Tuesday, March 31, 2015

သူရဲကောင်း ။ ယောလုံမေ


သူရဲ​ကောင်း

**********
သေဆုံးခြင်း​တွေရဲ့အခြားတစ်​ဘက်​မှာ
တွေ့ဆုံခြင်းရှိခဲ့မယ်​ဆိုရင်
ကျွန်​​တော်​ သူနဲ့ လိုက်​သွားချင်​တယ်

နှုတ်​ဆက်​တဲ့မျက်​၀န်း​တွေက
အမှာစကား​ပြောကြားသွားသလို
ရင်​ထဲကတစ်​စုံတရာကို ထုတ်​ခွဲသွားလိုက်​တာ
ကျွန်​​တော့်​ရင်​ဘတ်​​တွေ
ခုထိ ပြန်​မ​စေ့နိုင်​​သေးဘူး။

သူ မရှိတဲ့ကမ္ဘာမှာ
သူ ထားခဲ့တဲ့အမှတ်​တရ​တွေပိုက်
စကားလက်​ဆုံကျဖူးတဲ့ နံနက်​ခင်း​ပေါင်းများစွာထဲက
အဆုံးမ​တွေကိုလွမ်းတယ်
ကျွန်​​တော်​နှစ်​သက်​ဖူးတဲ့
သူ့​ချွေးန့ံ​တွေကိုလွမ်းတယ်
သူစီး​နေကြ စင်​ကြယ်​ဖိနပ်​​လေးကိုလွမ်းတယ်​။

ပျော်​စရာပုံရိပ်​​တွေဟာ
ဘ၀မှာဘယ်​​တော့မှပြန်​မရ​တော့ဘူးဆိုတဲ့
အသိနဲ့ ဖွဲမီးလို
တ​မြေ့​မြေ့ကျွမ်း
ကျွန်​​တော့်​မျက်​ရည်​​တွေ မခန်းနိုင်​​တော့

ခေါ်ခွင့်​မရှိ​တော့တဲ့ နာမ်​စား​လေးကို
တသသရွတ်
အလွမ်း​တွေစကြာဝဠာကိုပစ်​တင်​လို့
သူ့ကိုပြန်​မျှား​ခေါ်လို့ရရင်
အ​တွေးနဲ့ည​တွေ ပို​မှောင်​လာတယ်​။

သူမရှိ​တော့
ရှင်​သန်​​နေထိုင်​မှုက အသက်​ရှုကျပ်​လာတယ်
မျက်​ရည်​သုတ်​​ပေးမယ့်​ လက်​တစ်​စုံမရှိ​တော့
ကျွန်​​တော်​မငိုတတ်​​တော့တာ ကြာပြီ
ပြေးခိုစရာရင်​ခွင်​မရှိ​တော့
ကျွန်​​တော်​အ​မှောင်​ မ​ကြောက်​တတ်​တာ ကြာပြီ
ကာကွယ်​​ပေးမယ့်​သူမရှိ​တော့
ကျွန်​​တော်​သတ္တိရှိခဲ့ ပြီ​။

နောက်​တခါပြန်​လာရင်
ရယူတတ်​သူအဖြစ်​ လာခဲ့ပါ
ကျွန်​​တော်
သူ့​ခြေရင်းမှာ ခယ ၀ပ်​စင်းချင်​လို့
တက်​တူးထိုးလာတဲ့ရင်​ဘတ်​နဲ့
ကျွန်​​တော်​ ​အော်​​ခေါ်မိတယ်
အ​ဖေရယ်​....
ပြန်​လာခဲ့ပါ​တော့ ။         ။
                 
             ယာလုံ​မေ

အော်သံ ။ မင်းညွန့်လှိုင်


အော်သံ


တင်ထားလိုက်တဲ့မုန့်ထုပ်တွေက
တလုံးတခဲကြီး
မုန့်လုံးကြီးလိမ့်နေသလိုလို
စက်ဘီးနင်းနေသူကိုမှမမြင်ရ။
ဘတ်စ်ကားသေးသေးလေးကို
အုံခဲနေတဲ့လူတွေကတထွေးကြီး
လူအထုံးအထွေးကြီးပြေးလွှားနေသလိုလို။
ပလက်ဖောင်းတလျှောက်
အရောင်စုံအသံစုံအနံ့အသက်စုံ
ငါသူတပါး ယောက်ျားမိန်းမ မကွဲပြား
ပူလောင်ခြင်းသာ ထင်ရှားတဲ့အမှတ်အသား
အပူစီးကြောင်းကြီးရွေ့လျားနေပါလား။
အထပ်မြင့်အဆောက်အဦကြီးတွေက
ဘယ်လိုသက်ရှိမျိုးတွေသိုလှောင်ထားပါလိမ့်
ကတ္တရာလမ်းချောက်နက်နက်ထဲ
ပုရွက်တစ်ကောင်လိုငါတွေးခေါ်မိ
ဖန်ရောင်မှန်ရောင် သတ္တုရောင်တဖျတ်ဖျတ်မှာ
လူရိပ်လူယောင်မှမမြင်ရပါလား ။
သံပန်းတံခါးတထပ်
သစ်သားတံခါးရွက်တထပ်
ချောင်းကြည့်ပေါက်ပိစိလေးရဲ့တဖက်မှာ
ငါရှာဖွေနေတဲ့
မျက်ဝန်းလှလှရှိဖို့မသေချာ။
လွမ်းမောဘွယ်တက္ကသိုလ်ညများရဲ့
ပုံပြင်တွေထဲကသရဲတစ္ဆေမှာ
မျက်နှာမပါသလိုမျိုး
ဒီမြို့ကြီးမှာ
ငါသိထားတဲ့မျက်နှာတွေ
ဘယ်ရောက်နေကြပါလိမ့်။
မြို့ကြီးမျက်မည်းထဲ
လူပျောက်နေတယ်
လူပျောက်နေတယ်
လူပျောက်နေပါတယ်ဗျို့
ငါ့အော်သံလည်း
မျက်ကလဲဆန်ပျာ
မျက်စိမျက်နှာပျက်နေပါရောလား ။      ။

                                      မင်းညွန့်လှိုင်

အ လံ ။ မောင်သော်တာ


လံ

____________________
အရောင်ရယ် အရုပ်သင်္ကေတရယ်

ရှေ့ပြေးတွေရဲ့လက်ထဲမှာ

တစိတ်တဝမ်းတည်းဆိုတဲ့အသံက
လေအဟုန်ကိုတဖျတ်ဖျတ်လွှင့်ခါစေလိုက်တယ်  ။

               မောင် သော် တာ

အိမ်ပြန်မလာတဲ့ ချေ ။ ဇေရ



အိမ်​ပြန်​မလာတဲ့ ​ချေ
****************
ချေ ဟာ
ကျောင်းဆရာတစ်​​ယောက်​ဖြစ်​ပြီး
ကျောင်းတက်​​ခေါင်း​လောင်းထိုးသံကို
နောက်​​ကျောဘက်​မှာထားခဲ့တယ်​။

ရိုင်​ဖယ်​ကျည်​တစ်​​တောင့်
မျက်​ခုံး​ပေါ်စိုက်​၀င်​ခဲ့ပြီး
ချစ်​တဲ့​ကျောင်းသား​တွေကြားမှာမ​ပျော်​​တော့

သင်​ရိုးကို
တောရှင်းဓားတစ်​လက်​အဖြစ်
ခြေရာခွက်​ထဲ စိုက်​သွင်းခဲ့

ချေဟာ
ကူရာမဲ့​သွေး​တွေကို
ကျောင်းလွယ်​အိတ်​ထဲကဆွဲထုတ်​ခဲ့
ဘ၀တစ်​စုံလုံး​ကျောင်းခန်းထဲကဆွဲထုတ်​။
မိသားစုအစိတ်​ပိုင်းကို
အ​သွေးသားထဲကဆွဲထုတ်
ကဗျာဆရာဘ၀ကိုဆွဲထုတ်
စကားလုံး​တွေကို
ဧည့်​ခန်းမှာအမှတ်​တရ ချိတ်​ဆွဲထားပြီးထွက်​ခဲ့တယ်​။

ချေဟာ
ထွက်​သွားပြီး ပြန်​မလာတဲ့ အနီ​ရောင်​မိတ်​​ဆွေ
ချေအိမ်​မပြန်​နိုင်​ခဲ့တဲ့လမ်းမှာ
တော်​လှန်​ဆူး​တွေ
ဖိနပ်​​ပေါက်​​လောက်​​အောင်​ ပွင့်​သီးလှပလို့

ခင်​ဗျားအမည်​နာမနဲ့
နိုင်​ငံ​တော်အဆင့်​အလံလွင့်​ထူမတ်​လိုက်​ပြီ ​ချေ။
                                                           ဇေရ

လေမှုတ်တူရိယာ ရန်လင်းအောင်


လမှုတ်တူရိယာ



ဘာမှမဟုတ်တာကို
ဘာမှမဟုတ်ပါဘူးလို့ ပီပီသသအသံထွက်လာတဲ့အထိ
သေကောင်ပေါင်းလဲ ကိုယ့်မှာ တသသ
တော်တော်လေးနက်တဲ့ ဒီကိစ္စ ။

                               ရန်လင်းအောင်

Monday, March 30, 2015

ရထား ။ ခက်ဦး


ရထား

...........

