Tuesday, April 28, 2015
အ ကျ န် -၄ မင်းညွန့်လှိုင်
အ ကျ န် ( ၄ )
------------
မိုးမြားပစ်ကြဲ
စိုရွှဲခြောက်ကပ်နေတဲ့ည
လူသူမဲ့မဲ့လမ်းဆုံလမ်းခွ
အိပ်စက်မရတဲ့တစ္ဆေအို
အမှောင်ကိုစောင့်ကြည့်နေရ
ကိုယ်ဟာ
အမေ့လျော့ခံမီးပွိုင့်ကြီးပါလေ ။ ။
မင်းညွန့်လှိုင်
နေတူနံတူများ နှင့် အနီးတဝိုက်
နေ့တူနံတူများ နှင့် အနီးတဝိုက်
ပျော်သလိုလို ဘာလိုလို
ပေပြီးချစ် ပေပြီးမုန်း
ပေပြီးလွမ်း ……
ပျော်သလိုလို ဘာဘာလိုလိုပေါ့
မီးကစားတယ်
ရေကစားတယ်
ဘဝမှတပါး လောင်းကြေး မရှိပြီ
ပျော်သလိုလို ဘာဘာလိုလိုပေါ့
မိုးပျံလည်း ဒီစိတ်
မြေလျှိုးလည်း ဒီစိတ်
ပျော်သလိုလို ဘာဘာလိုလိုပေါ့
ခရမ်းလွန်ရောင်ခြည် ဟာ
ကိုယ့်အသံထက် ပိုစွာလား
တတ်နိုင်ဘူးလေ
လိုသလို ချုံ့နိုင် ချဲ့နိုင်တဲ့
အိပ်မက်ကို မက်လို့မရသေးဘူး
ဆိုးပါ့  ………………
မနေ့ကထက်ပိုဝေးသွားတဲ့ကိစ္စလည်း
အရေးကြီးတာပဲ
မနေ့ကထက်ပိုနီးလာတဲ့ကိစ္စလည်း
အရေးကြီးတာပဲ ။
အေးလေ ………
မနေ့ကထက် စကားပိုနည်းကြပါစို့
မနေ့ကထက် တရားပိုမြဲကြပါစို့
ဒါပါပဲ ။
                ရန်လင်းအောင်
Thursday, April 23, 2015
အပူမီးဆို့ ဂြိုဟ်ပြာပြာ ။ ခက်ဦး
အပူမီးဆို့ ဂြိုဟ်ပြာပြာ
.............................
ညှိုးချုံး သွေ့ခြောက် နွမ်းလျ
အဇ္ဈတ္တတွေ ထုထည်လိုက်ကြမ်းရှလို့
ကမ္ဘာကြီး မချမ်းမြနိုင်တော့ ။
မိုးစက်လို မျိုးဆက်ရယ်သံသစ်တွေ
တရွှဲတနစ် ဆင့်တိုးဆကဲ ရွာချပစ်တောင်
အမြစ်နု အရွက်ချို ပွင့်သစ်မွှေးမွှေးတွေ
တကျော့ပြန် စိမ်းစိုအေးဖို့ ခက်ချေသေးပြီ ။
ခက်ဦး
၂၂ . ၄ . ၂၀၁၅ ကမ္ဘာမြေနေ့ အထိမ်းအမှတ်
(ဓာတ်ပုံ photographize ပေ့ခ်ျ မှ ကူးယူသည်
Sunday, April 19, 2015
နွေညအထပ်ထပ် ။ မောင်သော်တာ
နွေညတွေအထပ်ထပ်
____________________
စကားပြေတစ်ပုဒ်ရဲ့လေပြေညင်းကိုမဟူရာညထဲ
ဆွဲချိတ်ထားတယ်
ဘဝစာမျက်နှာတစ်ရွက်ချင်းတစ်ရွက်ချင်း
ပန်ထွာဘုရင်မရဲ့
လည်တိုင်ရင်ညွန့်ဆီကချွေးနံ့လေးလို
သင်းပျံ့နေပါပေါ့---
တောင်ခိုးတွေဝေနေ
မြူခြေဆိုင်းဆဲ
ယမ်းနံ့တွေမပြယ်သေးပါကလား
ရိုင်ဖယ်သေနတ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း
မြေသားဘန်ကာတစ်ခုရဲ့ပြဇာတ်တစ်ပုဒ်
သွေးစွန်းကျန်ရစ်ခဲ့ပြီလေ
ဝ'ဘာသာစကားနဲ့ကဗျာတစ်ပုဒ်ကိုချရေးခဲ့မှာလား
ဒါမှမဟုတ်
ရှမ်းတရုတ်လေသံဝဲဝဲနဲ့
ကောက်ညင်းဆန်အရက်နံ့ထဲမှာချိုမြိန်ရီဝေစရာ
တောင်တန်းတွေ
အရင်လိုအပြာရောင်ဆေးသားရှိပါသေးရဲ့လား
အမှောင်ညထဲကဘဝတွေအမှောင်ကိုဆန့်ကျင်ဖို့
ကဗျာရွတ်ကြည့်ချင်ပါရဲ့
တစ်ချိန်က
ရေတာရှည်ဘူတာထဲ
ဥသြသံရှည်ဆွဲရင်း
ထိုးဆိုက်လာတဲ့
ရထားထင်းတွဲပေါ်မှာ
ကျောင်းစိမ်းပုဆိုးအပြဲလေးတစ်ထည်
အလံတစ်ခုလိုလွှင့်ခဲ့ဖူးတာ
ကျနော်တို့မော့ကြည့်ချင်ပါသေးရဲ့လေ။
____________________
ဧပြီ၂၀ရက်နေ့မှာကျရောက်တဲ့
ဲ့ဆရာနိုင်ဝင်းဆွေမွေးနေ့အမှတ်တရ
