်ဆိုပဲ
နားထောင်ကောင်းတဲ့ ပုံပြင်တွေပေါ့
အမေညာတယ်
တို့ဟူးကြိုလို့ အသားမာတက်
အမေ့လက်တွေ
မမြင်ချင်တဆုံးလေ
စိန်ပွင့်လေးနှစ်လုံး ဖျိုးဖျိုးဖျတ်လို့
မီးခိုးမှိုင်းကြားက လက်နှီးစုတ်လေးပေါ်မှာပေါ့
ဝါးကြမ်းခင်းပေါ်ကနေ
ရွှေထီးကလေးကို လည်ပြန်ငေးနေလေရဲ့
ဆိုင်နေရာလေးမြဲဖို့ပဲ
ဆုတောင်းရအောင်ပါအမေ
အဖိုးရဲ့ အမွေက
အဖေ့ကို ခြေတိုစေတာတဲ့လား
ထီးဖြူ ပြီး ဖိနပ်ပါးလည်း
ရလာဒ်က ဝင်းခတ်ကုန်ပြီ
ဟီးလို့ပါ ဗျာ
အမေ့အိပ်မက်တွေ
ညီမလေး ကျောင်းစရိတ်နဲ့
မောင်လေးအလှူ လေ
အဆောက်အဦးတွေဖြစ်ကုန်ပြီဗျ
လျော်ကြေးလေးရရင်
အဖိုးရည်စူး အလှူပေးဦးမတဲ့
လိုက်လေ ဝေးလေဘဝတွေမှာ
ခွေးဖြစ်တာတောင်
မျှော်စရာ ဆင်မရှိခဲ့ဘူး
ကဲပါ … အမေရယ်
တောင်သူမဟုတ်ပေမယ့်
ဓာတ်တူ နာမ်တူ
တို့ဟူးလေးပဲ ရောင်းပါဗျာ
အိပ်ပျော်ရင်းအမေပြုံးနေရှာတယ်
မှိုင်းညှော်ဝနေတဲ့
မဲပြောင်ပြောင် မျက်ခွံအောက်က
မျက်လုံးလေး လှုပ်လို့
သူ့အိပ်မက်ထဲ
တပ်ပိုင်ဝင်းကြီးကို
ထွန်ယက်လို့ပျိုးကြဲနေရော့လား … …
အိဖြူ
Monday, February 22, 2016
ငု ဝါ - တမျိုးနီ
ငု ဝါ
____________________________
ကျောင်းရောက်အောင်မြန်မြန်ပြေးပြီး
သူလာရာလမ်း ငေးရတဲ့အရသာ
တုန်ရီမောဟိုက်
တိတ်တိတ်ကလေး
လေပြေတွေ ဖြတ်ပြေးအသွား
ကိုယ့်ရင်ဘတ်ကို ဘရိတ်ဆွဲထားရ
လှ ရက်လိုက်တာ ပန်းငုဝါ ။
ကိုယ့်ရင်မှာတော့
နွေ မိုး ဆောင်း သုံးရာသီ
ငုဝါပန်းဆိုင်း လေးတွေပဲ အမြဲပွင့်
ကိုယ်အတင့်ရဲ လိုက်ဖို့ ကြိုးစားတိုင်း
ကျောင်းတက်ခေါင်းလောင်းထိုးသွား
သူ့ အတန်းလေးဆီ လွမ်းညို့သွားရတဲ့ မိုးသားအဖြစ်
ကိုယ်ရပ်ပြီး ရွာနေခဲ့ရ ။
ကျောင်းလမ်းမှာ ကြွေနေတဲ့သစ်ရွက်လေးကအစ
ငုဝါကြောင့်လှတယ်
နွေဥသြ
ခြောက်သွေ့မြေ
ကုက္ကို ပင်တန်း
ပန်းစက်ဘီးအဖြူ လေး
ကိုယ့်အတွက် ကဗျာ ပဲ
အလွမ်းဆိုတာ ညတာရှည်တာကို
အံကြိတ်ခံရတာပဲ
ဖယောင်းစက်လေးတွေဟာ
ငုဝါ အမည်ပဲ
ကိုယ်ကျက်ရမယ့် သင်ခန်းစာဟာ
ငုဝါ မျက်နှာပဲ
အချ စ်ကြောင့် သူရဲကောင်းပဲ
ကျောင်းအုပ်ကြီးလည်း မကြောက်ဘူး ။
စနေ တနင်္ဂနွေတိုင်းမှာ
ကိုယ်ဖျားတယ်
ညနေဆည်းဆာဆီ ငေးမော ရတာ
စက်ဘီးကလိန်လေးတွေထဲ နားစိုက်ရတာ
အတန်းထဲကနေ ငုဝါရှိရာ
