ငါ့အစ်ကိုဟာ လေထဲမှာ ………
နှောင်ဖွဲ့ခံထားရပေါ့
_______________________________________ငါ့အစ်ကိုဟာ ပင့်ကူ
ငါ့အစ်ကို ပင့်ကူဟာ
အမျှင် အတန်း ထူတယ် ။
မအောင်မြင်ခြင်း လွယ်အိတ်တစ်လုံးနဲ့
မင်းဘယ်တော့မှ မရောက်မဲ့လမ်းပေါ် လျှောက်ခဲ့တာပဲ ။
မင်းရောက်ရာအရပ်က
မင်းမရောက်ဖြစ်တဲ့အရပ်ကို မင်းအမျှင်တွေ တန်းနေဦးမှာ ။
မင်းမိသားစု အခုငါရောက်နေတဲ့ မင်းနေရာ
ငါထိုင်နေတဲ့ မင်းကုလားထိုင်
အမေ့သားက 'ဆရာကြီး' လို့ မင်းမူးလာတဲ့အခါ
မင်းရွတ်တတ်တဲ့ ကဗျာ
ငါ့ 'မိသားစု' ကို ဖတ်ပြီး 'မင်းကဗျာလောက်တောင် မကောင်းဘူး… ဒီမှာ'
အဲ့ဒီမှာ… တစ်ခါပဲ မင်းအမျှင်တွေ ဒေါနမောနဲ့…
ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်
ဘယ်မှ ပါပါ မပါပါ
မင်းကြိုက်တာနဲ့တင် ငါကဗျာဆရာပဲ ။
မင်းဖြစ်ချင်သလို ငါ့လည်းဖြစ်စေချင်တာ
မင်းသွားတဲ့လမ်းပေါ် ငါ့လည်းလျှောက်စေချင်တာ
မင်းမရောက်ဖြစ်တဲ့အရပ်ကို ငါ့လည်းရောက်စေချင်တာ
မဂ္ဂဇင်းတစ်အုပ် ငါ့ရှေ့ 'ဘုတ်ကနဲ' ပစ်ချ 'ရော့… ဒီမှာ မင်းကဗျာ'
ငါ့အစ်ကိုဟာ ရုပ်တည်ကြီးနဲ့
မင်းရုပ်တည်တည်ကြီးက မင်းပြုံးဖြီးဖြီးကြီးကို မဖုံးဖိထားနိုင်တဲ့ မင်းအမျှင်တွေ
ငါ အမျှဝေတယ် ငါ့အစ်ကို
ညီလေးလည်း သူ့ဘဝနဲ့သူပဲ
ညီမလေးလည်း နေကောင်းပါတယ်
ငါလည်း ကဗျာရေးနေတယ်
အမေနဲ့အဖေကြီးကတော့ ကျန်းခန့်သာလျှက်
မင်းကိုသတိရတဲ့စိတ် ကြိတ်ကြိတ်ဖြေရုံကလွဲရင်ပေါ့ ။
ငါ့အစ်ကိုပြောတဲ့ 'ငါ့မြို့ အုတ်တွင်း' လည်း
မင်းမရှိကတည်းက ဆိုပေမယ့်
မင်းရှိကတည်းက လိုပါပဲ
အဖြစ်အပျက်ဇာတ်ကြောင်းအစုံဆို
ငါ့မျက်လုံးထဲ ဖုန်သိပ်ဝင်တယ် ငါ့အစ်ကို ။
ဒီလိုပါပဲ… ဒီလို လိုနေတာ
မင်းထွက်သွားတဲ့အခါ
ဘယ်တော့မှ ပြန်မလာတော့တဲ့ ဦးထုပ်တစ်လုံးလို
ဘယ်လိုမှ ပြန်ဖတ်မရတော့တဲ့ ကဗျာတစ်ပုဒ်လို
ကောင်းကင်မတင် မြေမကျ
လမ်းခုလတ်က မှီတွယ်ရာအလွမ်းအဆွေးတွေနဲ့သာ
ငါ့အစ်ကိုဟာ ပင့်ကူ
ငါ့အစ်ကို ပင့်ကူဟာ လေထဲမှာနှောင်ဖွဲ့ခံထားရပေါ့ ။ ။
လင်းရီဝေ
သူ့ facebook မှက ကူးယူပါတယ်