____________________
မောင် သော် တာ
ရုပ်စုံပြပွဲ ။ မင်းညွန့်လှိုင်
ရု ပ် စုံ ပြ ပွဲ
ထင်ပေါ်ကျော်ကြား အရုပ်များကို
အစုလိုက်အပြုံလိုက်တွေ့ရမြင်ရတာ
ပျော်စရာရွှင်စရာမကောင်းဘူးလား ။
တစ်ရုပ်က
ရေဒီယိုကမိန့်ခွန်းပြောကြားပုံ
ကမ္ဘာ့ခေါင်းဆောင်များအားပြုံးပြပုံ
သံဃာတော်များအားလက်အုပ်ချီပုံ
ကလေးသူငယ်များအားပွေ့ဖက်ပုံ
ပြည်သူများအားလက်ပြပုံ
အတိုက်အခံများနှင့်စကားစမြည်ပြောဆိုပုံ ။
နောက်တစ်ရုပ်
လူထုစည်းဝေးပွဲမှာမိန့်ခွန်းပြောကြားပုံ
ကမ္ဘာ့ခေါင်းဆောင်များနှင့်ရင်းနှီးပုံ
အာဏာပိုင်များနှင့်တွေ့ဆုံပုံ
လယ်သူမများနှင့်အချေအတင်ပြောဆိုပုံ
လွှတ်တော်အစည်းအဝေးများတက်ရောက်ပုံ
သတင်းစာရှင်းလင်းပွဲပြုလုပ်ပုံ
ကြေငြာချက်များလက်မှတ်ရေးထိုးပုံ ။
ရှိသေးတယ်
စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားပုံ
ဒဏ်ရာရစစ်သည်များအား အားပေးပုံ
ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်ပုံ
တိုင်းရင်းသားခေါင်းဆောင်များနှင့် ပွေ့ဖက်ပုံ
အိမ်နီးချင်းခေါင်းဆောင်များနှင့် တွေ့ဆုံပုံ
လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ပုံ  ။
မကုန်သေးဘူး
စာပေဟောပြောပုံ ပန်းချီဆွဲပုံ  ပြဇာတ်ကပုံ
စာအုပ်မိတ်ဆက်ပွဲတက်ရောက်ပုံ
အမှတ်တရအခမ်းအနားများတက်ရောက်ပုံ
ပရဟိတပြုလုပ်ပုံ
သတင်းစာရှင်းလင်းပွဲပြုလုပ်ပုံ
ကြေငြာချက်များလက်မှတ်ရေးထိုးပုံ ။
အရုပ်တွေ အရုပ်တွေ
ပီပြင်လွန်းတဲ့အရုပ်တွေ
သရုပ်ပါလွန်းတဲ့အရုပ်တွေ
အရုပ်လို့မထင်ရတဲ့အရုပ်တွေ
ထူးထူးခြားခြားများများပြားပြား
စုံစုံလင်လင်စည်စည်ကားကား
ပြပွဲကြီး
ပြလိုက်ရရင်မကောင်းလား ။      
မင်းညွန့်လှိုင်
ယဉ်ကျေးမှုအရ မလိုတဲ့ ကမ္ဘာ ။ ခက်ဦး
ယဉ်ကျေးမှုအရ မလိုတဲ့ ကမ္ဘာ
..............................................
ယဉ်ကျေးမှုအရ ဝမ်းနည်းပြရတယ်ဆိုတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ဝမ်းသာအယ်လဲလုပ်ပြရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ မုန်းတီးဆန့်ကျင်ပြရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ လက်ခုပ်တီး လက်မထောင် ထောက်ခံပြရတာရှိသလား ၊
ယဉ်ကျေးမှုအရ ကမ်ပိန်းလုပ်ပြရတာ ရှိသလား ၊
Like လုပ်ကြတာ ကမ်ပိန်းလား ယဉ်ကျေးမှုလား ၊
Comment ရေးကြတာ စည်းချက်ညီလှုပ်ရှားခြင်းလား ယဉ်ကျေးမှုလား ။
ယဉ်ကျေးမှုအရ ပြုံးပြလက်ဝှေ့ရမ်းတာ ရှိသလား ၊
ယဉ်ကျေးမှုအရ မိန့်ခွန်း တစ်လတစ်ခါပြောတာ ရှိသလား ၊
ယဉ်ကျေးမှုအရ လူထုအသံ နားထောင်ချင်ယောင်ဆောင်တာရှိသလား ၊
ယဉ်ကျေးမှုအရ မကြားချင်ယောင်ဆောင်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ကတိတွေလွယ်လွယ်ပေးတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ကတိဆိုလွယ်လွယ်မပေးရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ စကားဝိုင်းဖွဲ့တာ ရှိသလား ၊