အမြဲငေးနေရတာ
ကိုယ့်လက်ဆစ်တွေဟာ သက်သေပဲ ။
သူတစ်ချက်ပြုံးတိုင်း
ကိုယ့်ရင်လှိုင်းကြွ
ကြည်နူးရတာ
ဘယ်ခါ သူသိ
ရင်ထဲငြိမလဲ
ငုဝါကျောင်းလွယ်အိတ်ထဲ
အချစ်ကိုစီထားတဲ့ စကားလုံးတွေ မှောင်ခိုရောက်
ကိုယ့်တကိုယ်စာ ခြောက်ခြားမှု
ခုတော့ ပြန်လည် မရတော့ဘူး ။
ဒီလိုနဲ့
သစ်ရွက်တွေ ကြွေခဲ့တယ်
နွေလေပြေတွေ တိုက်ခဲ့တယ်
ဖုန်းထူထူလမ်းလေးတွေ လေပွေကျ
ယိမ်းကခဲ့တယ်
ခေါင်းလောင်းသံတွေ ဆိတ်သွားခဲ့တယ် ။    ။
 တမျိုးနီ
အသံမဲ့တေး - လှိုင်ကိုဦး
အသံမဲ့ တေး
______________
တဖက်ကမ်းက ဘုရားရှင်တော်
တယောက်ထဲ
ဖူးမြော်ရတဲ့အခါ။
ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီ
တစ်ခွက်
အငွေ့တဝေဝေ တက်တဲ့အခါ။
အက်ကွဲကြွေကျနေတဲ့ နံရံ
တစ်ခုကို
ငေးရီမိတဲ့အခါ။
မကြားနိုင်တဲ့ သီချင်းတစ်ပုဒ်
နှလုံးသားတစ်ဆုပ်စာ
ကြားလိုက်ရတယ်။
လှိုင်ကိုဦး
အူ သံ - ၇ - နီဇူလိုင်
အူ သံ - ၇
__________________
အပ်ကြောင်းထပ်စရာမရှိတဲ့
ဓာတ်ပြားမဲ့
ရေဒီယိုကောင်းကောင်းတစ်လုံးရဲ့ 
ခုမှ - စဖွင့်ခွင့်ရတဲ့
ခေတ်ဟောင်းတေးသွားတစ်ပုဒ် … …
နီဇူလိုင်
၁၁.၂.၁၆
Sunday, February 21, 2016
အေ ဖ - ဝင်းမင်းစိုး -( မိတ္ထီလာ )
အ ေ ဖ
________________________
ငယ်ငယ်တုန်းက
သူ့အနီးဆုံးက လောကဓံဆိုတာကြီးကို
မမြင်ခဲ့တဲ့အဖေဟာ
အခု
အဝေးမှုန်နေတဲ့မျ က်လုံးတွေနဲ့
ဟိုး……အဝေးကြီးက သားသမီးတွေဆီ
အငေးကြီးငေးလို့  ။
ဝင်းမင်းစိုး(မိတ္ထီလာ)
အားလပ်ရက်၊ မိတ်ဆွေတစ်ဦးနှင့်စကားပြောခြင်း - တင်လတ်ကို
အားလပ်ရက် ________
မိတ်ဆွေတစ်ဦးနှင့်စကားပြောခြင်း
_________________________
ကမ္ဘာကြီးသည် လုံးဝန်းပါသည်
သို့ သော်  …
အမှန်တရား၌ဘက်နှစ်ဖက်မရှိပါ
သို့ သော် …
အစိုးရတိုင်းအစိုးမရပါချေ
သို့ သော် …
ထိုသို့ ပြောအပြီး
အရူးသည် ခွက်ခွက်လန်အောင်ငိုကြွေးလေတော့သည်။  ။
တင်လတ်ကို
လူနေအိမ်လေး - ေ အ း ေ စ
လူနေအိမ်လေး 
_____________________________                                                           
လူနေအိမ်လေးတွေ
လူနေအိမ်လေးတွေ
လူမနေတဲ့အိမ်တွေလဲရှိကြတယ်
လူတွေမနေတော့
ဘယ်သူတွေ
နေထိုင် စားသောက်ပါလိမ့်မလဲလို့