ခေါင်းတွဲကြီးဆွဲ
ဥသြပဲ
နောက်တွဲတွေ
လက်ဆင့်ကမ်း လက်တို့
တူအောင်တု
အရိပ် နဲ့ အကဲကြည့်
်ပိရိအောင် ဆွဲ
ညှိရင်း ညီလာမယ်
ပုံစံကျ မျက်နှာပေးဟောင်းကြီး
သူ့ကြည့် ငါ့ကြည့်မလုပ် နဲ့
ဆွဲဆိုဆွဲ ဆွဲသာဆွဲ
ခေါင်းတွဲအော်သမျ ဥသြပဲ ။

ခက်ဦး
၂၃ . ၃ . ၂၀၁၅

ညမဖတ်ရ အမှတ်တရတွေ


ညမဖတ်ရ အမှတ်တရတွေ


ဒီလမ်းက တကယ်ရှည်တယ်
ဒီလမ်းဟာ သွေးကြောင်နေရင်
ပိုရှည်လျားမယ်
မင်းပြန်လာမှ ငါရှိမယ်
ငါ့ ကို ပြန်တွေ့မှ
မင်းသေပျော်မယ်မဟုတ်ဘူးလား ။

အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ . . . .

သွေးနဲ့ ဆေးမှ
လန်းမယ့်ရေ . . . .

တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်း နေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ . . . .

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး
ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။

                            ရန်လင်းအောင်

Sunday, March 29, 2015

သုံးပေါက်သံ




သုံးပေါက်သံ

ပူးပေါင်းပြုပြင်ပြောင်းလဲမယ်
အလျင်မလိုပါနဲ့
ဖက်ဆစ်တော်လှန်ရေးမပြီးသေး  ။      


                မင်းညွန့်လှိုင် + ရန်လင်းအောင်





ကျည်ဆန် ။ မင်းညွန့်လှိုင်




ကျ ည် န်

ကျည်ဆန်ဟာလောဘကြီးလွန်းတယ်
လူသန်းပေါင်းများစွာရဲ့ထမင်းလုတ်တွေကို
ကလေးသူငယ်များစွာရဲ့ကျောင်းစာအုပ်တွေကို
ဥသြငှက်တစ်ထောင်ရဲ့နွေဦးအိပ်မက်တွေကို
လုယက်ဝါးမျိုခဲ့လေတယ် ။

ကျည်ဆန်ဟာမာန်တက်ဖူးတယ်
ဝိညာဉ်မှန်သမျှ
သူခြွေရင်ကြွေကျမှာလို့လေ
ဂန္ဒီဂျီးနဲ့တွေ့မှပဲ
ဂျွန်လင်နွန်နဲ့တွေ့မှပဲ
သူ့အထင်မှားမှန်းသိတော့တယ် ။

ပြီးတော့
ဒေါက်တာရီဇော်နဲ့မတွေ့ခင်အထိ
ဆလိုင်းတင်မောင်ဦးနဲ့မတွေ့ခင်အထိ
သူခြောက်ရင်ကြောက်မှာပဲလို့
သူလှန့်ရင်လန့်မှာပဲလို့
တွက်ကိန်းလွဲခဲ့ဖူးလေရဲ့ ။

သူရှေ့ကသွားရင်
အာဏာကနောက်ကလိုက်လာမယ်လို့
သူဖောက်ဝင်တဲ့ဦးခေါင်းထဲ
အတွေးအခေါ်တွေပြတ်တောက်ကုန်မယ်လို့လည်း
လွဲမှားစွာထင်မြင်မိသေး
မာလာလာလေးနဲ့မတွေ့ခင်အထိ ။

ကျည်ဆန်က
ဟန်ဆောင်ကောင်းတယ်
ရုပ်ပြောင်းရုပ်လွှဲတတ်တယ်
ခရိုနီတစ်ယောက်ဒါနပြုသလိုမျိုး
အာဏာရှင်ဟောင်းတစ်ယောက်
ပရဟိတလုပ်ပြသလိုမျိုး
ရမ်းချင်တိုင်းရမ်း မွှေချင်တိုင်းမွှေ
ရမ်းလို့မွှေလို့အားရတော့မှ
ယမ်းမရှိတော့တဲ့အခွံပြောင်ပြောင်ထဲ
ဘုရားပန်းလေးထိုးစိုက်
ဣနြေ္ဒရရနေပြလိုက်သေး
အရိုးတွေမတွန်တော့မယ့်အတိုင်း ။             ။

                                               မင်းညွန့်လှိုင်

Saturday, March 28, 2015

အနိုင်ဂိုး မောင်နီမွန်










အနိုင် ဂိုး

..............

အရံလူတွေထည့်ကစားရင်း
အဝေးကွင်း ရန်ကုန်မှာ
တဖက်အသင်းရဲ့
မျက်နှာဖုံးစွပ်ကို ချွတ်ခွာ
လူထုထဲ ဝဲပစ်လိုက်နိုင်တယ် ။

မောင်နီမွန်
၅ . ၃ .၂၀၁၅

အဖြူထည်အသံ ။ ကိုရုန်း











အဖြူထည်အသံ
____________

လူတစ်ဦးက
အဖြူထည်အရာကို
ဂူတစ်ဂူထဲမှာ
မီးခွက်ထွန်းပြီး
ရှာဖွေခဲ့တယ်။

ဂူထဲမှာ
နေရာအနှံ့ 
ရှာဖွေသော်လည်း
အဖြူထည်အရာကို
အစအန လေးတောင်
သူရှာမ တွေ့ ခဲ့။

လာလမ်းအတိုင်း
သူပြန်ထွက်ခဲ့ရတယ် တဲ့။

ကြားဖူးတဲ့ပုံပြင်
ဘဝင် မကျနိုင် ခဲ့။

တကယ်ဆို
အဖြူထည်အရာ
သူ့ နှလုံးသားမှာ
သူ့ လက်ဖဝါးထဲမှာ
သူ့ ဘဝခရီးထဲမှာ
သူ ပိုင် ဆိုင် ထားတာ
သူမေ့လျော့နေ လေရဲ့ ။ ။

ကိုရုန်း

နှင်းဆီလမ်းမ ။ ဒီသစ်


တွင်းတိမ်တိမ် ။ မောင်သော်တာ











တွင်း တိမ် တိမ်
____________________
written by မောင် သော် တာ

ဒေဝဒတ်ရဲ့အော်သံကိုကြားနိုင်လောက်ရဲ့
ဆင်းရဲတွင်းကိုနက်နက်ဆက်တူး

သားရဲတွင်းထဲမကျရုံလေး

ကိုယ့်အတွေးနဲ့ကိုယ်
စိတ်ချမ်းသာရဲ့လားပေါ်လီယာနာကိုသော်တာ
____________________
မောင် သော် တာ
မတ်လ၂၃ဝါးရုံလဲ၂၀၁၅

Friday, March 27, 2015

လတ်ဆတ်အနာ ။ကိုသားကြီး



လတ်ဆတ် အနာ 

အ ချိန်က ပြောတဲ့ စကား များ
စိုး ရိမ်သံ အရောင် စိတ်မှာလက်တော့
ရ ယူ ခြင်း ထက် စွန့် လိုမှု က
ပြောင်း ပြန် စီးတဲ့ ဘဝ မွဲ ထဲ
ပေး ကမ်း ခြင်း တွေ အကုန်အစင်
ပါ ဝင် ပတ်သက် သူ များ ဟာ
ပြည်သူ ဖြစ်တယ် ။            ။
                               
                                 ကိုသားကြီး

တုံ့ပြန်ချက် ။ ခက်ဦး






တုံ့ပြန်ချက်

....................