ယဉ်ကျေးမှုအရ စားပွဲခုံအောက်က ခြေဖဝါးဖိနင်းခံရတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ထောက်ခံမဲခလုတ် ပိုနှိပ်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ညစ်ပတ်တာ အရေထူတာ အယုတ်ဥာဏ်နဲ့အသားတကျဖြစ်နေတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ဘာကတိမှ မတည်တာရှိသလား ၊
ယဉ်ကျေးမှုအရ အံကြိတ်ပြီးခုန်ခုန်ရိုက်တာ ရှိသလား ၊
ယဉ်ကျေးမှုအရ ပိတ်ဆို့သတ်ဖြတ်တာတွေ ရှိသလား ၊
ယဉ်ကျေးမှုအရ မယဉ်ကျေးတဲ့ဥပဒေတွေနဲ့ မတရားဖမ်းဆီးတာ ရှိသလား ၊
ယဉ်ကျေးမှုအရ ပြန်မလွှတ်ပေးတာ ရှိသလား ။
ယဉ်ကျေးမှုအရ FREE ကမ်ပိန်းတွေလုပ်တာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ဓာတ်ပုံကမ်ပိန်းတွေလုပ်တာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ကဗျာတွေရေးတင်ကြ ရွတ်ဖတ်ကြ ကဗျာနဲ့ငိုကြွေး ကဗျာနဲ့ဒေါသထွက်ပြကြတာ ရှိလို့လား ၊
ယဉ်ကျေးမှုအရ ဝိုင်းဖတ်ပေးကြတာ ရှိလို့လား ။
သေချာတယ်
ခင်ဗျားအခု သည်ပို့စ်အတွက် နှိပ်ချမယ့် like ဟာ ယဉ်ကျေးမှုကြောင့်မဟုတ်တာ ၊
သေချာတယ်
ခင်ဗျားအခု သည်အထိ သည်စာကိုဖတ်လာတာ ယဉ်ကျေးမှုအရ မဟုတ်တာ ၊
သေချာတယ် ကျုပ် သည်စာကို တခြားစာတွေကို ဘယ်စာတွေကိုမှ
ယဉ်ကျေးမှုအရ မရေးဖြစ်ခဲ့တာ ။
ခက်ဦး
၁၉ . ၄ . ၂၀၁၅
Saturday, April 18, 2015
နှစ်ကူးဆုတောင်း ။ ကိုသားကြီး
facebook စာမျက်နှာတစ်ခုမှ ယူသည် ။
နှစ် ကူး တောင်းဆု 
ကြည်လင်သောစိတ်နဲ့ မေတ္တာ ဓာတ်ကို အရင် မွေးမြူ ပြီးတော့
ရေ စပ်မှာ တဖြည်းဖြည်းချင်း
စေတနာကို လောင်း သွန်လိုက်တယ် ။
လွှတ်ပေးလိုက်တာ က
မလူးသာ မကူးသာ ဘဝ ရောက်
ငါး လေးတွေ ဆို
ချမ်းမြေ့ပျော်ရာ ရေကြည်သာ မှာ
မိသားစုနဲ့ အေးစေချင်တယ် ။
အိမ်ပြန်မရောက် သေးတဲ့
ညီလေး တွေ ဆီ
ဒီနေ့ ပို့တဲ့မေတ္တာ ဓာတ် ကို
တောင်တန်းတွေဖြတ် ပြီး
ဆိုက်ရောက် စေချင်ရုံ ။
ငှက်ကလေး တွေ လွှတ်ပေး တော့လည်း
လှောင်ချိုင့် ကို တိုးထွက်
အပြင်ဘက်ကောင်းကင်မှာ
ငြိမ်းချမ်းစွာ ပျံသန်း
ရှေ့ခရီးလမ်း ကို ဆက်လျှောက်စေချင်တယ် ။
အိမ်အဝင်လမ်း က မှန်း မျှော်တရင်း
ဝမ်းနည်း စိုးထိတ်
အပျော် ရိပ် ပျောက် နေရှာ တဲ့
ဇနီး သည် လည်း
မျက်ရည် ဟောင်းသစ်
ကျစ်လစ် ထားသို
နွေကို အံတု တောင်းဆု ခြွေ တယ်။
လွတ်လပ် ပါစေ
လွတ်လပ်ကြပါစေ ။ ။
                     ကိုသားကြီး
Thursday, April 16, 2015
-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇
-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇
အားလုံး  အနှစ်
အားလုံး  အသစ်
မဟုတ်ခဲ့ပေမယ့်
အမှန်တကယ်
ချစ်စိတ်အပြည့်နဲ့
နေထိုင်ဖြတ်သန်းခဲ့ပါတယ်
၁ ၃ ၇ ၆ ---->>>
               ကဗျာ " အား " ဖြင့်
                ရ န် လ င်းေ အာ င်
ပိတောက်တစ်ခက်မို့ တစ်သက်ဆိုရင် တစ်ဘက်လက်နဲ့ရွယ်
ပိတောက်တစ်ခက်မို့