စဉ်းစားမနေကြပါနဲ့တော့  ။
လူနေအိမ်လေးထဲကသာ
လင်းလင်းရှင်းရှင်း လူလူသူသူ
လူနေအိမ်လေးတွေ
မွေးဖွားသန့်စင်လာဖို့လိုတယ်။
လူနေအိမ်လေးက ရိုးရိုးလေးပါ
လူနေအိမ်လေးက
ဖြောင့်ဖြောင့်ဖြူးဖြူးရယ်ပါ
ဒါ  … … …
သိပ်ကိုပျင်းစရာကောင်းသွားပါပြီတဲ့
လူနေအိမ်လေးက
ပူဆွေးဝမ်းနည်းလာရတယ်။
ခက်တော့ ခက်သားပဲ
လူနေအိမ်လေးကို
စာလုံးပေါင်းသတ်ပုံ မှန်ဖို့ရာကလည်း
လွယ်တော့ မလွယ်လှဘူးမဟုတ်လား … … …
ေ အ း ေ စ
သ မီ း စ က ာ း - ၂ - ခက္ဦး
သမီးစကား - ၂ 
______________________
မောမောနဲ့
ကျောပိုးအိတ်ပိုက်ထိုင်ချ
စကားစပြောတယ်
သမီး မကတော့ဘူးမေမေ
ဆရာမကိုပြောခဲ့လိုက်ပြီ
ဘာလို့လဲသမီး
...........................
................................
သမီးတို့အဆင့်တွေသိရပြီ          
သမီးဘယ်လောက်ရလဲ
ဆယ့်ရှစ်
သမီးကဒါကြောင့်မကတော့တာလား
ဟုတ်....  
သမီးဘာသာသမီးဆရာမကိုသွားပြောတာပေါ့  
ဟုတ်...
သမီးပဲကချင်လှချည့်ဆို...
မကတော့ဘူးမေမေ
နောက်နှစ်မှ.......
အဆင့်ကောင်းအောင်လုပ်ပြီးမှ....
ကတော့မယ်......
............................
............................
ပြောရင်းပြောရင်း
မျက်ဝန်းညိုးလေးတကျော့ပြန်စွတ်စို
အရောင်ပြန်လက်လာ
စကားနဲ့အမူအရာ
ပြန်ပေါ့ပါးလာ
ရယ်ကာမောကာ
ပြန်အေးချမ်းလာ
............
......
............
......
ကျွန်တော့်ရင်ထဲ
နွေးကနဲ
ကလေးဆိုတာ..
တခါတခါ........
လူကြီးတွေရဲ့ဆရာ  … … …
ခ က် ဦး
Saturday, February 20, 2016
သမုဒယအလင်း - ချောဘသစ်
သ မု ဒ ယ အ လ င်း 
__________________________
လရောင်အောက် စီးနေသောမြစ်ထဲ
'ဖျတ်'ခနဲ ထခုန်သွားတဲ့ ငါးကလေး
သူ့မေတ္တာအကြေးခွံလေးရဲ့ ဘော်ငွေရောင်ဟာ
နှလုံးသားမှာ...'ဝင်း'ခနဲ  'လက်'ခနဲ
စိတ်ပိုက်ကွန်ကို ဖြန့်ချမိသူ ...ငါ
အလင်းတံငါ … … …
စိတ်တံငါ … … …
ငါးကလေးကပြောတယ်
"သူ့မေတ္တာအလင်းကြောင့် မှောင်နေသူ ငါမြင်တာ"တဲ့ ။
သူ့ကုသိုလ်ဝင်းဝင်းလေးမှာ
ငါ...ထွန်းလင်းမိ
ငါ...ငါ့ အကုသိုလ်အရိပ်ကိုမြင်မိ။
တစ်ယောက်ကိုယ်ရောင်ကိုယ်ဝါနဲ့ တစ်ယောက်
ပွင့်သွားတဲ့အလင်းတံခါးလေးကိုဖွင့်
မြတ်ဘုရားမှာ ဆီမီးကလေးကပ်လှူ
တောင်းသောဆုဟာ...