မြိန်ရေယှက်ရေ
အဓမ္မကိုနည်းလမ်းတကျ
လုပ်ခဲ့ကြပြီးမှ
တောင်းပန်ပါရစေ တဲ့ ။

တော်စမ်း
အဆင်ခြင်မဲ့နှုတ်ခမ်းတွေ
တစ်ဘဝစာပိတ်ထားကြ ။

ပြည်သူ ပြန်အကြမ်းမဖက်ဘူး
နင်တို့ရဲ့ဆိုးအိပ်မက်က
နင်တို့ကိုတစ်သက်စာ
တစ်မျိုးဆက်စာ
ပြန်အကြမ်းဖက်တော့မှာ ။

ဘယ်ဥပဒေကမှ
နင်တို့ကိုအကျဉ်းမချဘူး
နင်တို့ပြဌာန်းတဲ့နင်တို့ဥပဒေ
နင်တို့တွေကို ကုဋေသက်ကုဋေကျွန်း
စိတ်မွန်းကိုယ်ကျပ်
ထောင်ဒဏ် သတ်မှတ်ခဲ့ပြီးသား ။

ကြေအေးဖို့
အကြမ်းဖက်ခံခဲ့ရတာမဟုတ်ဘူး
မေ့ပေးဖို့
အချုပ်စံခဲ့ကြတာမဟုတ်ဘူး ။

ဦးစောတောင်းပန်တောင်
ဗိုလ်ချုပ်က ပြန်မရတော့ဘူး ။
နင်တို့တောင်းပန်ပြရုံနဲ့
မတ် ၅ ၊ ၂၀၁၅
ပြန်လှမသွားဘူး ။

ကိုယ့်သမိုင်းညှီနံ့ကိုယ့်မှာစင်အောင်
ကိုယ့်လိပ်ပြာကိုယ်ရေပြန်ချိုးကြ
ကိုယ့်အိပ်မက်ကိုယ်ပြန်အလှပြင်ဖို့
ကိုယ့်ပြည်သူအတွက်ကိုယ့်ဘဝ
ကိုယ်နောက်တစ်ခါစတေးဖို့ မနွဲ့ကြနဲ့
တာဝန် ဆိုတဲ့ အသရေမဲ့စာသား
နောက်တစ်ခါ ပြောင်းပြန်အနက်သွားမှ
ပြည်သူ့တံခါးပြန်ခေါက်
ရှေ့တော်အရောက် ပြန်ခစား
ဒါမှ သူ့လူ ကို ကိုယ့်ဘက်သားအဖြစ်
အပြစ်ဆိုးနော်ပြေ အမျက်ငြိုးတော်ကြေလိမ့်မယ် ။

                                                                    ခက်ဦး
                                                              ၉ . ၃ .၂၀၁၅

အောက်ခြေမှတ်စု ။ ရန်လင်းအောင်



အာက်ခြေမှတ်စု


ဆောင်းရာဇဝင် ငါမသိ
နှင်းသမိုင်း ငါမသိ
သွေးအားရုန်းသံတွေကိုသာ
ထပ်တူပြင်းရှ နားစွင့်နေရ၏ ။

                        ရန်လင်းအောင်

ထပ်တူဝမ်းနည်းရပါကြောင်း

မိုးမခ မိတ်ဆွေ ကဗျာဆရာ ကိုခင်လွန်း ၏
မိခင် ကွယ်လွန်ခြင်း သတင်းကြားရပါသဖြင့်
ကဗျာဆရာ ကိုခင်လွန်းနှင့် ထပ်တူ
လေးကျွန်းမြေ ကဗျာဆရာ များက
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း  … … … … …

အမေဆုံးပြီတဲ့။
__________
ကိုယ့်ကိုယ်ကိုယ် အဝေးမှာ အသဲမာသယောင်ဆောင်နေရတဲ့ကောင်ရဲ့အမေ...
မထင်မရှား စာလေး ကဗျာလေး ချောင်ချီးချောက်ချက် ရေးနေတဲ့ သူပုန်လိုလို အစိုးရဆန့်ကျင်ရေးသမားလိုလိုအကောင် ကျနော်ခင်လွန်းရဲ့အမေ ကွယ်လွန်ဆုံးပါးသွားပြီဆိုတဲ့အကြောင်း ဒီမနက်ဖေ့စ်ဘွတ်စဖွင့်ဖွင့်ချင်း သိရပါတယ်။

အမေရေ ...ဒီဘ၀မှာတော့ အမေ့အိမ်ရိပ်ကိုအနှစ် ၂၀ နီးပါးပြန်မလာနိုင်တဲ့ကောင်ဟာ အခု အမေနောက်ဆုံးခရီးကို ထွက်ခွာသွားပြန်တော့လဲ အမေ့ဈာပန မြေကျချိန်လေးမှာ လက်အုပ်ချီကာ ကာယကံမြှောက် လာရောက်မကန်တော့တဲ့သားမိုက်ကြီးကို တမလွန်က ခွင့်လွှတ်နိုင်ပါက ခွင့်လွှတ်ပါတော့အမေလို့ ရှိခိုးလိုက်ပါတယ်. ....

သား ...ဘဖေငြိမ်း(ခင်လွန်း)
ကိုခင်လွန်း ၏ ဖေ့ဘွတ်စာမျက်နှာ က ကူးယူပါသည် ။

စက်ဝန်းအသံ ။ ကိုရုန်း







စက်ဝန်းအသံ

ဒီနေရာက
အမြင့်တစ်နေရာ။
ဒီနေရာမှာ
ရေခိုးရေ ငွေ့ တွေနဲ့ 
မိတ်ဖွဲ့ ရတယ်။
ဒီနေရာကိုမှ
လူတွေကအ ရောက်
လှမ်းတက်ခဲ့ကြတယ်။
ဒီနေရာကို
တစ်ခါတစ်ခေါက်
ရောက်ဖူးချင်ကြတယ်။
ဒီနေရာမှာ
ပန်းပေါင်းစုံ ဖူးပွင့်ကြတယ်။
ဒီနေရာကိုရောက်ဖို့ 
အရဲစွန့် ခဲ့ကြတယ်
အရဲစွန့် တယ်လို့ 
မထင် ရ လောက်အောင်
ပျော်ရွှင် ခဲ့ကြတယ်။
ဒီနေရာမှာ
သိစိတ်အလျင် နဲ့ 
ပြည့်ဝတဲ့အရာကို
တွေ့ ခဲ့ရတယ်
ခံစားသိရှိခဲ့ရတယ်။
ပေါ့ပါးသစ်လွင် တဲ့
ဟင်းလင်းပြင် ရသတစ်ခုပေါ့။  ။

                                ကိုရုန်း

လရောင်လွမ်းတဲ့မြစ် ။နေဝေးအိမ်











လရောင်လွမ်းတဲ့မြစ်

အမေ.....
ပုံပြောပါဦးလားအမေ.....
ရွှေယုန်နဲ့ရွှေကျားတော့ သားမကြိုက်ဘူး
ပုံပြင်တိုင်း နောက်ဆုံးမှာ
မင်းသားလေးက နိုင်ရမယ်နော်.....အမေ
အမေ မပြုံးပါနဲ့
အမေလည်း ငယ်ငယ်တုန်းက
ရွှေဘ ဓာတ်ရှင် အကြိုက်သား မဟုတ်လား.....။

သားဖြစ်ချင်တာက
နေဝင်ချိန်မှာ အဦးဆုံးထွက်တဲ့ကြယ်
တိမ်တွေနဲ့ စီးချင်းထိုးရတာ
သားပျော်တယ်
သူတို့ကလေ
ဆင်ကြီးဖြစ်လိုက်
ခြင်္သေ့ဖြစ်လိုက်
မြွေနဂါးကြီးဖြစ်လိုက်နဲ့
ဒါပေမယ့်
သား မကြောက်ဘူး အမေ......။

အလည်လွန်နေတဲ့သားကို
အမေ စိတ်တိုနေတာလား
သားမဆိုးပါဘူး
ပုံပြင်ဆုံးရင်
ဖြာကျနေတဲ့ လရောင်အောက်
အမေ့ရဲ့ တစ်ပတ်လျှိုဆံထုံးထဲက
ခရေပန်းနံ့လေးမွှေးရင်း
သားအိပ်တော့မှာ
ခုတော့........
ပုံပြောပါဦး.....အမေ ။

            နေဝေးအိမ်
နန်းတော်ရာ ၊ တောင်ငူမြို့ ၊ အ.ထ.က (၂) မဂ္ဂဇင်း
အမှတ်၂ ၊ ၂၀၁၁

ဘယ်တော့မှမလဲဘူး ။ မောင်သော်တာ



ဘယ်တော့မှမလဲဘူး

____________________

ကြာနီကန်ဆရာတော်ရဲ့အသော'လို
မတ်နိုင်ခါမှ မတ်လ
ဘယ်တော့မှမလဲတဲ့မတ်လ

တစ်ရွက်ကြွေတစ်ရွက်သစ်အဘိဓမ္မာ

ကျည်ကာဒိုင်းကာတွေမလိုတဲ့ရင်ဘတ်တွေ
ဦးခေါင်းတွေ
ကြွေးကြော်သံတွေထဲမှာ
ကိုယ့်လမ်းမကိုယ်ဆယ်ယူချီတက်နေကြတယ်။
____________________
မောင် သော် တာ
မတ်လ၂၇တော်လှန်ရေးနေ့RAIN CAFFEE

