Saturday, August 8, 2015

ဒဏ်ရာ -အိဖြူလှိုင်


ဒဏ်ရာ

မှတ်မိနေသေးတယ်
ကလေးစကား
ဖြူစိမ်းလဲပေးသမီးလိုက်မလို့....
မှတ်မိနေသေးတယ်
အိမ်ရှေ့လမ်းပေါ်
ပျော်စရာ တရုန်းရုန်းမို့....
မှတ်မိနေသေးတယ်
မောသူတွေသောက်ရန်
အမေ့အစီမံ
သောက်ရေအိုးလေး....
နေ့လည် ၁ နာရီ
ဒို့အိမ်လေးပေါ်
ဖြတ်ကျော်သွား ကျည်သံတွေ
သမီးကြောက်လိုက်တာ..အမေ
သေတ္တာနှစ်လုံးကြား
မြေးအဖွားတွေ ပြားပြားဝပ်လို့
သမီးတို့ဆန်ပုံးထဲလည်း
လက်ပတ်တွေ ရဲရဲတောက်လို့ပေါ့
အရှင်လတ်လတ်ငရဲ ကျသလို....
မှတ်မိနေသေးတယ်
ပဲဟင်းနဲ့ ငါးခြောက်ကြော်
သခင်မဲ့တဲ့နေ့ပေါ့....
မှတ်မိနေသေးတယ်
မြောင်းထဲကအလောင်း
ဖျာလိပ်နဲ့သယ်တယ်ဆိုလား
လူကြီးတွေရဲ့ စကားသံ....
မှတ်မိနေသေးတယ်
ခုနစ်နှစ် သမီး ရင်ထဲက
စိတ်ဒဏ်ရာတွေကိုပေါ့....

                   အိဖြူလှိုင်
                   ၈.၈.၂၀၁၅