သံသရာအဆက်ဆက်
တို့နှစ်ယောက်ရဲ့ခရီး "လင်း"စေဖို့  … … …
ေ ချာ ဘ သ စ်
(20;2;2016  11:22 Pm)
လ မ်း - မင်းညွန့်လှိုင်
 လ မ်း
~°~°~°
ကိုယ့်မြို့လေးမှာ
လမ်းသစ်တွေ တိုးလာတယ် ။
ဦးဝင်းဖေလမ်း တဲ့
သခင်မြလမ်း   တဲ့
ကိုယ်က
လမ်းရှာနေတဲ့ကောင် ။
တနေ့
ကိုယ့်လမ်း ကိုယ်ထမ်းလို့
ကိုယ်ပြန်လာခဲ့မယ် ။            ။
                        မင်းညွန့်လှိုင်
စိ တ် - လင်းသက်ငြိမ်
   စိ တ်
~°~°~°~
စိတ်ပျော်ရာလွင့်ရင်း စိတ်မပျော်မရွှင်ဖြစ်ရ
စိတ်လိုက်မာန်ပါတွေ စိတ်ပျက်လက်ပျက်ဖြစ်လို့
စိတ်ရွေ့တိုင်းကိုယ်မပါ
နွားသိုးပဲဆိုဆို တိမ်မြူပဲပြောပြော
စိတ်က ထောက်တည်ရာမဲ့ပြေးတယ်
စိတ်ချမ်းသာ ကိုယ်ချမ်းသာများ
စိတ်နေဘုံဖျားလား...
စိတ်နဲ့ကိုယ်ကပ်ဖို့ထက် စိတ်ကိုစိတ်နဲ့ကပ်ထားဖို့
ပိုအရေးကြီးတယ်...တဲ့
စက္ကန့်တွေထဲမှာ မွေး သေနေတဲ့စိတ်တွေ
တဖျပ်ဖျပ်လူးလို့
စိတ်က ဆပ်ပြာပူဘောင်းလို 
အထိမခံရွှေပန်းကန်
ငါ့ စိတ်ကို လာမစမ်းနဲ့နော်
ငါ့ စိတ်ကို ငါသိတယ်
ငါ့ စိတ်ကို မင်းတို့မသိဘူးလားကွာ
စိတ်က ပင်ဝါးရုံလေယူတိမ်းတယ်
အရှေ့ အနောက် တောင် မြောက်
နေရာအနှံ့ခုန်ပေါက်ယိမ်းထိုး
စိတ်ဖျော်ဖြေစရာတွေက
စွန့်ပစ်ပစ္စည်းတွေလို ဗုံးပေါလအော
`ရေသည် အဆိပ်ဆေးတို့နှင့်ပေါင်းမိသောအခါ
ထိုအဆိပ်ဆေးတို့၏ အကြီးအမှူး 
ရှေ့သွားခေါင်းဆောင်ဆရာကြီးဖြစ်သကဲ့သို့
စိတ်သည် ကုသိုလ် အကုသိုလ်တို့နှင့်
ပေါင်းရောမိသွားသောအခါ
ထိုကုသိုလ် အကုသိုလ်တို့၏ အကြီးအမှူး
ရှေ့ဆောင်ဖြစ်တော့သည်´။  *
စိတ် စိတ် စိတ်ပေါ့ဗျာ(စာအုပ်တစ်အုပ်ရဲ့နာမည်)**
`စိတ်ရတက် အညစ်ထူ အပြစ်မူထွေပြား
တတွေတွေ သေလို့သွားရင်လ
တဖွားဖွားအောက်မှာ 
ယမနယ် ဘုံအနှုန်း အကုန်လုံးစုကြမည်သာ။***
လင်းသက်ငြိမ်
*    ဓမ္မပဒ ၊ ယမကဝဂ် ၊
**  မောင်မောင်ထွန်းအောင် ( ကျန်းမာရေး )
*** လယ်တီဆရာတော်ဘုရားကြီး
Friday, February 19, 2016
ဇ ရာ - ဉာဏ်လင်းဦး
www.abstract.com
ဇ ရာ
~°~°~
လောင်စာမကျန်
မီး လျှံ လျှံ ညှိုး
အ နာ တိုး ပြီ  ။       ။
                ဥာဏ်လင်းဦး
ဥ သြ သံ - မောင်သော်တာ
www.abstract.com
ဥ သြ သံ
