Monday, February 22, 2016

ငု ဝါ - တမျိုးနီ



ငု ဝါ

____________________________

ကျောင်းရောက်အောင်မြန်မြန်ပြေးပြီး
သူလာရာလမ်း ငေးရတဲ့အရသာ
တုန်ရီမောဟိုက်
တိတ်တိတ်ကလေး
လေပြေတွေ ဖြတ်ပြေးအသွား
ကိုယ့်ရင်ဘတ်ကို ဘရိတ်ဆွဲထားရ
လှ ရက်လိုက်တာ ပန်းငုဝါ ။

ကိုယ့်ရင်မှာတော့
နွေ မိုး ဆောင်း သုံးရာသီ
ငုဝါပန်းဆိုင်း လေးတွေပဲ အမြဲပွင့်
ကိုယ်အတင့်ရဲ လိုက်ဖို့ ကြိုးစားတိုင်း
ကျောင်းတက်ခေါင်းလောင်းထိုးသွား
သူ့ အတန်းလေးဆီ လွမ်းညို့သွားရတဲ့ မိုးသားအဖြစ်
ကိုယ်ရပ်ပြီး ရွာနေခဲ့ရ ။

ကျောင်းလမ်းမှာ ကြွေနေတဲ့သစ်ရွက်လေးကအစ
ငုဝါကြောင့်လှတယ်
နွေဥသြ
ခြောက်သွေ့မြေ
ကုက္ကို ပင်တန်း
ပန်းစက်ဘီးအဖြူ လေး
ကိုယ့်အတွက် ကဗျာ ပဲ
အလွမ်းဆိုတာ ညတာရှည်တာကို
အံကြိတ်ခံရတာပဲ
ဖယောင်းစက်လေးတွေဟာ
ငုဝါ အမည်ပဲ
ကိုယ်ကျက်ရမယ့် သင်ခန်းစာဟာ
ငုဝါ မျက်နှာပဲ
အချ စ်ကြောင့် သူရဲကောင်းပဲ
ကျောင်းအုပ်ကြီးလည်း မကြောက်ဘူး ။

စနေ တနင်္ဂနွေတိုင်းမှာ
ကိုယ်ဖျားတယ်
ညနေဆည်းဆာဆီ ငေးမော ရတာ
စက်ဘီးကလိန်လေးတွေထဲ နားစိုက်ရတာ
အတန်းထဲကနေ ငုဝါရှိရာ
အမြဲငေးနေရတာ
ကိုယ့်လက်ဆစ်တွေဟာ သက်သေပဲ ။

သူတစ်ချက်ပြုံးတိုင်း
ကိုယ့်ရင်လှိုင်းကြွ
ကြည်နူးရတာ
ဘယ်ခါ သူသိ
ရင်ထဲငြိမလဲ
ငုဝါကျောင်းလွယ်အိတ်ထဲ
အချစ်ကိုစီထားတဲ့ စကားလုံးတွေ မှောင်ခိုရောက်
ကိုယ့်တကိုယ်စာ ခြောက်ခြားမှု
ခုတော့ ပြန်လည် မရတော့ဘူး ။

ဒီလိုနဲ့
သစ်ရွက်တွေ ကြွေခဲ့တယ်
နွေလေပြေတွေ တိုက်ခဲ့တယ်
ဖုန်းထူထူလမ်းလေးတွေ လေပွေကျ
ယိမ်းကခဲ့တယ်
ခေါင်းလောင်းသံတွေ ဆိတ်သွားခဲ့တယ် ။    ။

 တမျိုးနီ

                                  

အသံမဲ့တေး - လှိုင်ကိုဦး


အသံမဲ့ တေး

______________

တဖက်ကမ်းက ဘုရားရှင်တော်
တယောက်ထဲ
ဖူးမြော်ရတဲ့အခါ။

ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီ
တစ်ခွက်
အငွေ့တဝေဝေ တက်တဲ့အခါ။

အက်ကွဲကြွေကျနေတဲ့ နံရံ
တစ်ခုကို
ငေးရီမိတဲ့အခါ။

မကြားနိုင်တဲ့ သီချင်းတစ်ပုဒ်
နှလုံးသားတစ်ဆုပ်စာ
ကြားလိုက်ရတယ်။

လှိုင်ကိုဦး

အူ သံ - ၇ - နီဇူလိုင်



အူ သံ - ၇

__________________


အပ်ကြောင်းထပ်စရာမရှိတဲ့
ဓာတ်ပြားမဲ့
ရေဒီယိုကောင်းကောင်းတစ်လုံးရဲ့ 
ခုမှ - စဖွင့်ခွင့်ရတဲ့
ခေတ်ဟောင်းတေးသွားတစ်ပုဒ် … …

နီဇူလိုင်

၁၁.၂.၁၆