တစ်သက်ဆိုရင်တစ်ဘက်လက်နဲ့ရွယ်
___________________
အချိန်နာရီရဲ့စားဖတ်ဝါးဖတ်ထဲမှာကျန်နေဆဲပဲ
သင်္ကြန်ညရဲ့အုန်းလက်ရိပ်လေးထဲမှာငူငူငေါင်ငေါင်
ကျန်နေခဲ့ဆဲပဲ
ဟိုလိမ့်ဒီလိမ့်အခွံတွေထဲမှာသီချင်းသံလိမ့်ပါသွားတယ်
ခရမ်းလွန်ရောင်ခြည်တွေလောင်မြှိုက်ထားတဲ့ပွဲတော်လို့
သံသယဝင်မိလည်းခဏပဲ
ညော်နံ့လားအညှီလားမီးခိုးလားတံလျှပ်လား
ငွေငန်းဖြူတို့ပျော်ရာကန်တော်သာ
ရွှေသမင်လေးတွေရဲ့ရေတံခွန်အောက်ကို
ပျော်ပျော်ကြီးပေါ့အချစ်ရေ
ဒီနှစ်လည်းကြာရင်အဟောင်းပုံထဲ
ပုံမကျပန်းမကျ'ပုံချထားရမှာပဲပေါ့
တပုံကြီးပေါ့
စည်တိုသံ
ဗုံသံ
လျှပ်စစ်ဂစ်တာသံ
အီလက်ထရော်နစ်သင်္ကြန်ကပိတောက်အတုတွေနဲ့
ဟာဝေယံရှပ်အင်္ကျီနဲ့
မဏ္ဌပ်မြင့်မြင့်ကြီးအောက်မှာဗူးခွံလိုက်ကောက်နေတဲ့
ဗိုက်ဟောင်းလောင်းပေါက်အနာဂတ်တွေနဲ့
ဆူဆူညံညံဖောက်ခွဲဟစ်အော်နေတဲ့
ပေါက်ပေါက်ဖောက်စာသားတွေပဲ
ခုန်ပေါက်နေတဲ့ဘီယာအနံ့ထဲမှာ
မဟာသင်္ကြန်ဆိုတဲ့ဝတ်စုံဟောင်းကြီး
ကျပြီးရင်းကျ
ကြပ်ပြီးရင်းကြပ် ရွှဲရွှဲစိုလို့
___________________
မောင် သော် တာ
အတက်နေ့ညနေ ။ ရန်လင်းအောင်
အတက်နေ့ ညနေ
ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။
မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။
နောက်ရက်များမှာတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ် လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။
ခုတော့ . . . . . . . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒ ဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွား သလိုလို
ကိုယ်ပေါ့ သွား သလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။ ။
ရန်လင်းအောင်
သူ့အကြောင်းနဲ့ ငါ့ အရာ
သူ့အရာ နဲ့ ငါ့  အကြောင်း ကဗျာစာအုပ်မှ ။
ငု ။ ကိုသားကြီး
ငု
တမ်းတ မှု အသစ်မှာ မျက်နှာစိမ်း လို မေ့ထား ကြ ပုံ
တစ်ခိုင်လုံး အဝါ တွဲခို လို့
မချစ်မနှစ်သက်သူတွေ ထဲမှာ
မရှိသေးတာ ကို ချစ်ပြနေတဲ့
အတ္တတွေ နဲ့
သွေးရိုး သားရိုး ငို ရ။
နွေ ဇာတ်လမ်းမှာ
ဇာတ်ပို့ အနေအထား က
ပံ့ပိုးသူ မရှာ ခဲ့ဘူး ။
အရောင် တူ အဆင်ကွဲမှု လေးကြောင့်
သတ်မှတ်ချက် အောက်မှာ သိမ်ငယ်သလို
ခရီးဦးကြို ပြုခဲ့ပါတယ် မိတ်ဆွေ။
လက်ရည် မတူတဲ့ ပြိုင်ဆိုင် မှု ထဲ
အမည် ဂုဏ်သတင်း မပေါ်လွင် ခဲ့ဖူး တော့
ကာလ တို တိုက်ပွဲ ကြုံ တဲ့အခါ
ခံနိုင်စွမ်းသာ အပြည့်
ကျန် နေ ပါ ရ စေ  ။               ။
                                ကိုသားကြီး
Wednesday, April 15, 2015
ကျစေလိုတဲ့ သင်္ကြန် ။ ရန်လင်းအောင်
photo : ကိုလွင် -နန်းမြေ
ကျစေလိုတဲ့ သင်္ကြန်
______________
ရေစိုသူတွေ တဘက်
ရေဆာသူတွေ တဘက်နဲ့
ရှေ့မျက်နှာနောက်ထားပြီး သင်္ကြန်မကျလိုဘူး
နားနဲ့မနာ ဖ၀ါးနဲ့နာရတဲ့ သင်္ကြန်မကျချင်ဘူး ။
ဒီတော့ကာ . . . . .