Wednesday, March 25, 2015

သတိ ( ၁ + ၂ ) မင်းညွန့်လှိုင်

သတိ

ကောင်းကင်ကြည့်သူရေ
ကြယ်တွေကိုခြေရာခံပါ
ပန်းကလေးတွေကို မနင်းမမိပါစေနဲ့   ။       ။

                                            မင်းညွန့်လှိုင်

သတိ   ၂

လေညင်းလာခိုက်မှာ
တံခါးဖွင့်လှစ်ကြိုလိုက်ပါ   ။

နောက်များကျသွားရင်
အိမ်တိုင်ကိုပင်ဆွဲနုတ်မှာ  ။          ။

                                           မင်းညွန့်လှိုင်

မျက်လှည့်ပွဲ ။ ကိုသားကြီး













မျက်လှည့်ပွဲ 

________
လက်လုပ်လက်စား ဘဝထဲ
ဆန္ဒ ကို ရွှေဖြစ် ငွေ ဖြစ် အဂ္ဂိရတ် ထိုးကြည့်တော့
ငြိမ်းချမ်းရေး ချိုးကူသံများ ကြားရတော့ မလိုလို
နေ့ချင်းညချင်း ကြီးပွားတော့ မလိုလို
မျှော်လင့် ချက် အိမ်တစ်ဆောင် မီးတစ်ပြောင်က
အလင်း ယိုင်ယိုင် ကြား
အခုထိ သရိုးမစွဲ သေးဘူး ။       ။

                                          ကိုသားကြီး
                                    2014,Oct, ကလျာမဂ္ဂဇင်း

ဆက်ထုံးအမှတ် မတ်၂၇ ။ခက်ဦး







ဆက်ထုံးအမှတ် မတ်၂၇
.......................................

ကြွက်မနိုင်ရင်
ကျီမပြောနဲ့
လယ်တောလည်း
မီးရှို့ဖို့ဝန်မလေးဘူး
ကင်ပေတိုင် ကြီးစိုးတဲ့ခေတ် ။

အပ်တစ်ချောင်းအတွက်
ကောက်ရိုးတစ်ပုံမဟုတ်ဘူး
သည်တော ဟိုတောင်
မြေလှန် အစဖျောက်ဖို့အလွယ်လေး
ဒါ ကင်ပေတိုင်တွေ ကြီးစိုးတဲ့ခေတ် ။

ပေါ့သလား ငန်သလား ကြေးမများနဲ့
အရည်စိမ်သလေး မစိမ်သလေး စံမရွေးနဲ့
သူတို့ချပေးရင် လွတ်လပ်ရေးပဲ
အဲဒါ
ကင်ပေတိုင်တွေ ထွားကျိုင်းတဲ့ခေတ် ။

တုတ်နဲ့ပဲရိုက်ရိုက် ခြေနဲ့ပဲကန်ကန်
ကားပဲဖျက်ဖျက် တိုက်ပဲဖြိုဖြို
မြေပဲသိမ်းသိမ်း သွေးအလိမ်းလိမ်း
ချုပ်ဖမ်းလည်း လက်ပိုက်နေရ
ချောင်ပိတ်ရိုက်လည်း အံကြိတ်နေရ
အခါခါ ဆဲရေးတိုင်ထွာ
ပါးဘယ်ညာ အခါတစ်ရာ ချပလေ့စေ
ထောင်ထဲ ချောင်ထဲက အော်သံများ
အားလုံး ကောင်းပါသည် ခင်ဗျား ။

အဲ့ဒါပဲပေါ့ ပက်ပက်စက်စက်
ကင်ပေတိုင်တွေ မဟားတရား
အတားနဲ့အဆီးမဲ့ ယုတ်ကြမ်းရမ်းကား
မိုးလုံးပြည့်အောင် လမ်းသလားတဲ့ခေတ် ။

ခံပြင်းတဲ့ အုံ့ပူ လှိုက်ဆူလို့ ရှိန်မြင့်
ပွင့်ချပ်နံရံတွေ စုံကန်ဖွင့်တော့
သွေးနှင်းဆီတွေ ဖြန်းကနဲပွင့်တယ်......
အနီးဆုံးရန်သူကိုရှာတိုက်ကြ
အနီးဆုံး ရန်သူကို ရှာတိုက်ကြ
အနီးဆုံး ရန်သူကို ရှာ တိုက် ကြ တဲ့.....
သတ္တိမရွံ့ နှုတ်မဆွံ့သူရဲ့
တိကျပြတ်သား တပ်ထွက်စကားမှာ
အဖိနှိပ်ခံတွေ မထွေပြား မဝေဝါး
ဘယ်တပ်သားမှ ဘာသာပြန်မမှားခဲ့ဘူး
အဲ့လိုနဲ့
နွေဦးဟာ
ချွေး သွေး အသက်တွေနဲ့
ရာဇဝင်တွင်အောင် အလှထူးတော့တယ် ။

ထထကြွကြွ ရှိခဲ့တယ်
ပစ်ပစ်ခတ်ခတ်ရှိလိမ့်မယ်
နွေကဦးတဲ့ အဲဒီ့ နွေဦးမှာ.....
အယုတ်သဘောတွေမစွဲ ကံကြမ္မာ အလှည့်မယ်
ထုတ်ပြောမနေလည်း မှန်လာရဲ့ကွယ်
တကယ့်ကို ၊
ဥသြတွေလည်း အသံသာခဲ့တယ် ။
တစ်နေ့ ၊
ပျံလာခဲ့မယ် ။
ဟုတ်တယ် ၊
ပြန်လာရဦးမှာပကွယ် ။

ခက်ဦး
၂၅ . ၃ . ၂၀၁၅
(မတ်၂၇ တော်လှန်ရေးနေ့ အကြို ခံစားမှု)

# မူရင်း ဓာတ်ပုံပိုင်ရှင်ကို credit ပေးပါတယ် #

မင်းညွန့်လှိုင် မွေးနေ့ သို့ yla

နေ့ကောင်းရက်သာတွေကို
ငါတို့ ထုတ်လုပ်တယ် ………
______________________

မတ်၂၅ ရက်ဟာ
ကဗျာဆရာကို
မှီဝဲရတဲ့အတွက်
လူတစ်လုံးသူတစ်လုံး
လှလှပပဖြစ်ခဲ့ရပါပြီ
၄၃ နှစ် မှသည်
မြတ်သောသက်တမ်း
လိုရာလမ်းမှာ လန်းဆန်းပါစေ ။         ။

                                           yla လေးကျွန်းမြေ
ကဗျာဆရာ
မင်းညွန့်လှိုင် မွေးနေ့  သို့

မင်းညွန့်လှိုင် မွေးနေ့ ( အမှတ်တရ )

အဝိဇ္ဇာပေါင်တစ်ရာတိတိ
----------------------
နွေဥတုမှာဆိုက်ကပ်ခြင်း
-----------------------

