“မိုးကုတ်ဆရာတော်ဘုရားကြီး၏
သစ္စာတရား နာ ၊ ပွါးများ တရားတော်”
မဂ္ဂသစ္စာမှာ ဘာဝေတဗ္ဗကိစ္စ= “ပွါးများရတဲ့ကိစ္စ”ရှိတယ်။
သစ္စာတရား နာရုံနဲ့မရဘူး။ ပွါးမှရမယ်။
“စကားပြောနေတာ၊ စာကျက်နေတာ”ဟာ ပွါးတာမဟုတ်ဘူး။
သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကို၊ ဥပမာ- ရုပ်ကိုရှုတဲ့ပုဂ္ဂိုလ်သည်
ရုပ်တွေ့ရုံနဲ့ ပွားတာမဟုတ်ဘူး။ ရုပ်၏သဘာဝဖြစ်ပျက်တွေ့မှ
ပွားတယ်လို့မှတ်။ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာတွေ့ရုံနဲ့
ပွားတာမဟုတ်ဘူး။ ဝေဒနာကို ကျော်လွန်ပြီး၊
“ဝေဒနာ၏ အဖြစ်အပျက်” ကိုသိမှ ၊ ဒါကို အဖန်တလဲလဲကြည့်နေမှ
ပွါးတယ်လို့မှတ်။
ဒီတော့ နိဗ္ဗာန်ရောက်တဲ့အလုပ်ဟာ ပွါးများမှုအလုပ်ပါပဲ။
ပွားများမှရမယ်။ ပွားများမှုအလုပ်လုပ်မှ ကိလေသာသေမှု
(သတ်မှု) ကိစ္စပြီးတယ်။ ပွားများရာမှာ ဝေဒနာရှုတော့
ဝေဒနာတွင် တွေ့နေသေးတယ်ဆိုရင် လိုသေးတယ်။
ဝေဒနာ၏ ပင်ကိုယ်သဘာဝကဖြင့် ဖြစ်ပြီးပျက်တဲ့
သဘောပါလားလို့ ရှုနေရာမှာ၊ ဖြစ်ပြီးပျက်တဲ့
သဘောကိုရှုတော့ ဝေဒနာမဟုတ်တော့ဘူး။
သြော် အနိစ္စပါလား၊ ဖြစ်ပြီးပျက်တာလေးပါလားလို့
သိလာတယ်။ဒီ ဖြစ်ပျက်ကို အဖန်ဖန်ကြည့်=
ရှုနေရင် ဘာဝေတဗ္ဗ= ပွားများမှုဖြစ်ပြီ။
ဘုန်းကြီးကဟောတဲ့ တရားကို နားထောင်တဲ့အခါမှာ ၊
ဒီက ဟောလိုက်တဲ့တရားကို နားထဲကကြားပြီး၊
ဟောတဲ့ ဒေသနာဉာဏ်ကို အစဉ်လျှောက်ပြီး
(ဒေသနာဉာဏာနုသာရေန) ဉာဏ်က ခန္ဓာထဲလှည့်လိုက်ပါ။
စိုက်ကြည့်ပါ။ ဉာဏ်ကို ခန္ဓာကိုယ်ပေါ်မှာ စေလွှတ်ပါ
(ဉာဏံပေသေန္တဿ)သည် ခန္ဓာငါးပါးထဲက တစ်ပါးပါးကို
ဉာဏ်က စိုက်ကြည့်ပေးပါ။
(ဉာဏုတ္တရဿဟောတိ)တဲ့၊ ဟောရင်း
မတ္တနဲ့ ဉာဏ်တက်လာပြီး၊ သြော် တစ်ကိုယ်လုံးဟာ
အဖြစ်အပျက်မှတစ်ပါး ဘာမှ မရှိပါလားလို့ အဖြစ်အပျက်မြင်တဲ့ဉာဏ်
တက်လာလိမ့်မယ်။ အဲဒါ (ယထာဘူတဉာဏ်)ပဲ။
နောက် ဖြစ်ပျက်မုန်းတဲ့ဉာဏ် တက်လာလိမ့်မယ်။
