ညောင်ပင်တစ္ဆေ
__________________________
နားတဲ့ငှက်တစ်သောင်းလည်းအပြစ်မရှိဘူး
ဖျက်လိုဖျက်ဆီးတတ်မှန်းသိသိနဲ့ ကိုးကွယ်မိခဲ့တာ
ရိုးရာဆိုတဲ့အသိလည်းပါတာပေါ့
ငယ်ငယ်တုန်းကမုန်းလို့ဆွဲနှုတ်လည်း
လက်တွေပဲပေါက်ပြဲခဲ့ရတာ အမှတ်မရှိ
အမြစ်တူးတော့လည်းပုတ်သင်ဥတွေသနားနေရ
ဖြစ်နိုင်ရင်အက်ဆစ်နဲ့တောင်လောင်းချချင်ခဲ့
ငါ့နေရာထဲကိုပိုင်စိုးပိုင်နင်းထိုးခွဲနေတာ ဘဝတစ်ခုလုံး
လက်နှစ်ဘက်လုံးလှုပ်မရတော့မှ
အသက်ရှူလို့ရသေးတာပဲ ကြံဖန်ကျေးဇူးတင်ရမလို
အလိုလိုနေရင်း
ပူဇော်ကြ ပ သကြ
ငါက
ငါ့ကိုယ်ငါ လှတယ်ထင်ရင်း
ရုက္ခစိုးဖြစ်ခဲ့ရသူပါ ။ ။