Tuesday, November 26, 2013

ရတုမြေ ကဗျာ ရှည်





 
ဆည်းဆာတံစက်မြိတ်အောက်က ကဗျာ
ဒီအကြောင်းတွေ
ပြန်ပြောရပေမယ်လို့
ကျနော်မထင်ခဲ့ဘူး။

အခုတော့လည်း
ဆီနာနာစိမ်ထားတဲ့ လ္ဘက်ကို
စားရသလိုပါပဲလားဗျာ..။

“ကိုဘုန်းရေ”
“မဒေ၀ီရဲ့ ကောက်ကြောင်း
တစေ့တစောင်းကြည့်ရုံနဲ့
ငါ့မှာ
မောပမ်းရ ကြောချမ်းရ” လို့
ခင်ဗျား တမ်းတခဲ့သူ။

“ကိုဘုန်း
မကျဆုံးစေနဲ့အုန်း ... ”ဆိုတဲ့
မဒေ၀ီရဲ့ ရှေ့မှာ
ဒူးချင်းရိုက်ပြီး
ခင်ဗျား
မူးမူးနဲ့ ခေါင်းငိုက် ဦးခိုက်ခဲ့တာ။

လှေကားထစ်များပေါ်က
တထစ်ချင်း နောက်ပြန်ဆင်းသူတွေအဖြစ်
အလှသေရည်ကိုလည်းချစ်
ခင်ဗျားနဲ့ ကျနော်လည်း ချစ်ခဲ့ကြတယ်နော်၊

“အတ်ဖေါ်နိုးဆိတ်”
ဖျောက်ဆိပ်ဖျောက်ဆိပ်အသံ
တကယ်တော့
ဖက်ဆစ်တွေရဲ့ လက်သည်းဆိတ်တဲ့အသံဆိုပြီး
ဘုံအလင်္ကာဒေါသ
ပေါက်ကွဲခဲ့ကြ အဲဒီည
ခင်ဗျား
မထတမ်း မူးခဲ့ဖူးပြီ။

ကျနော်က လ္ဘက်ရည်ကြိုက်သူ
ကဗျာတပိုဒ် လ္ဘက်ရည်တစ်ကျိုက်
ခင်ဗျားက တစ်ပင်ရွှေထီးလက်သစ်
ထန်းရည်ကိုလည်း ချစ်သူ
ထန်းရည်တစ်ကျိုက်
ကဗျာကျတော့ လက်ကုန်နှိုက်တတ်သူ။

ရတုမြေ ကဗျာ ပြပွဲ (၈)



 
ငြိမ်ဆေး

ကြောင်းကျိုးမဲ့
အမနာပ စကားသံတွေ
သံရည်ပူလို
ငါ့ နားထဲ စီးဝင်လာခဲ့
ငါ မနေသာဘဲ
ပေါက်ကွဲလုနီးနီး
တုံ့ပြန်ဖို့ပြင်ဆင်နေတုန်း ၊

ပီရီကလီရဲ့
သမိုင်းဝင်စကား
" မိတ်ဆွေကြီး
အိမ်ထဲကြွပါခင်ဗျာ " တဲ့
" နံနက်စာသုံးဆောင်ပြီးမှပြန်ပါ " တဲ့
ရင်နာအောင်ပြောတဲ့သူကို
ခွင့်လွှတ်သတဲ့ ။

ဒီစကားလက်ဆောင်
ပူလောင်နေတဲ့
ငါ့ ရဲ့ရင်ထဲ
တိုးဝင်နေရာယူခဲ့ပြီ ။
     ကိုရုန်း
                
                    *ပီရိကလီ  = ဂရိ သမိုင်းထဲက လူထုခေါင်းဆောင်

ရတုမြေ မဂ္ဂဇင်း
                   အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။