________________________
ကလေးဘဝ
လူစီးမီးရထားကြီးတွေကိုမြင်ရတိုင်း
ပစ္စည်းစစ်ကစားစရာအရုပ်တစ်ခုကောက်တွေ့သလို
ပျော်ရွှင်ခုန်ပေါက်
လက်ကလေးတွေမြှောက်ခါ မြှောက်ခါ---   ---
ရထားပေါ်ပါလာတဲ့ကလေးတွေကရော
ရိပ်ခနဲပြေးနေတဲ့လမ်းဘေးမြင်ကွင်းအနီးအဝေးတွေကို
ငေးလို့
ပျော်လို့
လက်ပြနှုတ်ဆက်လို့။
အရွယ်စုံလွန်မြောက်လာတဲ့အခါ
ကလေးဘဝနှလုံးသွေးတွေခမ်းခြောက်သွားပြီလား
ပျော်ရွှင်စရာဝတ္ထုအာရုံတွေကျပျောက်ခဲ့ပြီလား
ဒဏ်ရာရ ရထားတစ်စင်းလိုခုတ်မောင်းပြေးလွှားရင်း
နှုတ်ဖျားမှာ
မြည်တမ်းအော်ဟစ်လိုက်တိုင်း
စကားလုံးတွေဖရိုဖရဲ
ဝန်ထုပ်ဝန်ပိုးတွေတရွတ်တိုက်ကြီးပါလာတယ်။
မောင်သော်တာ
ဇန်နဝါရီ၃၁   ၂၀၁၆ တောင်ငူ
ေ မြ း ေ န ႔ - သန်းဆွေမိုး - ကလော
www.abstract.com
ေ မြ း ေ န့ 
°°°°°°°°°°
တနေ့ တနေ့ ရယ်နဲ့
တရွေ့ ရွေ့
ရွေ့၍  ရွေ့၍လာ
ရှေ့မှာ … … …
ငါတို့ ငြင်းဆန်နေတဲ့အရာ
တ ဖြ ည်း ဖြ ည်း  … …
နီးလိုသာလာခဲ့ပေါ့         ။           ။
             သန်ဆွေမိုး(ကလော)
                   ၁၄-၂-၂၀၁၆
Thursday, February 18, 2016
အ န တ္တ - မောင်ကြူးရင့်
အ န တ္တ
~°~°~°~
သစ်ကိုင်းခြောက်ပေါ်
ငှက်အိုကြီးတကောင်ငေါင်လို့  ။          ။
                                    မောင်ကြူးရင့်
                                   ၁၉့  ၂့  ၂၀၁၆
မိုးလင်းပေါက်ကဗျာ - ပိုင်သစ်နွယ်
မိုးလင်းပေါက်ကဗျာ
အိပ်မပျော်လို့
မိုးလင်းပေါက်လက္ဘက်ရည်ဆိုင် သွားထိုင်ဖြစ်တယ်
ငါ့လို
မိုးလင်းပေါက်ထိုင်နေတဲ့ ခွေးခြေခုံတွေ
ငါ့လို မိုးလင်းပေါက်လင်းနေတဲ့ဓာတ်တိုင်တွေ ငါ့လို
မခြွေဘဲ ကြွေနေတဲ့ကဗျာ
ငါ ရေးဖြစ်တယ်
မိုးလင်းပေါက်ကြယ်တွေကို တစ်ပွင့်စီ ခြွေရင်းပေါ့လေ   ။                     ။
ပိုင်သစ်နွယ်
ေ နွ ရှု ခ င်း - စိုးနောင် - မုံရွာ
ေ နွ ရှု ခ င်း
~°~°~°~
သူ့ရင်ကိုသံရိုက်ပြီး
ရေအိုးစင်ဆောက်ထားတယ်
ရေအိုးစင်ပေါ်မှာ
ရေအိုးဟာစွတ်စိုအေးမြလို့။
တစ်ယောက်ပြီးတစ်ယောက်
အမောပြေပြီးရေဆာပြေပြီး
သူ့အရိပ်အောက်ကထွက်ခွာသွားကြ
သူ့မှာသာ … …
ပူလောင်လို့ရေဆာလို့ကျန်ရစ်ခဲ့  ။
နေရောင်ခြည်တွေရွှဲရွှဲစိုနေတဲ့