မုန့်လုံးစက္ကူကပ်များအတွက်
မုန့်လုံရေပေါ် လှူဒါန်းပြီးပါပြီ ။
တနေ့တမျိုး ဆိုးဆေးပြောင်းတဲ့ ဦးခေါင်းများအတွက်
ဘိုးဘွားများအား ခေါင်းလျှော်ကုသိုလ်ယူပြီးပြီ ။
မုသာဝါဒီတွေကို ချေချွတ်နိုင်စေဖို့
ဆိုခဲစေမြဲစေ ပိတောက်ပန်းတွေ
လှူဒါန်းဆက်ကပ်ပြီးပါပြီ ။
ရေပက်မ၀င်တဲ့
ပက်ကြားအက်ဘ၀များအတွက်
ရေရဲ့ အရင်းခံ ချစ်ခြင်းမေတ္တာများများထည့်လို့
ရေရဲ့ အမြစ်မှန် စာနာလန်းဆန်းစိတ်တွေ
ပိုပိုသာသာစူးစိုက်လို့
ရှင်တော်ဘုရားအား
သက်စေ့လောင်းလှူပူဇော်ပြီးပါပြီ ။
ကျချင်သလို ကျတဲ့
သင်္ကြန်ဘေး ကင်းဝေးကြပါစေ ၊
ကိုယ့်ကျလိုတဲ့ သင်္ကြန်
ကျလိုက ကျနိုင်ကြပါစေ ၊
လိုရာသင်္ကြန်နဲ့ လန်းဆန်းကြပါစေ ။      ။
                                                      ရန်လင်းအောင်
ပိတောက်ခူးသူ ။ ကိုသားကြီး
ပိတောက်ခူးသူ 
ပွဲတော် မှာ
အပွင့် ကောင်းကောင်း ရချင်လို့
အောက်ခြေက အရစ် များစွာ
နင်းတက်ခဲ့တယ် ။                 ။
                                  ကိုသားကြီး
တောပွဲ ။ ကိုသားကြီး
တောပွဲ 
နွေ ထဲမှာ
ပိတောက်ပန် တဲ့
သနပ်ခါးလေးတွေ ပြုံးလို့
ခေတ်မဆန်တာကိုက
ခေတ်ဆန် နေတယ်
ရွက်ရေအိုးလေး အေးတဲ့
ညနေ
ငှက်ပျောဖက်တွေ
ခင်း ထိုင်ခဲ့ပေါ့ ။                 ။
                           ကိုသားကြီး
သင်္ကြန်ကျနေတာပဲ… ရန်လင်းအောင်
  သင်္ကြန်ကျနေတာ  ……
" ငြိ မ်း ချ မ်းေ ရး " တဲ့
   အလှပြကားလေး
  သင်္ကြန်ကျနေတာပဲ  ……  ။
                        ရန်လင်းအောင်
Tuesday, April 14, 2015
ကျနေတဲ့သင်္ကြန် ။ ကိုသားကြီး
ကျနေတဲ့ သင်္ကြန် 
အချိန်ကို သီချင်းတစ်ပုဒ် လောက်
ပြန် ဝေ မပေးနိုင်တဲ့နေ့က
မရွာတဲ့ သင်္ကြန်မိုး ဟာ
ရှောင်ဖို့ မလွယ်တဲ့ စွဲလမ်းစိတ် ဖြစ်တော့
အကိုင်းအခက်တွေ စို အောင်
ရေ လောင်းပေး နေရ
ခရမ်းလွန် အညွှန်းကိန်း မှာ
မဆုတ်မနစ် ပိတောက်တွေ ဖူးလို့
ပျော်ရွှင်မှုကို ဂျင်းဘောင်းဘီလိုဝတ်လိုက်တော့ တီးလုံးနဲ့မလိုက်တဲ့ကကွက်မှာ လူငယ်ဟန်အပြည့်ပါသွားတဲ့ရေသဘင်ခေတ်ရဲ့ယဉ်ကျေးမှုထဲ
စိတ်ရင်းအမှန် က " မြူမှောင်ဝေကင်း" လည်း ပါရဲ့ ။
မြစိမ်းရောင်ပိတောက်မလေးရဲ့
ကြာဆစ်ချိုးအကမှာ
ခြောက်သွေ့ အပူ က
တလက်လက် စိုလို့
ပူ ဆာ တဲ့ ဝမ်း က မနေသာတဲ့ အခါ
အိပ်ဇော ပြုတ်ဘဝ ကို
ကဗျာ လို ရွတ် ကြည့်တုန်း
တစ်နှစ်မှ တစ်ခါ ဆိုပြီး
မီးခိုတွေ ပါ အူထွက်လာရဲ့။
သင်္ကြန် ကျနေတယ်
သင်္ကြန် ဟာ ကျ ကျနေတယ်
သင်္ကြန် ဟာ ပိတောက်မဲ့ ပိုစတာများထဲ
အဆင့်မြင့်မြင့် ကျနေတယ် ။ ။
                                       ကိုသားကြီး
Monday, April 13, 2015
သင်္ကြန် ။ ခေတ်ဆူး
"သင်္ကြန်..."
ခေတ်ရဲ့ တောင်းဆိုမှုကို
ငါ..မငြင်းဘူး
ယဉ်ကျေးမှုဆိုတဲ့..အသားတံဆိပ်သာ
ငါတို့ ကိုယ်မှာ.ခတ်နှိုပ်ထားဖို့
တကယ်လိုအပ်တာ.....။
                                      ခေတ်ဆူး
ပါတော်မူ တမ်းချင်းထဲက ပိတောက်
ပါတော်မူတမ်းချင်းထဲကပိတောက်
....................................................
အခုလိုအပူကဲတဲ့ညမျိုးမှာ
ပွင့်ခြောက်မွမွကို
ဖွဖွလေး မွှေးရင်းနဲ့ ။
ရွာထိပ်က
အိပ်တန်းပျက်သွားတဲ့ငှက်ကလေးတို့
ဒီးလွှားပျံသန်းလို့
မိုးအဖွင့်ဂီတ
နောက်ကျနေပြီလား
ပတ်ကြားအက်လယ်ကွင်းများ
နားစွင့်နေကြ။
ရွှေရည်လူးခဲ့ပေါ့တဲ့
နတ်ရှင်နောင်ရဲ့စိုလက်ခဲ့ပန်းချီကား
ပိုးဖေါက်သွားပြီ
အထီးကျန်သင်္ကြန်မရဲ့
ပွင့်ဖတ်မဲ့ ပင်စည်မဲ့ တခြမ်းဖဲ့ခံခဲ့ရ အလှ
ဘယ် လို မှ ။
အေးလေ တကယ်တော့
ပြတင်းချပ်အဖွင့် ဝေးလွင့်ထွက်သွားကြ
လေရိုင်းတအုပ်ရဲ့စီးကြောင်းထဲ
သင်းမြမြရနံ့တွေမျောပါခဲ့ကြပြီကိုး
ဒီသစ်
မဏ္ဍပ် ။ ခက်ဦး
မဏ္ဍပ်
..........