( ၁ )
* ငါက ကဗျာနဲ့တွေ့ရင်
ဒီ့ထက်အသက်ပိုမကြီးတော့ ။

( ၂ )
စယ်လီဘရစ်တီမဟုတ် ဂွတ်မစ်ဇာမဟုတ် ယူရိုပီယန်ဆန်သူ
လည်းမဟုတ်လေတော့ မွေးနေ့ဆိုတာ ဆံသာကေဖြတ်မပြု
အပ်တဲ့နေ့တစ်နေ့လို့ပဲမှတ်သားခဲ့တာပါပဲ ။
ပျိုရွယ်စဉ်အခါကမွေးနေ့ကိုအကြောင်းပြပြီး သန်းထိုက် နေမျိုး ဇော် မိုး ကျော်မိုးလွင်တို့နဲ့ထန်းရည်စုသောက်ခဲ့ဖူးတာကလွဲလို့ပေါ့လေ။
( ၃ )
ဘဝမှာပထမဆုံးသိဖူးတဲ့မွေးနေ့ကိုပြောရရင်...
ငယ်ငယ်လေးကတည်းကစွဲလန်းခဲ့ဖူးတဲ့ဒဂုန်တာရာရဲ့"ဒို့ခေတ်ကို
ရောက်ရမည်မှာမလွဲပါ"ဝတ္ထုကြီးထဲကဇာတ်ဆောင်ကောင်မလေး(ခင်
ထားလှိုင်ထင်တယ်)ရဲ့အနောက်တိုင်းဆန်တဲ့မွေးနေ့ပွဲပါပဲ ။
( ၄ )
ကျနော်တို့ရှေ့ကလမ်းမကြီးတလျှောက်မှာတော့ ဗုဒ္ဓ ခရစ်တော်
မှိုင်း ဆန်း တာရာ နဲ့ လူထုအမေတို့ရဲ့မွေးနေ့ကြီးတွေက
အများဆိုင်နာမ်တွေအဖြစ်အစီအရီထွန်းညှိခဲ့ကြပါပြီ ။
( ၅ )
မွေးနေ့ပွဲကျင်းပတာဟာအစဉ်အလာယဉ်ကျေးမှုမဟုတ်ဘူး ဆိုပေမယ့်
ဆရာဒဂုန်တာရာ ဆရာမကြီးလူထုဒေါ်အမာတို့ရဲ့မွေးနေ့ပွဲတွေကတော့
့ အဖိနှိပ်ခံစာပေအနုပညာရှင်များ
ရဲ့ကွန်ဂရက်တွေသဖွယ်ဖြစ်ခဲ့ကြပါတယ်။
ဒါဟာလည်းဒို့တိုင်းဌာနီကြီးရဲ့ထူးခြားမှုတွေထဲကတစ်ခုပေါ့ ။
( ၆ )
ကိုယ့်မွေးနေ့ကိုရေးကြီးခွင်ကျယ်မလုပ်ခဲ့ဘူးဆိုပေတဲ့ မုခဘုတ်အုပ်က
တော့ သူငယ်ချင်းများကိုမှတ်မှတ်သားသားသတိပေးတတ်ပြန်တယ် ။
( ၇ )
ဆုတောင်းတွေပြည့်ဝလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူး ။ဆုတောင်းပေးသူ
တွေရဲ့မေတ္တာဓာတ်ပြည့်ဝမှုကိုသာပြည့်ပြည့်ဝဝယုံကြည်မိပါတယ် ။
ဆုတ်ခွာလာတဲ့လတစ်စင်းလိုမွေးနေ့အကြိမ်ရေများလာလေလေ
လက်ကျန်အချိန်တွေနည်းလာလေမို့ရှေးကထက်ပိုချစ်ကြပါစို့ရဲ့ ။
( ၈ )
* ငါ့မွေးနေ့မှာ
ငါတစ်ယောက်တည်းတက်ရောက်ကျင်းပ
နယ်ပယ်အသစ်ရှာတဲ့ကိုလံဘတ်ကို
ဘယ်ဘက်တစ်ခွက်
ညာဘက်တစ်ခွက်ငှဲ့ခွက်ချင်းတေ့
ငါဆုတောင်းစကားဆိုပေးတယ်
ကဗျာဆရာ
သက်တော်ရာကျော်ရှည်ပါစေ
ချီးယား...။ ။

                            မင်းညွန့်လှိုင်
                        ၂၆ မတ် ၂၀၁၅

*ကဗျာဆရာအောင်လွန်းမြိုင်ရဲ့"ကဗျာဆရာ့မွေးနေ့"ကဗျာထဲက
စာကြောင်းတချို့ကိုစွဲလန်းစွာကူးယူထားပါတယ် ။
ကိုသီရေ ခွင့်လွှတ် ။

ccbb



အဲဒီနိုင်ငံတကယ်ရှိရဲ့လား ဝိကီပီးဒီးယား











အဲဒီနိုင်ငံဟာတကယ်ရှိရဲ့လားဝီကီပီးဒီးယား


တနင်္ဂနွေဆိုတာ
ခေါင်းလောင်းထိုးသံနဲ့ဖျော်စပ်ထားတဲ့နေခြည်နွေး
ချစ်မေတ္တာရဲ့လက်ချောင်းလှလှလေးတွေ
မိသားစုဓာတ်ပုံပေါ်ကဖုန်မှုန့်တွေကိုဖယ်ရှားလို့
စန္ဒယားခလုတ်တွေပေါ်ချိုးငှက်တောင်ပံနဲ့ဝဲလို့
ပျော်ရွှင်ခြင်းတွေဝင်းမှည့်မွှေးမြ
ကမ္ဘာကိုအကောင်းပကတိပြန်စမယ့်မြင့်မြတ်မှုမျိုးနဲ့
ငါ့ဦးခေါင်းကိုညှို့ငင်နေခဲ့ပုံ ။

ငါပြုတ်ကျသွားတာက
တနင်္ဂနွေမပါတဲ့ပြက္ခဒိန်အတုကြီး
တနင်္ဂနွေဆိုတာ
Sunday လို့ဘာသာပြန်ရုံသက်သက်
ဂဏန်းတွက်စက်ကညှော်နံ့တလူလူ
ယန္တယားအော်ညည်းသံတမျှော်တခေါ်
ရွှေနံ့သာမှုန်များချွေးမြစ်ကြီးထဲပဲ့ကြွေသွား
အမှိုက်သိမ်းကားပေါ်စံပယ်တစ်ခက်မှားပါသွားပေါ့
နေထွက်နေဝင်တွေကထူးမခြားနားသတင်းစာ
တနင်္ဂနွေမဲ့မဲ့ဒိုင်ယာရီဟောင်းတစ်အုပ်ဟာငါပေါ့ ။

တခုသောတနင်္ဂနွေကတော့သူမဟုတ်သလို
အမိုက်ရပ်စဲစိတ်ကောင်းဝင်လို့
လာခြင်းကောင်းတဲ့လူကလေးပေးအပ်လာ
ငါ့မှာမျက်ရည်ဝဲအောင်ကြည်နူးခဲ့ရ
အုပ်စိုးခန့်အမည်ရတနင်္ဂနွေဖွားလေးရေ
သားတို့တတွေရဲ့ပန်းခေတ်အမွန်မှာ
တနင်္ဂနွေစစ်စစ်များအဓွန့်ရှည်ပါစေ ။          ။

                                                        မင်းညွန့်လှိုင်

အလွမ်း ဒဿနေမင်း













အလွမ်း
___________
ထောင့်တိုင်းစပ်ရှည်
မြစ်ခပေါင်း ပေါင်းလောင်းလက်ယာကွေ့
နန်မြေ့စံတည်      ။
ပုတ်ပဲကဝိုက်လည်
မြောက်ဆီကဆွာဖုံး  ။
ကြက်ညွှန်းနောင်ညီနဲ့
တရထည် မြရည်ဆို့တယ်
လွမ်းဖို့  မဆုံး  ………………… ။

                       နတ်သျှင်နောင်
* ဟောဒီမြေမှာ
ကမ္ဘာမြေမျိုချပစ်တဲ့
မတ်လ ၁၈
အဲဒီ နွေစစ်စစ်နဲ့
ချစ်သူတွေကွေကွင်းရ
လွန်ခဲ့တဲ့ ၁၅ နှစ် က … မေမေ
"ပေါ်နွေလလျှင် တောင်ကချိမ့်မြူး
မင်းလွင်ဦးနှင့် ပျံ့ပျူးချုပ်ထိုင်း
မုန်တိုင်းဆင်လို "… တဲ့ ။
အလွမ်းထွတ်ခေါင် နတ်သျှင်နောင်ရေ 
မတ်လ ၁၈ တဲ့
ဟောဒီမြေမှာပဲ
ကဗျာဆရာ စစ်စစ်
ချစ်မြတ်လေးစား တန်ဖိုးထားရတဲ့
ကျွန်တော်တို့ရဲ့ နောင်တော်
ကေတုဘုန်းမော်လေ …။

နီစွေးတဲ့ ပန်းတစ်ပွင့်ပါ
သူ့မှာ သူ့ဆူးသူ မခူးရက်တဲ့
မာန နဲ့ ရှင်သန် ။

ခြွေလို့မကြွေ
"ကျွန်ုပ်၏ ကြေငြာစာတမ်း"
သေမင်းကို ဒိုင်ပွဲရပ်
ပူးသတ်လိုက်တဲ့ တိုက်ကွက်
အဲ့ဒါ… ချန်ပီယံလက် ဖြစ်တယ် ။

ဒီလိုနဲ့ ဘဝတစ်ခုဟာ
မီးဟုန်းဟုန်းတောက်စား
ပြာဖြစ်သွားခဲ့ပြီတဲ့လား
၅၈ မိနစ်လောင်မြိုက်
၅၈ နှစ် လောင်မြိုက်
ဘယ်အပူ ဘယ်သူ ကြိုက်သလဲ
ကဲ… လေချွန်ငှက်ကလေးရေ
လက်တစ်ခုပ်စာလေ အဝရှူပေရော့  ။