တံလျှပ်ချောင်းနံဘေးကသစ်ပင်တစ်ပင် ။
စိုးနောင်(မုံရွာ)
လွ မ်းေ စ တီ - မောင်ငြိမ်းချမ်း - ပုဂံမြေ
လွ မ်းေ စ တီ
~°~°~°~°~
ခိုးကြွေသွားတဲ့
ကြယ်လေးတွေမှာနာမည်ကိုယ်စီနဲ့
ကြယ်ငေးသူမှာ
တခုတ်တရစုဆောင်းထားတဲ့ကိုယ်ပိုင်အလင်းနဲ့
ကောင်လေးရယ် ကောင်မလေးရယ်
အဓိဋ္ဌာန်ကျောက်တုန်းလေးကို
အတူတူမခဲ့ကြတယ်
ဆည်းလည်းသံလွင်လွင်မှာဆုတောင်းစာတွေချည်နှောင်ဖူးကြတယ်
အတူပြေးတက်ဖူးတဲ့လှေကားထစ်လေးတွေလည်း
ပျင်းကြောဆန့် လဲလျောင်းဆဲ
စေတီကုန်းလေးလည်း
အရင်လိုမြို့ဝေးလူဝေးမှာလရောင်ဆာဆဲ
ကြဲချလိုက်တဲ့ပျိုးစေ့တွေ
ဘယ်မှာကျပေါက်မှန်းမသိရသလို
ကောင်လေးကကြယ်ကလေးဖြစ်သွားတယ်
ကောင်မလေးက
ရင်ပြင်စပ်ကျောက်တုံးအိုကိုမှီရင်း
ညတိုင်းကြယ်ငေးလို့    ။         ။
မောင်ငြိမ်းချမ်း(ပုဂံ/မြေ)
အူ သံ - ၆ ။ နီဇူလိုင်
ပ န်း ချီ  - နီဇူလိုင်
အူ သံ - ၆
°~°~°~°~
ဒီခရီးကို..
ဒီနည်းနဲ့သွားဖို့
ငြင်းဆန်ရင်း … …
မောင်းနှင်အားတခုနဲ့ညပ်ပါ
တရွတ်တိုက်လိုက်နေရရှာတဲ့
ဝင်ရိုးတပ်ဘီးဟောင်းကလေးဆီက
ညည်းသံ … … … … …
                 နီဇူလိုင်
                 ၉.၂.၁၆
စနေတစ်နေ့ ဆရာမြ နှင့် စာဖတ်သံများ - ခက်ဦး
ပန်းချီ - မျိုးမင်း
စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ
_________________________________________
                                     ခ က် ဦး
ဆရာမြသန်းတင့်ရဲ့ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့လိုက်ရသည် ဆရာမြသန်းတင့်ချစ်သူများဆိုတဲ့ ဂရုတစ်ခု ဆက်တွေ့ရပြန်သည် ။ လွန်ခဲ့သော ၁၈နှစ်ခန့်က မထင်မရှားရှိခဲ့သည့်ကျွန်တော့်ရဲ့ အတိတ်ကရက်စွဲတစ်ခု၊
စာမျက်နှာတရွက်____
ကျွန်တော့်ကိုဖတ်ရှုသွားခဲ့ဖူးသောစာမျက်နှာတရွက် ၊
 အခုကျွန်တော့်ကို ဖုန်မှုန့်ကလေးများခပ်ရွရွမှုတ်ထုတ်ပြီး ပြန်လည်လှန်လှော ဖတ်ရှုခံနေရသလို ခံစားလိုက်ရပြန်ပါသည် ။