ဆိုတဲ့သူသာ ပြောင်းသွားတယ်
စည်းချက်နဲ့စာသား ထူးမခြားနား ။
ဝတ်စုံ ပန်းကုံး မိတ်ကပ် မထပ်ပါဘူး
ယိမ်းသမတွေ
လက်ကွေးလိုက် ခြေဆန့်လိုက်
အတိုင်ညီညီ အဖောက်ညာညာ
ဒီသံသရာက မလွတ် ။
ငြီးငွေ့ပြီ
တော်ကြပါတော့
ဘာများဆက်ထူးခြားမလဲ
စိတ်နဲ့ဆန့်တဲ့လည်ပင်း ညောင်းလှပြီ ။
ငါကိုက မှားတယ်
စင်မြင့်မှာ
ပွဲသိမ်း ကားလိပ် မပါမှန်း
ကြိုသိခဲ့ရမှာ ။
ခက်ဦး
၁၀ . ၄ . ၂၀၁၅
ည ၇နာရီ ၂၉ မိနစ်
သူမရဲ့သင်္ကြန် ။ မင်းညွန့်လှိုင်
သူ မ ရဲ့ သ င်္ကြ န်
ချိုတဲ့အိမ်ကို
ပိတောက်ပန်ပေးပြီး
အတာအိုးနဲ့
ဘိုးသိကြားကိုကြိုနေကျ ။
တီဗီမှာ
"သင်္ကြန်မိုး"လာရင်
ကိုငြိမ်းမောင်တို့
ထားတို့ကို
မဆုံနိုင်တဲ့အချစ်တို့ကို
ကရုဏာမိုးစွေနေကျ ။
ဟိုဟာမလုပ်ရ
ဒီဟာမလုပ်ရ
လင်နဲ့သားကို
သိကြားမင်းနဲ့ခြိမ်းခြောက်နေကျ ။
ငှက်ကလေးတွေအစာကျွေး
ကြယ်စင်တွေကိုနှုတ်ဆက်
သစ်ရွက်ခြောက်တွေနေရာချ
မေတ္တာရေစင်သွန်းလောင်းနေကျ ။
ကြော်ငြာမပါ
စပွန်ဆာမရှိ
ပရိုမိုးရှင်းမရှိ ...။
တိတ်ဆိတ်ဂီတနဲ့
ငြိမ်သက်ပွဲတော်နဲ့
ရိုးရိုးလေးနဲ့သန့်သန့်လေး
အိမ်ရှင်မရဲ့သီးသန့်သင်္ကြန် ။      ။
( ချစ်ဇနီးသို့ . . . )
                                      မင်းညွန့်လှိုင်
မိန် ကေတုဘုန်းမော်
ကေတုဘုန်းမော်
မိန်
......
ဓာတ်ပြားဟောင်းတစ်ချပ­်နဲ့
လုပ်ချလိုက်ပြန်ပြီ နွေဦး ......... ။
ခမ်းခမ်းနားနား သစ်ပင်တောအုပ်
အင်္ကျီတွေ ချွတ်လဲနေပုံ ။
လှလိုက်တာ
လေလှုပ်တိုင်း ကြွေနော့အဟောင်းထည်
ရှင်ဥတ္တမကျော် တောလားတုန်းက လွမ်းမောခဲ့
ချစ်သူတွေ အဲ့သည့်မှာ မင်းနဲ့ငါ ။
ခုတော့ ဘာလုပ်ဖို့တဲ့လဲကွယ် သိနေပြီပဲ
အရေးမပါတဲ့
ကြည်နူးဖွယ် အပ်သွားတုံး တီးလုံးကို ။
ကမ္ဘာကြီးရေ
သနားတယ် ။ ။
ကေတုဘုန်းမော်
(၁၉၄၂ _ ၁၉၉၈)
ပန်းချီ - ခက်ဦး
Sunday, April 12, 2015
သင်္ဘောစောင့်ခြင်း ။ ဇောသစ်
သင်္ဘောစောင့်ခြင်း
.............................
လရောင်ရှိလျက်နဲ့
မှောင်နေရတဲ့ ညတစ်ညပေါ့
ဆန္ဒတို့သယ်ဆောင်ရာ
မလိုက်ပါနိုင်သေးတဲ့ဘဝကို
လောင်မီးကျစေခဲ့တာ........။
နေ့ညနံရံတွေထဲ
ရာဇဝင်ရှည်လျားလွန်းတဲ့အထီးကျန်ခြင်းက
မြစ်တစ်စင်းဖြစ်နေ..........။
အဲ့ဒီ့မြစ်ထဲ
တစိမ့်စိမ့်စီးဝင်တဲ့ မင်းအသံတွေ
ရေပေါ်ဝဲလို့ မင်းအပြုံးတွေ
ဘဝကမ်းပါးကိုတတိတိစားတဲ့
ငါ့အချစ်တွေလည်းအပါအဝင်........။
အချစ်.... ဘဝနဲ့ မနက်ဖြန်
ဘာကိုမှ အစတေးမခံနိုင်ဘူး
အချိန်တန်ရင် အိမ်ပြန်လာရမယ် ။
မနက်ဖြန်ကိုစောင့်တဲ့ ပစ္စုပ္ပန်ဟာ
တံတားပေါ်ကနေ လက်ပြလို့
ငါ့မှာသာ.....