ဘဝကို  ကဗျာလို
လေးလေးပင်ပင် အိုင်ကျင်းဖွဲ့
ကျွန်တော်တို့နှလုံးအိမ်တည့်တည့်က
ချစ်လှစွာသော ကေတုဘုန်းမော်
နောင်တော်
" တွန့်ခေါက်တောင်တန်းတွေ ဆန့်သွားပါရော"
မတ်လ ၂၀ နေ့လယ် ၂ နာရီခွဲ
နေကျဲကျဲအောက်က ကဗျာတွေ
မျက်ရည်တံလျှပ်တွေနဲ့ ။

ပြာဖြစ်ဖို့
ချစ်ခဲ့လိုက်ကြရတာ
အနာတရတွေနဲ့ သစ္စာရေတွေ သောက်သောက်ပြီး
ခရီးအတူသွားခဲ့ကြ
သက်တမ်းတို သူတို့အထဲ
နောင်တော်လည်းပါခဲပြီ
အဲဒီနေ့က အီကွေတာရာသီ ။

လူနဲ့မမျှ
အရွယ်နဲ့ မမျှ
ရင်နဲ့ မမျှ
ခံနိုင်ရည်တဲ့ မမျှ ခံနိုင်ရည်ရှိပြခဲ့တဲ့ နောင်တော်
ကျွန်တော်နဲ့ တွေ့စ
၁၉၇၄ ခုနှစ် ခုနှစ် က ရေတာရှည်မြို့မ
စာကြည့်တိုက်ခန်းမ
"သိပ္ပံမောင်ဝ …အရှေ့ပြုဗ္ဗာကဘာဏုရာဇာ
ဒေါင်းစကြာ …ထွက်ပြူလာ"လို့ မရေး
"နေထွက်လာပြီ" ဆိုတဲ့ ခေတ်စမ်းအရေး ဆွေးနွေး
အဲဒီ မှတ်တမ်းစာအုပ်လေး
မဆွေးသေး ။
နွေးထွေးဆဲ အသံတွေ
ကေတုမြေ အလင်းသစ်… သုံးနှစ်ပြည့်
လကွယ်ည " အနှစ်သုံးဆယ်
ရင်ဝယ်ခုထိ ခုန်ဆဲပါတကား
မောင်လေးအောင် ။ မောင်ယဉ်မွန် ။ဖော်ဝေး
နောင်တော့်သွေးတွေ ။
၁၉၈၃ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော မေမေ
၁၉၉၈ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော နောင်တော်
ကေတု ဘုန်းမော်
သြော် …… ချစ်ရသူတို့ရေ
အဝေးလွမ်းတွေနဲ့ တမ်းတ
နွေခေါင်ခေါင် ဝေမှောင်အုံ့ပျ   ။          ။

                   ဒဿနေမင်း
( ၁၉၉၈ မတ် ၁၈ တွင် ကွယ်လွန်ခဲ့သော
          ကဗျာဆရာ ကေတု ဘုန်းမော် သို့    )













ကေတုဘုန်းမော်အမှတ်တရ ။ ခက်ဦး

တောင်ငူလေညှင်း ၂
.........................................

``ငါသေရင် ငါ့အသုဘကို သရဏဂုံ တင်ချင်တင် မတင်ချင်နေကွာ မင်းတို့သဘောပါ ၊ ဒါပေမယ့် ကဗျာလေးတွေတော့ရွတ်ပေးကွာ ၊ ကဗျာနဲ့ သရဏဂုံ တင်တာလေး ငါခံချင်တယ်´´

______________________________________

``မင်း ရေတာရှည် ၊ ပျဉ်းမနား ရော အုတ်တွင်းက ကဗျာဆရာတွေရော စုံအောင်ဖိတ်နော် အောင်ထက် ၊ မကျန်စေနဲ့ ၊ စည်စည်ကားကားလေးဖြစ်ပစေ ကြားလား´´

______________________________________

``ဆရာဝန်က ၂လ အလွန်ဆုံးပဲလို့ ပြောတယ်တဲ့ကွ´´
``ဦးဘုန်းကလည်း ပေါက်ကရတွေ´´
``ဘယ်က ပေါက်ကရ ရမှာလဲကွ´´
``ဦးဘုန်း အလတ်ကြီးရှိပါသေးတယ်ဗျာ´´

______________________________________

``အောင်ထက် အဖေတို့ လိုင်းခန်းထဲက အိမ်ကို ခဏပြောင်းရလိမ့်မယ် ဒီနေ့ညနေ သွားပြောချေ ၁လ ၂လ လောက်ပါပဲကွာ´´

``မင်းမသိပါဘူး အောင်ထက်ရယ်...........
........ ငါ့အသုဘကိစ္စဘယ်လိုလုပ်မလဲ ကိစ္စပြီးတော့ပြန်ပြောင်းခဲ့ပေါ့ကွာ´´

______________________________________

ကိုယ့်ဇာတ်သိမ်းခန်း ကိုယ်စီရှိနေခဲ့ပြီးမှန်း ကျွန်တော်တို့အားလုံးသိကြတယ် ။
ပေးစာ တစ်စောင်ရဲ့ရင်ကွဲသံ အားလုံး လက်ခံထားခဲ့ကြပြီးသား မွေးကတည်းက ။
ဒါပေမယ့် ပုထုဇဉ် သာမန်လူသားများ ကျွန်တော်တို့တတွေထဲ ကြိုပြင်ခွင့် ကြိုမြင်ထားခွင့် ရနိုင်ခဲ့ကြသူတွေ များများစားစား ရှိခဲ့ကြပါရဲ့လား ။ ရှိနေကြပါရဲ့လား ။
ကေတုဘုန်းမော်ဆိုတဲ့ အောင်ထက်တို့အဖေ ရင်ပတ်ထဲက ပျိုးယူ မွေးထုတ်ထားတဲ့ နောက်ဆုံးကဗျာတစ်ပုဒ်ကို ဆွဲကိုင်မြှောက် မရဏဆီတည့်တည့် ပြုံးပြုံးကြီးကြည့် အားကုန် ပစ်ပေါက်ပြသွားခဲ့ဖူးတာ ဒဏ္ဌာရီမဟုတ် ပါးစပ်ပုံပြင်တစ်ပုဒ် မဟုတ် လူသားဆန်တဲ့မှတ်တမ်းတစ်ပုဒ် တကယ်ဖြစ်ခဲ့ဖူးပါတယ်။

______________________________________

ကျွန်ုပ်၏ကြေငြာစာတမ်း
........................................

သိနေတယ်
အို.....မရဏ
အာဝဇ္ဇန်းရွှင်ရွှင်
တစ်နေ့ သင်ရောက်လာမည်ကို.....။

စိုးစဉ်းမျှဆန္ဒမပါဘဲ
စတင်ကတည်းက
ပေးစာတစ်စောင်ရဲ့ ရင်ကွဲသံ
ငါလက်ခံထားရ ။

ဟောဒီ့လောကကြီးထဲ
မေ့ပျောက်ခြင်းငှါ မစွမ်းနိုင်တဲ့
မျက်လုံးစိမ်းစိမ်းမှာ
ဒုက္ခသစ္စာ မဏ္ဌိုင်ကြီးတစ်ခု
ငါ့ရဲ့သမုဒယတောက်လောင်ခြင်းကို
မှတ်တမ်းတင်လို့ပါလား ။

အဲဒါ ဝတ္ထုတိုတစ်ပုဒ် မဟုတ်ဘူး ၊
ကဗျာတစ်ပုဒ် ဟုတ်တယ် ။
ငါမငိုဘဲနေနေတာ
သင်မရယ်ဘဲကို မနေနိုင်အောင်ပေါ့ ။

ဘယ်သူ့အတွက်မှ
သယ်ယူခဲ့စရာဆိုလို့
လေညှင်း လက်တစ်ခုပ်စာ မရှိပြီ
စွန့်ပစ်ခံရမည့်အချိန် ။

ငါ့ရဲ့ဘဝ
ငါ့ရဲ့အမည်နာမနဲ့
ကလောင်အမည်ကိုဖျက်သိမ်းပြီး
အထုပ်အပိုးများချည်နှောင်ကာ
ရုံးဌာန အမြောက်အများဆီ
တစ်ရုံးပြီး တစ်ရုံး
ငါဖြတ်သန်းဖို့လိုပါသလား ။

အောက်ပါအတိုင်း
ခွဲခြားဖော်ပြ
ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါရဲ့ ။

တစ်ဖန်
သေခြင်းတရားကို
အဆုံးမဲ့ရောက်ရှိဖို့
ထထကြွကြွဆန့်ကျင်ခဲ့သူဟာ
နေရီရီ ကမ္မဋ္ဌာန်းရနံ့နဲ့ ငါပဲ ။