လွန်ခဲ့သော ၁၈ နှစ်ခန့်က ရက်စွဲတစ်ခု၏ တနေ့သော စနေ တရက်တွင်ဖြစ်ပါသည် ။ ကျွန်တော်က ထိုနေ့တွင် တောင်ငူမြို့ ရေတာရှည်၊ ဇေယျဝတီ၊ ကြံလုပ်ငန်း ရုံးတစ်ရုံးတွင် တယ်လီဖုန်းစောင့်ဝန်ထမ်းတစ်ဦးဘဝနှင့် ရုံးအချိန်ပိုဆင်းနေခဲ့ရပါသည် ၊ ထိုနေ့က ရုံးပိတ်ရက်အချိန်ပိုဆင်းရသူက ကျွန်တော်တစ်ယောက်ထဲသာဖြစ်သဖြင့် ရုံးတွင်အထက်အရာရှိလည်းတစ်ဦးတစ်ယောက်မျှရှိမနေ ဘဝတူဝန်ထမ်းများလည်းရုံးမတက်ကြရဘဲ ကျွန်တော်တစ်ယောက်ထဲသာ မြို့လယ်က အိမ်တစ်လုံး၏ အပေါ်ထပ်တစ်ခုကိုငှားဖွင့်ထားသော ရုံးခန်းကျဉ်းလေးတစ်ခုထက်ဝယ် တယ်လီဖုန်းတစ်လုံးနှင့် သကြားစက်နှစ်လုံးမှ ပေးပို့ရောက်ရှိလာသော ရုံးချုပ်သို့ပို့ရန်စာရင်းဇယားများ စောင့်ယူ တဆင့်ပေးပို့ဖို့ ရုံးစောင့်သာသာ တယ်လီဖုန်းစောင့်ဝန်ထမ်းငယ်လေးအဖြစ်တစ်ယောက်ထဲရှိနေခဲ့ဖူးချိန်လည်းဖြစ်ပါသည် ။
Wednesday, February 17, 2016
အ သံ … - မြန်ဟိန်း
http://www.carlasonheim.com/wp-content/uploads/2014/02/consolation.jpg
အ သံ … …
°°°°°°°°°°°°°°°°°°°°°°°
နှလုံးသားနဲ့ လွှမ်းထားတယ်  ၊
တောင်ပံပွင့်ဖတ်ကလေး
တွန့်ကြေသွားမှာစိုးရဲ့ ၊
မ င့် ကို
မဖမ်းရက်ပါဘူး
လိပ်ပြာငယ်  … … …
မြန်ဟိန်း
မီးမှတ်တမ်း - တင်လတ်ကို
http://www.google.com.mm/search?q=fire+abstract+painting&prmd=ivsn&source=lnms&tbm=isch&sa=X&ved=0ahUKEwiK6ZWQ-v7KAhUNkY4KHYiwCogQ_AUIBygB&biw=360&bih=524#imgrc=tS-vMCi_H6IsAM%3A
မီး မှ တ် တ မ်း
°°°°°°°°°°°°°°°°°
မီးဗျို့
မီးမီး ။
တနေ့ တနေ့ 
ကြားနေရတဲ့အသံ။
တနေ့ တနေ့ 
မကြားချင်ဆုံးသောအသံ။
ရေ
မီး
မင်း
ခိုးသူ
မချစ်မနှစ်သက်သောသူ
တခုပြီးတခု။
ရေပုံးကိုယ်စီနဲ့ 
တော်လှန်ရေးနည်းပေါင်းစုံ ကုန်ခဲ့ပြီ ။ ။
တင်လတ်ကို
Tuesday, February 16, 2016
အ နှု တ် ကိ န်း များ - ခ င် လွ န်း
http://www.lagassegallery.com/galleries/1655/1655.htm
အနှုတ်ကိန်းများ
........................
အိပ်မက် မက်ပါတယ်
တိမ်နဲ့ငြိနေတယ်
ရှေ့ဆက်လို့မရဘူး
အိပ်မက်ဟာ
နိုးမက်ဖြစ်သွားတယ်
ငါ့ ဘ ဝ
ညတည ဆုံးရှုံးသွား … … …
                        ခ င် လွ န်း
၁၇ ဖေဖော်ဝါရီ ၂၀၁၆
၀၀း၃၇
Monday, February 15, 2016
ချိုး ဖြူ - မောင်ကြူးရင့်
ချိုး ဖြူ
___________________________
အ ပြာေ ရာ င် အ သံ ကို ကြား ချ င် ပြီ ။
မောင်ကြူးရင့်