ဆိပ်ကမ်းတစ်ခုရဲ့ ဒုက္ခနဲ့........။.....။
                                                  ဇောသစ်
(ကွယ်လွန်သွားခဲ့ပြီး တောင်ငူမြို့
     ဂုဏ်ဆောင် ကဗျာဆရာ
         သံဃာတော်တစ်ပါး)
ဓာတ်ပုံ Thura Win Myint
သမင်လိုက် ။ ဒဿနေမင်း
သမင်လိုက်
.................
အလံဖြူထိုးစိုက်ထားတဲ့
ဦးခေါင်းတစ်လုံးဟာ
ကမ်းကုန်ခဲ့ပြီ
လက်ပစ်ကူးခဲ့လေသမျ ။
မေခလာရေ........
ဘယ်လိုမှ
ငြင်းဆန် မရှောင်တိမ်းသာတော့လည်း
ပွဲတူ ကရန်
ခုနှစ်သံချီဆွယ် ။
ဘဝဆိုတာ
မိုးလေဝသ ခန့်မှန်းသလိုမှ
မဟုတ်ပြန်ပဲကို ။
မနေ့က ပြောတဲ့
မနက်ဖြန် ဆိုတာ
ဒီနေ့ ...... တဲ့ ။
ဟော........
ကန့်လန့်ကာ အမ
တောသုံးတောင်မှာ
မုဆိုးရယ်လေ
သားကောင်......
ရှာလို့ ။ ။
ဒဿနေမင်း
၁၉၉၆ စက်တင်ဘာ
(ဓာတ်ပုံ Thura Win Myint )
ရပ်ကွက် မနက်ခင်း ။ ကိုသားကြီး
ရပ်ကွက် မနက်ခင်း 
စကောထဲ က ပန်း ဟာ
ရွက်ရောင်းဖို့ သာ ဖြစ်ကြောင်း
ပန်းသည် မလေးရဲ့ စိတ်က
ကျောမှာ ချထားတဲ့ ကျစ်ဆံမီးရှည်ကို လှမ်းအော်တယ်။
ပန်း တွေ လှသလောက်
နွမ်းလျဘဝ တွေ တေးဆိုသံ ဝေး ရင်း
အက်နေတဲ့ အသံကို
လမ်းကြို လမ်းကြား အနှံ့
ချို အောင် သွေးထားရ ။
ခေါ်သံ ကြား တဲ့ အခါ
ရေတောက်ထား သလို မျက်ဝန်းအိမ်
အရောင် လက်လို့            
ဈေးဦးပေါက် ဝယ်လက်ရယ်
သူတော်ကောင်း ပိုက်ဆံသာ ဖြစ်ပါစေတော့ ။
နှီးစည်းထောင့်စုတ် လွယ်အိတ်လေးက
ကျောင်းနေခဲ့ ဖူး တဲ့ သက်သေအဖြစ်
ဝမ်းစာနဲ့ မိသားစု ကို စလွယ်သိုင်း ရင်း
လေ့ကျင့်ခန်းစာအုပ် ဟာ
ပန်းဖိုးတွက် တဲ့ ဘောင်ချာ ဖြစ်ရ ။
ဘဝ ဟာ ဆေးသား မကောင်းတဲ့
ပန်းချီကား လို
ရပ်ကွက်ထဲ ကျလာ မယ့် နေရောင်ဟာ
ပန်းအဆစ်တောင်းမယ့် လက္ခဏာ ။    ။
                                               ကိုသားကြီး
ကျွန်တော့ ဝတ်ဆင်မှုဟာ …ခင်ဗျား …ကမ္ဘာကြီး အတိုင်း
ကျွန်တော့် ၀တ်ဆင်မှုဟာ .....
 ခင်ဗျား … ကမ္ဘာကြီး အတိုင်း .....