အဲဒါ (နိဗ္ဗိန္ဒဉာဏ်)ခေါ်တယ်။ နောက် အဖြစ်အပျက်ကိုပင်
ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပါလားလို့ ပိုင်းခြားတဲ့ဉာဏ်
အလိုလိုတက်လာပြီး ဒေသနာအဆုံးမှာ သောသာပန်တည်နိုင်တယ်။
ဒေသနာဉာဏ် အစဉ်လျှောက်ပြီး ခန္ဓာထဲ ဉာဏ်ရောက်ပြီး
(ဉာဏ်က ပွားများပြီး) ဉာဏ် ၃-ဆင့်နဲ့
တက်သွားလို့ သောတာပန်ဖြစ်လာတာ။
နားက ကြားတာကို ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်ကို
လှည့်ခိုင်းလို့ရှိရင် ဉာဏ်တက်လာပါလိမ့်မယ်။
ဒီဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ဖြစ်ပြီး ၊
သစ္စာကျအောင်တက်လို့ရှိရင် တရားပွဲအတွင်းမှာ
ကိစ္စပြီးတယ်လို့မှတ်။
“တရားနာနည်း”
•••••••••••••••••••••••
ဒီတော့ တရားနာနည်း မှန်ဖို့ အရေးကြီးတယ်။ ဘယ်လို မှန်ရမတုံး။
ဒေသနာဉာဏ် ၀မ်းထဲရောက်အောင်လုပ်၊ ဒေသနာတွေကို
ဝမ်းထဲကဉာဏ်က ဖမ်းထား၊ ဖမ်းထားတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ပေါ်မှာ
လိုက်လိုက်၊ ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်က ဖြစ်ပျက်ရှုပေး။
ဒီလိုဆိုရင် တရားနာတဲ့အဆုံးမှာ ကိစ္စပြီးတယ်။
ဒီ သဘောဟာ ဘုရားလက်ထက်ကတည်းကပဲ။
ဒီက ဟောလိုက်တဲ့တရားကို ဉာဏ်နဲ့လိုက်ပြီး ၊
ခန္ဓာထဲဉာဏ်လှည့်ပြီး ဖြစ်ပျက်လိုက်ဉာဏ်ဆိုတက
ပြောတော့သာ ၁၆-ဉာဏ်၊ ၁၀-ဉာဏ် အစရှိသည်ဖြင့်
ပြောနေရတာ။ စင်စစ်တော့ တစက္ကန့်ဆိုအကုန်ပြီးတာပဲ။
နားကနာပြီး၊ ဉာဏ်ကခန္ဓာထဲ စိုက်လိုက်။
ဘယ်ဝတ္ထု၊ ဘယ်တရားနာလိုက်တာနဲ့
ကျွတ်တမ်းဝင်သွားတယ်ဆိုတော့၊
ဘာဝေတဗ္ဗ= ပွားများတဲ့ ကိစ္စတွေမပါသလိုဖြစ်နေတယ်။
အမှန် ဒီဝတ္ထုတွေဟာ သုတ္တန်တရားဖြစ်လေတော့
သုတ်တွေမပျောက်အောင် စီရေးရတယ်ဆိုတော့
အဘိဓမ္မာမထည့်နိုင်ဘူး။ သုတ္တန်ဆိုတာ ကျင့်စဉ်ပါတာက
နည်းတယ်။ အဲဒီ တရားနာလို့ ကိစ္စပြီးသွားတယ်
ဆိုငြားသော်လည်း သုတ္တန်နောက်ကနေပြီး
“အဘိဓမ္မာ”မလိုက်ရင် ဖြစ်ကို မဖြစ်ဘူး။