ရောင်စုံမြားတွေ
အမှောင်ထုထဲမှာ
လမ်းပျောက်နေပြီ ၊

မြို့နားကမြက်တွေ
မြို့သားတွေ အထင်မကြီး
နင်းခြေကျော်ခွ သွားခဲ့လို့ ၊

တချို့ကတော့
ဝါးလုံးခေါင်းထဲမှာ
ကိုယ့်ကိုယ်ကို သာလှပြီထင်နေသေးရဲ့ ၊

တချို့က ကိုတိုးကြီးရဲ့
ကြိုးကြားသံ သီချင်းလေးငြီး
ပျံနေရင်းကျန်ရစ် ၊

အလွဲအချော်၊ အချော်နဲ့အလွဲ
ဘာကအရင်စခဲ့သလဲ၊

သမိုင်းခေတ်ကြီးကြီးနဲ့ မြို့မဟာသားတွေ
မလှုပ်မယှက် မထိုးထွက်နိုင်အောင်
ကိုယ့်ကိုယ်ကို ဘောင်ကျဉ်းကျဉ်းထဲ
ရေးဆွဲပြဌာန်းခံနေကြရ ၊

မြို့လေးက ရှုပ်ပွနေမှ
ညစ်ပေညံ့ဖျင်းရွှံ့ဗွက်လမ်းတွေပေါ်
ကွမ်းတံတွေးထွေးချတာ
အပြစ်မဆိုသာတော့ ။

ရင်မောင်ငြိမ်း
        ရတုမြေ မဂ္ဂဇင်း
                  အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။





 

အရာရှိကြီးတစ်ယောက် ငါတို့ လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်လာသောက်တော့
လက်ဖက်ရည်သောက်သုံးသူဖြစ်သွား
တယ်။
သန့် ရှင်းရေးသမားတစ်ယောက် ငါတို့ လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်လာသောက်တော့
လက်ဖက်ရည်သောက်သုံးသူဖြစ်သွားတယ်။
လူတန်းစား ခွဲခြားမှုမရှိတဲ့ လက်ဖက်ရည်ဆိုင်လေး
ငါတို့ သောက်နေကျ လက်ဖက်ရည်ဆိုင်လေး....။

       ဆလိုင်းမြတ်နိုးသူ
      (တောင်ဇလပ်မြေ)
        ရတုမြေ မဂ္ဂဇင်း
                       အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။










ရတုမြေ ကဗျာပြပွဲ ( ၇ )






လဲနေပေမယ့်ပြိုမကျအောင်
မရုန်းနိုင်လည်း ထ ခဲ့ရပါတယ်

ရေတံခွန်တစ်ခုလို
မျက်စိစုံမှိတ် ခုန်ချခဲ့ခြင်းသာ
ငါ့  အနုပညာ . . .

နံရံ  ချောက်ကမ်းပါး  မီးပင်လယ်ကန္တာရ
စုတ်ချက်ကြမ်းကြမ်း   လွမ်းမကုန်

ကိုယ့်ဒဏ်ရာ ကိုယ်လျှာနဲ့ပြန်ပြန်သပ်ခဲ့ရ

ဘ၀မှာ
အချိုးအကွေ့တွေများလွန်းရဲ့  . . . ။

     မောင်သော်တာ





စက်ရပ်သတင်း

စက်တပ်လှေကလေးပေါ်လိုက်ပါခွင့်မရ
ကမ်းစပ်မှာအပိုင်းပိုင်းအပြတ်ပြတ်ကျန်ရစ်တဲ့
လက်မှတ်ဖြတ်ပိုင်းတစ်ရွက်ဟာငါလား။

အိမ်လွမ်းစိတ္တဇနဲ့
မြို့ရိုးအပြင်မှာတဝဲလည်လည်လှည့်နေတဲ့
အခိုးအငွေ့အစုအဝေးဟာငါလား။

