Friday, April 10, 2015

တစ်ခန်းမှ မရပ်သေးတဲ့ ပြဇာတ် ။ ကိုသားကြီး


တစ်ခန်းမှ မရပ်သေးတဲ့ ပြဇာတ် 


ဇာတ်အိမ် က
လမ်းကို ကျောရိုးပြုတဲ့ ဆက်တင်နဲ့
အမှန်တရားတွေ ဖြတ်မောင်းနေတာ
စိတ် အချင်းချင်း မီး ထိုးပြထား ကြ
တစ်မိထဲ သားတွေလို ချစ်လို့ ။  
ရှိုက်ဖွာ လိုက်တဲ့ စာနာမှုက
လေ ထဲ မှာ စွန့်လွှတ်ခြင်းနဲ့ မွှေးပျံ့
ရဲရင့်တဲ့ မေတ္တာ ဟာ
ပိတ်ပင်တားဆီးခြင်းမှာ
အပြုံး မပျက်စေ နိုင်ကြောင်း သိတယ် ။
တိမ်နဲ့ ငြိတဲ့ လရောင်မှာ
စိုထိုင်းစ နည်းတဲ့ ဥတု လို
နွေဦးလေထဲ လွင့်ပျံ့လာမယ့် သီချင်းတွေ က
တောက် ခတ်သံ ပီပီသသ
ပျော်ရာမှာမနေ ရ
မတော်ရာမှာနေ နေရ
တွန်းရွှေ့လိုက်တဲ့ ချန်နယ်မှာ
အမျှော်လင့်ဆုံး သတင်းကို
အဦးအဖျား ကြားရဖို့
ခံနိုင်ရည် ကို ချဲ့ယူထား ပုံ မျိုး
သိမ်းဆည်းမျက်ရည်နောက်မှာ
အင်အား ဟာ အကျအပေါက် မရှိတဲ့
ရဲဆေး တစ်ခွက် ။             ။

                     ကိုသားကြီး

နွေကြွေပန်းတို့ ရာဇဝင် ။ ခက်ဦး

နွေကြွေပန်းတို့ ရာဇဝင်

....................................

အမြင်မှာနုချင်နုမယ်
အံတစ်ကြိတ် စုံအမှိတ်မှာ
ပိတ်ဆုပ်ညှစ်တွန်းထား
ပင်စည်သားတည့်တည့်လည်း
ဆထက်ဆင့်ကဲ
ခေါင်းနဲ့ ထိုးခွဲခဲ့တယ် ။

မိုးမြင့်ထက်
မျှော်စရာမလိုဘူး
မြေဆီက
လက်စိပ်စိပ် အသံတိတ်တိတ်
ချိတ်ကမ်းသယ်ကြ အာဟာရ
ဘယ်ညာဆန့်ထွက်လက်များမှာ
အရွက်ဦးတွေ စိမ်းသစ်ဝေကြ
အားကုန်ထပ် ဆောင့်အရုန်းမှာ
ဖူးကင်းဆင့်ဆင့် တိုးရစ်ညီလေ
စိမ်း သစ် ဝေ ကြ ။

ဥတုပျက်မို့
မြေကြမ်းရှထက် ဖြန့်ကျက်တဲ့အပူ
အမြစ်တွေကုတ်အောင် တခုံတမင်စုပ်ယူ
ကျေးဇူးတရားနဲ့သည်အပူ ကျေကျေနပ်နပ် လှယ်ယူ
ပူလိုက်စမ်း
မီးရဲလို ချွေးလူးရွှဲစို ပူလိုက်ကြစမ်း
ဟိတ် ! ကောင်းကင်
ဒီအပူတွေနဲ့များ
ဝတ်ဆံလွယ်ပိုး ဝတ်ရည်အိုးတွေ
ညှိုးငိုင် ထိုးယိုင် ကျိုးနိုင်မယ်ထင်သလား
ကြည့်စမ်းပ
သေသေချာချာကြည့်စမ်းပ
ဟောဒီမှာ..........
ပင်လုံးအုပ် တနှံ့တပြား
အဖူးစိုင် အခိုင်ဖွဲ့ စိမ်းစို ပြန့်ကားလိုက်ကြပုံ ။

ယုတ်ယုတ်ညံ့ညံ့...... ဒင်းတို့
မိုးလုံးတနှံ့ ထစ်ချုန်း ဆဲဆို
မည်းညှို့အုံ့ပြို ထစ်ချုန်း ဆဲဆိုကြ
လျှပ်ပျက်သံတရွှမ်းရွှမ်း မိုးကြိုးသံ ခပ်ကြမ်းကြမ်းမှာ....
မြှားတန်းနဲ့ မိုးစက်ကျည်ဆန် တဖွဲဖွဲအမှန်မှာ.....
လေပြင်းထဲ.... မုန်တိုင်းထဲမှာ.....
နွေကြွေပန်းတို့ခမျာ.......
ဦးခေါင်းတခွမ်းခွမ်း ရင်တဖျန်းဖျန်းအကွဲ
အဝါရောင် အဆုပ်ဆုပ် ပွင့်ထွက် ပန်းထွက်
သေပွဲဝင်ရ သေကြရှာပြီ ။

မြေသားထက်မကျဆင်းစေနဲ့
မြေသားထက်တော့ ချမနင်းခြေပါနဲ့ကွယ်
အမြတ်တနိုး စိုက်ထိုးကြ ပူဇော်ကြ
အလေးတယူ မွှေးကြူကြ ပန်ဆင်ကြ
သတ်သတ်မှတ်မှတ် အလှတပ်ကြ
ချိတ်ကြ တွယ်ကြ ဆင်ကြ ယဉ်ကြ
ဒါ............
မြေအပူ အငှါးယူအောင်းလို့
သူရဲကောင်းတွေကျဆုံးရတာပ
သူရဲကောင်းတို့ ကျဆုံးခန်းသာပ
ရွှေအဆင်းတို့ ဝင်းဖန့်နေမြဲ
ရနံ့သင်းသင်းတို့ မွှေးပျံ့မစဲပါလေ........။

ခက်ဦး
၈ . ၄ . ၂၀၁၅
ညဥ့် ၁၂ : ၄၀

တံတား နဲ့ လူ ။ မင်းညွန့်လှိုင်

တံ တား နဲ့ လူ


တံတားပေါ်ကို ငါ ခြေချတော့
တံတားဆောက်သူကြီးက ထွက်သွားနှင့်ပြီ ။

ငါ့ပုခုံးပေါ်
တံတားတစင်း ပစ်တင်လို့ပေါ့ ။           ။

                                              မင်းညွန့်လှိုင်