ကေတုဘုန်းမော်
၁၉၉၈ ၊ မတ် ၊ ကလျာ မဂ္ဂဇင်း

______________________________________

၁၉၉၈ မတ်လ ကလျာက ကဗျာ သူငယ်ချင်း တူ သား ကဗျာဆရာတွေနဲ့အတူ သူ ဖတ်ခွင့်ရသွားခဲ့သေးတယ် ။

______________________________________

၁၉၉၈ မတ် ၁၈ မှာပဲ
အဲဒီ့လေညှင်းကလေး
နှုတ်ဆက် ပွတ်ခတ်
မြို့တောင်ငူမှသည်
လွတ်လပ်ရာဆီ
ပျံ သွား ခဲ့ ။

ခက်ဦး
၂၄ . ၃ . ၂၀၁၅
ကေတု ဘုန်းမော်   သို့
w

Monday, March 23, 2015

မြန်မာ့ကဗျာနေ့ ။ လှိုင်ဘွား















မြန်မာ့ ကဗျာနေ့
_______________
ဆရာလှိုင်ဘွား ၏ facebook စာမျက်နှာမှ
ကူးယူပါသည် ။

ဒီနေ့ ...
မတ်လ ၂၃-ရက်
ဘဘမှိုင်းမွေးနေ့
`မြန်မာ့ကဗျာနေ့´လို့
သတ်မှတ်ကြပါစို့
`အိုမင်းမစွမ်း´ဆိုတာကွာ ...
မင်းအိုရင်၊မင်းမစွမ်းတော့ဘူးလို့
သဘာဝတရားကို
ချစ်စဖွယ်သရော်ခဲ့တဲ့
ငါတို့ရဲ့အမျိုးသားစာဆိုကြီး
သခင်အားလုံးရဲ့ခေါင်းကိုင်ဆရာကြီး
မြန်မာသာမက၊တလောကလုံးရဲ့ငြိမ်းချမ်းရေးဖခင်ကြီး
မြန်မာကဗျာလောက၊စာပေလောက၊
သတင်းစာလောက၊နိုင်ငံရေးလောက၊
မြန်မာ့လူ့ဘောင်လောကရဲ့ ...
အဖြူစင်ဆုံးသူတော်စင်ကြီးဖြစ်တဲ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို
အမြဲထာဝရဂုဏ်ပြုပူဇော်ခြင်းအားဖြင့်
ဘဘမှိုင်းမွေးနေ့ကို
`မြန်မာ့ကဗျာနေ့´အဖြစ်
သတ်မှတ်ပူဇော်ကြပါစို့။
ကျွန်တော်အလေးအနက်တောင်းဆိုချင်ပါတယ်
ဘဘမှိုင်းမွေးနေ့ကို
သတိရပူဇော်ကြ
`ဘဘမှိုင်းမွေးနေ့ ...
မြန်မာ့ကဗျာနေ့´

လှိုင်ဘွား
Hlaing Bwar
23.3.2015

Sunday, March 22, 2015

မြစ်ကြည့်သူ မောင်နီမွန်

မစ်ကြည့်သူ  မောင်နီမွန်    Family မဂ္ဂဇင်း မတ်  ၂၀၁၅

တုန့်ပြန်ချက် ခက်ဦး









တုန့်ပြန်ချက်
....................

မြိန်ရေယှက်ရေ
အဓမ္မကိုနည်းလမ်းတကျ
လုပ်ခဲ့ကြပြီးမှ
တောင်းပန်ပါရစေ တဲ့ ။

တော်စမ်း
အဆင်ခြင်မဲ့နှုတ်ခမ်းတွေ
တစ်ဘဝစာပိတ်ထားကြ ။

ပြည်သူ ပြန်အကြမ်းမဖက်ဘူး
နင်တို့ရဲ့ဆိုးအိပ်မက်က
နင်တို့ကိုတစ်သက်စာ
တစ်မျိုးဆက်စာ
ပြန်အကြမ်းဖက်တော့မှာ ။

ဘယ်ဥပဒေကမှ
နင်တို့ကိုအကျဉ်းမချဘူး
နင်တို့ပြဌာန်းတဲ့နင်တို့ဥပဒေ
နင်တို့တွေကို ကုဋေသက်ကုဋေကျွန်း
စိတ်မွန်းကိုယ်ကျပ်
ထောင်ဒဏ် သတ်မှတ်ခဲ့ပြီးသား ။

ကြေအေးဖို့
အကြမ်းဖက်ခံခဲ့ရတာမဟုတ်ဘူး
မေ့ပေးဖို့
အချုပ်စံခဲ့ကြတာမဟုတ်ဘူး ။

ဦးစောတောင်းပန်တောင်
ဗိုလ်ချုပ်က ပြန်မရတော့ဘူး ။
နင်တို့တောင်းပန်ပြရုံနဲ့
မတ် ၅ ၊ ၂၀၁၅
ပြန်လှမသွားဘူး ။

ကိုယ့်သမိုင်းညှီနံ့ကိုယ့်မှာစင်အောင်
ကိုယ့်လိပ်ပြာကိုယ်ရေပြန်ချိုးကြ
ကိုယ့်အိပ်မက်ကိုယ်ပြန်အလှပြင်ဖို့
ကိုယ့်ပြည်သူအတွက်ကိုယ့်ဘဝ
ကိုယ်နောက်တစ်ခါစတေးဖို့ မနွဲ့ကြနဲ့
တာဝန် ဆိုတဲ့ အသရေမဲ့စာသား
နောက်တစ်ခါ ပြောင်းပြန်အနက်သွားမှ
ပြည်သူ့တံခါးပြန်ခေါက်
ရှေ့တော်အရောက် ပြန်ခစား
ဒါမှ သူ့လူ ကို ကိုယ့်ဘက်သားအဖြစ်
အပြစ်ဆိုးနော်ပြေ အမျက်ငြိုးတော်ကြေလိမ့်မယ် ။

                                                                       ခက်ဦး
                                                                  ၉ . ၃ .၂၀၁၅

အဓိပ္ပါယ်ကောက်ရန် /မကောက်ရန် ။ ရန်လင်းအောင်



အဓိပ္ပါယ် ကောက်ရန်
အဓိပ္ပါယ် မကောက်ရန်
__________________

ယုံကြည် ခေါင်းမာ
ခံယူချက် တဇွတ်ထိုး
တဇောက်ကန်း
ထင်ရာစိုင်းလက်ပေါက်ကပ်
နားမဝင် ပြောရခက်ဆိုရခက်
ပြန်မပြောနားမထောင်
ဂွစာဇွတ်တရွတ်
ကပ်ဖဲ့တိုက် ဒုံးပေကပ်သတ်
နားကပ်ကြား တစ်ဘက်မြင်
အယူသည်း တစ်ယူသန်
ဗူးဆို ဖရုံမသီး
ဒါဆို ဒါပဲ ။

                ရန်လင်းအောင်


Saturday, March 21, 2015

ဗိုလ်ချုပ်ရှိတယ် ……… မင်းညွန့်လှိုင်





















ဗို လ် ချု ပ် ရှိ တ ယ်

_________________
အမြတ်တနိုးသိမ်းဆည်းထားတဲ့
ငွေစက္ကူအဟောင်းလေးတွေမှာ
ဗိုလ်ချုပ်ရှိတယ် ။

နံနက်ခင်းကဖေးဆိုင်ရဲ့
ပဲပြုတ်နဲ့နံပြားပန်းကန်ပေါ်မှာ
ဗိုလ်ချုပ်ရှိတယ် ။

ငယ်ငယ်တုန်းက
ရင်ခုန်နွေးမြ
ကျောင်းနံရံကပ်စာစောင်မှာ
ဗိုလ်ချုပ်ရှိတယ် ။

လွမ်းမိုးစွေစွေည
ရေဒီယိုဟောင်းလေးထဲမှာ
ဗိုလ်ချုပ်ရှိတယ် ။

ဆွေးဆွေးမြေ့မြေ့
အဝေးကဥသြဆွဲသံမှာ
ဗိုလ်ချုပ်ရှိတယ် ။

မြေပြန့်တောင်ပေါ်
တိုင်းရင်းဖြစ်စကားသံဝဲဝဲမှာ
ဗိုလ်ချုပ်ရှိတယ် ။

မြို့ပြကျေးလက်
သံလွင် ချင်းတွင်း စစ်တောင်း ဧရာ
တစ်ပြည်လုံးမှာဗိုလ်ချုပ်ရှိတယ် ။

ပန်းခြံထဲမှာဗိုလ်ချုပ်ရှိတယ်
အိမ်ဦးခန်းမှာဗိုလ်ချုပ်ရှိတယ်
"ရုပ်ပုံလွှာ"မှာဗိုလ်ချုပ်ရှိတယ် ။