သားစိမ်းငါးစိမ်းတန်းအလယ်
ကိုယ့်ရနံ့လေးကိုယ်မသေအောင်မွေးမြူနေရတဲ့
တောပန်းတောင်ပန်းတစ်ပွင့်ဟာငါလား။

ပွဲလမ်းသဘင်လူစုလူဝေးရဲ့အဝေး
အက်ကြောင်းရာထင်မှုန်ဝါးဝါးမှန်ပြောင်းတစ်လက်ဟာငါလား။

ကမ္ဘာကြီးကိုမမီမကမ်းဆွဲငင်စုပ်ယူနေရသူ
အားလျော့ဘက္ထရီနဲ့ရေဒီယိုဟောင်းတစ်လုံးဟာငါလား။

ငါ့အခန်းထဲမိသားစုလေးဆုံစည်းခွင့်ကလည်း
လေမငြိမ်တဲ့ကောင်းကင်မိုးတိမ်တွေလိုအစိုးမရ။

ပျော်ရွှင်မှုဟာမိုးလေဝသပဲ
ဒီရေလို လလို မုန်တိုင်းနဲ့ငလျင်လို ခန့်မှန်းရခက်ခက်။

အဲသလို
မှောက်ချည်လှန်ချည် ခြောက်ချည်စိုချည် ရာသီဥတုအပေါ်
ငှက်ကောင်းတချို့ဆိုက်ရောက်လာချိန်ဟာ
ဘဝရဲ့တိုရေရှားရေပွဲတော်တွေပေါ့။

အနှစ်နှစ်ဆယ်မုန်တိုင်းများကြားက
ခြေရာဖျောက်မြကြိုးကြာကြီးဝဲပြန်လာတော့
လူချောလူလှကိုးတန်းကျောင်းသား
ပန်းရိုင်းပွင့်သစ်လေးငါဖြစ်သွားတယ်။

စစ်တောင်းမြစ်ကမ်းပေါ်က
ပန်းပဲဆရာကြီးရဲ့သား ဝင်နားလာတော့
ချွေးနံ့ သံနံ့ ပြာပူနံ့ ငှက်ခါးတောင်ရနံ့နဲ့
မှိုင်းခန်းမထဲကထပျံလိုက်တဲ့
ဝန်တင်လိပ်ပြာတစ်ကောင် ငါ ဖြစ်သွားတယ်။

ပွဲတော်ရဲ့ခေါ်သံ
ပွဲတော်ရဲ့ကိုယ်သင်းနံ့
ပွဲတော်ရဲ့အသွေးအသားနဲ့
ရုပ်တွေဒြပ်တွေအစိုင်အခဲတွေစုဖွဲ့
တစ်စစီတစ်စစီတပ်ဆင်ချိတ်ဆက်ပြီးတဲ့နောက်
ပြန်လည်အသက်ဝင်လာတဲ့အကောင်အထည်ကြီးဟာ