စာလုံး ဆေးစက် စောင်းကြိုးမှာ
စိမ်းမြဖန်သား ကတ္တီပါကားလိပ်မှာ
ဗိုလ်ချုပ်ရှိတယ် ။

တော်လှန်မှုရဲ့အသံတော်မှာ
သပိတ်စစ်ကြောင်းတပ်ဦးမှာ
ဗိုလ်ချုပ်ရှိတယ် ။

ပြည်သူလူထုရင်ထဲမှာ
အထွတ်အမြတ်ပုံရိပ်အဖြစ်
ဗိုလ်ချုပ်ရှိတယ် ။

ယုတ်စွအဆုံး
ငရဲခွေးများရဲ့ဂုတ်ပိုးပေါ်
ခြောက်လှန့်နေဆဲမီးတောက်အရှင်
ဗိုလ်ချုပ်မသေ
သေသေချာချာရှိနေတယ် ။        ။

                                           မင်းညွန့်လှိုင်

                                        မင်းညွန့်လှိုင်

ကမ္ဘာ့ကဗျာနေ့ လေးကျွန်းမြေ ကဗျာများ




န တ် ဖြ စ် တဲ့ေ န့

ခင်ဗျားသာသေချာပစေ
လမ်းတွေကခင်းပြီးသား
လူလမ်း
နတ်လမ်း
တိရ စ္ဆာန်လမ်း
အစရှိသဖြင့် ……

ကဗျာရေးတဲ့နေ့ဆို
တစ်ကိုယ်လုံး
နတ်ဖြစ်တာပဲ
နေမင်းမျက်စိကျိန်းစပ်သွားအောင်
ကိုယ်ရောင်ကိုယ်ဝါ တဖျပ်ဖျပ်  ။         ။

                                            မင်းညွန့်လှိုင်

စီးေ လ ရာ ဝ ယ် … …

ငြိမ့်ကနဲ ……
လှိုက်ဖိုစေ့ဆော်မှုက
အလှကြည့်သွေးကြောဆီ ဖြတ်အပြေး
ပုရစ်ဖူးလို တွန်းထိုးရုန်းထွက်
လက်ဖျားထက် စကားလုံးများ   ။

ဆပွား အလှတရား အနုပညာ
ချိတ်သွယ် ဆင့်ကမ်း ဆန့်တန်းလိုက်ကြ  ။

မြိုင်ဟေဝန် ရသနန်း
ကဗျာ့ပန်းတွေ ဝေလို့  ။              ။

                                      ခက်ဦး


ညမဖတ်ရ ……
__________ အမှတ်တရတွေ ………

ဒီလမ်းက တကယ်ရှည်တယ်
သွေးကြောင်နေရင် ပိုရှည်လျားမယ် …
မင်း ပြန်လာမှ ငါရှိမယ်
ငါ့ ကိုပြန်တွေ့မှ
မင်းလည်းသေပျော်မယ်
မဟုတ်ဘူးလား ။

အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ ……

သွေးနဲ့ဆေးမှ
လန်းမယ့်ရေ ……


တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်းနေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ ……

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။                ။

                          ရန်လင်းအောင်






Friday, March 20, 2015

မင်းညွန့်လှိုင် ဗိုလ်ချုပ်ရာပြည့်ကဗျာ

အချစ်ရေ လာဟေ့   . . . . .
 . . . . . . . . . . . . . . . ရာပြည့်ဆန်းဆီလှမ်းကြမယ်

နတ်ဆိုးတို့ဖုံးကွယ်ခြင်းခံခဲ့ရတဲ့
ဖေဖော်ဝါရီ ၁၃ ရက်မှာ
ဒီတိုင်းပြည်ရဲ့
နှလုံးသည်းပွတ်ဖွားမြင်ရာ
နတ်မောက်မြို့ကလေးက
အညာကျေးလက်အိမ်အိုကြီးဆီ
အရောက်သွားကြမယ်အချစ်ရယ် ။

မြို့လုလင်သာတဲ့ကွန်းဆီသို့
တို့သခင်စာဖွဲ့ညွှန်းလိုက်မကွဲ့
ဒါနဲ့လွမ်းကြပေတော့ကွာ..တဲ့
မဟာကဝိစာအရှိလို
နီစွေးသော
ဗိုလ်မင်းရောင်ရဲ့မြေးလေးဆီ
ရာဇဝင်မြောက်အလွမ်းများနဲ့
တို့သွားကြမယ်အချစ်ရယ် ။

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား
ညာတာမကောင်းပါဘူးအမရာတဲ့
မညာတတ်တဲ့အညာသားလေးဆီ
ငါတို့သားနဲ့သွားကြမယ် ။

ကျွန်ပညာအလိုမရှိ
ရေနံချောင်းက
မောင်အောင်ဆန်းတို့ရဲ့
အမျိုးသားကျောင်းမှာ
သခင်ပညာဝံသာနုရနံ့ကို
နမ်းရှိုက်ကြမယ်အချစ်ရယ် ။

ငါ၏ဦးခေါင်းသည်
သွေးဖြင့်ချင်းချင်းနီ၏
သို့သော်ညွှတ်ကားမညွှတ်
အိုးဝေမဂ္ဂဇင်းအယ်ဒီတာရဲ့
အနိုင်မခံတရားကို
နာကြားကြမယ်အချစ်ရယ် ။

မြန်မာပြည်သည်တို့ပြည်
ရဲရဲတောက်အော်သံနဲ့
ပင်နီတိုက်ပုံဝတ်
တို့ဗမာအစည်းအရုံး
အထွေထွေအတွင်းရေးမှူး
သခင်အောင်ဆန်းထံ
သခင်အကျင့်ကိုကျင့်ကြံဖို့
တို့သားကိုအပ်နှံရမယ် ။

ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာ
အချစ်ရယ်
တဟီတီမဟုတ်
ဟိုင်နန်ဆိုတဲ့ကျွန်းလေးမှာ
လွတ်မြောက်ခြင်းသို့ချီရာလမ်းကို
ငါတို့ခြေရာခံကြမယ် ။

ရဲရဲတောက်တို့ဗမာတွေ
သတ္တိခဲတွေ
ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့
သေနာပတိကြီးဗိုလ်တေဇကို
အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ
တပ်မှူးကြီးဗိုလ်အောင်ဆန်းကို
အလေးပြုကြမယ်အချစ်ရယ် ။

အိမ်ထောင်ရေးမှာလည်း
အနုပညာရှိတာပဲ
ပဲပြုတ်နဲ့နံပြားရရင်
စားချင်တယ်ကြည်
ငွေသော်တာရောင်ခြည်ရဲ့
ချစ်လှစွာသောခင်ပွန်းဆီမှာ
အိမ်ထောင်မှုအနုပညာကို
ခံစားကြမယ်အချစ်ရယ် ။

အကောင်းဆုံးကိုမျှော်လင့်
အဆိုးဆုံးအတွက်ပြင်ဆင်
ရရင်ရ မရရင်ချ
ဖဆပလဥက္ကဌရဲ့ဥာဏ်အမျော်အမြင်
ဦးအောင်ဆန်းရဲ့ရဲစွမ်းသတ္တိ
အချစ်ရယ်
ငါတို့သားကိုမအအောင်
သမိုင်းပညာသင်ကြားစေရမယ် ။

ဒီမိုကရေစီသာလျင်
မြန်မာပြည်နဲ့အကိုက်ညီဆုံးတဲ့
အမျိုးသားခေါင်းဆောင်က
စည်းကမ်းရှိ ညီညွတ်ပြီး
အမှန်တရားနဲ့ကိုက်ညီတဲ့အင်အား
ထူထောင်ရမယ်တဲ့
လူထုခေါင်းဆောင်က
အချစ်ရေ..
လှမ်းပါစို့ကွယ့်
ဆန်းရာပြည့်မှာ
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ ။       ။

                                                             မင်းညွန့်လှိုင်

ပရနိုင်ငံသားများ ရန်လင်းအောင်


အောင်ဆန်းမော်ကွန်း မဂ္ဂဇင်း /၂၀၁၅
တမူး အောင်ဆန်းရာပြည့် ကဗျာများ
မိုးမခ မဂ္ဂဇင်း  ၂/၂၀၁၅
တို့တွင် ဖော်ပြပြီး

ငြိမ်းစေသူ ဗိုလ်ချုပ်ရာပြည့် ကဗျာ


၂၀၁၅ မောင်နီမွန်


မွေးနေ့များ … ရန်လင်းအောင်