အခုညာဘက်လက်ဖျံရိုးကို စတင်လှုပ်ရှားနေပြီဖြစ်ပါကြောင်း။             

                                                                          မင်းညွန်လှိုင်




လွမ်းမီးလဲ့ပြာ

သမိုင်းတကျော့ ပြန်ရိုးရှိရင်
သမိုင်းစာအုပ်ထဲက ကြာအင်းကြီးလို
ကြာမျိုးငါးပါးအပြည့်နဲ့
သူ့ကိုယ်ထည်စင်စစ်
လေးကျွန်းကန်ကို မြင်ဖူးချင်ပါတယ် ….
သမိုင်းတကျော့ ပြန်ရိုးရှိရင်
တစ်ကျွန်းနဲ့တစ်ကျွန်း လက်ချင်းချိတ်လို့
ခင်းထားတဲ့ တံတားအိုလေးပေါ်မှာ
ဂစ်တာတီးမယ်၊ ချစ်သူတွေကိုငေးမယ်
ဇာတ်ဝင်ခန်းတချို့ကို ရင်ခုန်မယ်
အရှေ့ဆီက ဆံတော်ရှင်အ၀ါရယ်
ရေပြင်ပြာပြာ တမျှော်တခေါ်ရယ်
အနောက်ဘက်က ကုက္ကိုပင်စိမ်းညို့ညို့တွေရယ်
မြို့ရိုးထက်က ၀တ်ပြုသံချိုမြ ဓမ္မသံစဉ်တွေရယ်
မြို့ရဲ့ ကောင်းကင်ပေါ်ဖြတ်ပျံနေကျ ငှက်ကလေးတွေရယ်
ရေရင်း တွက်ရင်း အလွမ်းတစ်ဝက်နဲ့
အိမ်အပြန် ကန်ပတ်လမ်းပေါ်က ငါ့ ညနေတွေကိုလည်း
ပြန်မြင်ချင်သေးတယ် …
သမိုင်းတကျော့ ပြန်ရိုးရှိရင်
အရှေ့ဘက်ကျွန်းက မျှော်စင်ပေါ်တက်ပြီး
အနောက်မြို့ရိုးထဲ  ငုပ်လျှိုးသွားတဲ့နေလုံးကြီးကို
ငေးကြည့်ချင်သေးတယ် . . .
သမိုင်းတကျော့  ပြန်ရိုးရှိရင်
ရိုးရှင်းလှပ ကန်ဘောင်ရိုးလေးပေါ်က
ငုဝါပင်တန်းရဲ့ပွင့်ရွက်ကြွေတဖွဲဖွဲ အောက်မှာ
လမ်းပြန်လျှောက်ချင်ပါသေးတယ် . . .
သမိုင်းတကျော့ ပြန်ရိုးရှိရင်
အိုဇာတာ မကောင်းရှာတဲ့
စိန်ပန်းပင်ကြီးအောက်မှာ
ထိုင်ပြီး စွန်လွှတ်လို့
ကြိုးပြတ်လွင့်စင်သွားတဲ့ စွန်ကလေးတွေ
ဘော်ဒါတွေနဲ့ အပြိုင်လိုက်လုချင်သေးတယ် . . .
သမိုင်းတကျော့ ပြန်ရိုးရှိရင်
ကန်ရေပြင်စပ်စပ် က မြက်ရိုင်းရှည်တွေနဲ့အပြိုင်
သံစဉ်လှိုင်းတွေ ယိမ်းနွဲ့ချင်သေးတယ် …
သမိုင်းတကျော့ ပြန်ရိုးရှိရင်
အားကစားကွင်းအမည်ခံ
မြေသားမညီညာတဲ့ မြက်ခင်းစိမ်းစိမ်းကွင်းပြင်ကြီးထဲ
ကလေးငယ်တွေ ပြေးကာလွှားကာ ဆော့ကစားနေတာတွေ
ကိုယ့်လူတွေ ရဲ့ ဘောလုံးပွဲစဉ်တွေ
ပြန်မြင်ချင်ပါသေးတယ် . . .
သမိုင်းတကျော့ ပြန်ရိုးရှိရင်ပေါ့  . . .
သမိုင်းတကျော့ ပြန်ရိုးရှိရင်ပေါ့  . . .
သမိုင်းတကျော့ ပြန်ရိုးရှိရင်ပေါ့  . . . .
ရေကန်ကြီးထဲ ပြေးပြေးပြီး
ဝုန်းခနဲ ၀ုန်းခနဲ အကြိမ်ကြိမ် ခုန်ချ
၁၆ နှစ်သားလေး ပြန်ပြန်ဖြစ်သွား
စိတ်နဲ့ အမြဲကူးကူးမိနေတဲ့
ငါ့ အလွမ်းမီးလေး လဲ့ပြာပြာ ………….. ။

              ရန်လင်းအောင်
          ရတုမြေ မဂ္ဂဇင်း
                  အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။