_______________________
ကမ္ဘာကြီးကို ကမ္ဘာကြီးအတိုင်း
ငှက်တွေ လန့်သေတာကို လန့်သေတဲ့အတိုင်း
ကြယ်တွေ သေကြောင်းကြံတာကို ကြံတဲ့အတိုင်း
မြစ်တွေ “ အ ” သွားတာကို “ အ ”သွားတဲ့အတိုင်း
တောင်တန်းတွေ ဗလက္ကာရ အပြုခံရတာကို ခံရတဲ့အတိုင်း
ဒီအတိုင်းဟာ
ကျွန်တော့အတိုင်းလား
ခင်ဗျားအတိုင်းလား
ဟိုလူ့အတိုင်း၊ ဒီလူ့အတိုင်းလား
ရေထုလေထု ညစ်ညမ်းရင် ညစ်ညမ်းတဲ့အတိုင်း
ဘယ်လောက်ဆိုဒ်လဲ
ရယ်ဒီမိတ်လား
အံဝင်ဂွင်ကျပဲလား၊
ဒီနားနည်းနည်းဖြတ်၊ ဟိုနားနည်းနည်းသီ
ပြန်လည်ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်
တိုင်းတာချက်က၊ အတိုင်းထက်အလွန်ဖြစ်လာ
ချက်ဆို နားရွက် က ပြာဖြစ်နှင့်ပြီ ။
ယောင်္ကျားနဲ့ မိန်းမ ဘယ်လိုတိုင်းလဲ
လူလူချင်းဘာနဲ့တိုင်းမလဲ
လူနဲ့ တူအောင် ဘာနဲ့တိုင်းမလဲ
အရပ်မလွတ်၊ အရိပ်မလွတ်၊ လမ်းနဲ့မလွတ်
အပူနဲ့ မလွတ်၊
မလွတ်တဲ့ကြားက မကျွတ် တဲ့ အတိုင်း
သမိုင်းဟောင်းထဲကမကျွတ်တဲ့အတိုင်း
လွန်လေပြီးသော ဥပမာများ အတိုင်း၊
လွန်လေပြီးသော ဥပမေယျများ အတိုင်း
လွန်လေပြီးသော သာဓကများအတိုင်း
လွန်လေပြီးသော သင်ခန်းစာများအတိုင်း
စောင့်ကြည့်ခြင်း၊ စုံစမ်းခြင်း၊
သုံးသပ်ခြင်း၊ စိစစ်ခြင်း
ခြင်းထဲက ကြက်တွေဟာ၊
ခြင်းထဲမှာပဲသေလို့ ၊ ပျော်လို့၊
သေပျော်လို့
အိုးမဲ မလိုတော့တဲ့  အတိုင်း
ကျွန်တော့အတိုင်းကို ခင်ဗျားဝတ်ထားတယ်
ကမ္ဘာကြီးအတိုင်း . . . . . . . . . . .။              ။
                            ရန်လင်းအောင်
                       ဖက်ရှင် မဂ္ဂဇင်း ၂၀၁၅          
Friday, April 10, 2015
တစ်ခန်းမှ မရပ်သေးတဲ့ ပြဇာတ် ။ ကိုသားကြီး
တစ်ခန်းမှ မရပ်သေးတဲ့ ပြဇာတ် 
ဇာတ်အိမ် က
လမ်းကို ကျောရိုးပြုတဲ့ ဆက်တင်နဲ့
အမှန်တရားတွေ ဖြတ်မောင်းနေတာ
စိတ် အချင်းချင်း မီး ထိုးပြထား ကြ
တစ်မိထဲ သားတွေလို ချစ်လို့ ။  
ရှိုက်ဖွာ လိုက်တဲ့ စာနာမှုက
လေ ထဲ မှာ စွန့်လွှတ်ခြင်းနဲ့ မွှေးပျံ့
ရဲရင့်တဲ့ မေတ္တာ ဟာ
ပိတ်ပင်တားဆီးခြင်းမှာ
အပြုံး မပျက်စေ နိုင်ကြောင်း သိတယ် ။
တိမ်နဲ့ ငြိတဲ့ လရောင်မှာ
စိုထိုင်းစ နည်းတဲ့ ဥတု လို
နွေဦးလေထဲ လွင့်ပျံ့လာမယ့် သီချင်းတွေ က
တောက် ခတ်သံ ပီပီသသ
ပျော်ရာမှာမနေ ရ
မတော်ရာမှာနေ နေရ
တွန်းရွှေ့လိုက်တဲ့ ချန်နယ်မှာ
အမျှော်လင့်ဆုံး သတင်းကို
အဦးအဖျား ကြားရဖို့
ခံနိုင်ရည် ကို ချဲ့ယူထား ပုံ မျိုး
သိမ်းဆည်းမျက်ရည်နောက်မှာ
အင်အား ဟာ အကျအပေါက် မရှိတဲ့
ရဲဆေး တစ်ခွက် ။             ။
                     ကိုသားကြီး
နွေကြွေပန်းတို့ ရာဇဝင် ။ ခက်ဦး
နွေကြွေပန်းတို့ ရာဇဝင်
....................................
အမြင်မှာနုချင်နုမယ်
အံတစ်ကြိတ် စုံအမှိတ်မှာ
ပိတ်ဆုပ်ညှစ်တွန်းထား
ပင်စည်သားတည့်တည့်လည်း
ဆထက်ဆင့်ကဲ
ခေါင်းနဲ့ ထိုးခွဲခဲ့တယ် ။
မိုးမြင့်ထက်
မျှော်စရာမလိုဘူး
မြေဆီက
လက်စိပ်စိပ် အသံတိတ်တိတ်
ချိတ်ကမ်းသယ်ကြ အာဟာရ
ဘယ်ညာဆန့်ထွက်လက်များမှာ
အရွက်ဦးတွေ စိမ်းသစ်ဝေကြ
အားကုန်ထပ် ဆောင့်အရုန်းမှာ
ဖူးကင်းဆင့်ဆင့် တိုးရစ်ညီလေ
စိမ်း သစ် ဝေ ကြ ။
ဥတုပျက်မို့
မြေကြမ်းရှထက် ဖြန့်ကျက်တဲ့အပူ
အမြစ်တွေကုတ်အောင် တခုံတမင်စုပ်ယူ
ကျေးဇူးတရားနဲ့သည်အပူ ကျေကျေနပ်နပ် လှယ်ယူ
ပူလိုက်စမ်း
မီးရဲလို ချွေးလူးရွှဲစို ပူလိုက်ကြစမ်း
ဟိတ် ! ကောင်းကင်
ဒီအပူတွေနဲ့များ
ဝတ်ဆံလွယ်ပိုး ဝတ်ရည်အိုးတွေ
ညှိုးငိုင် ထိုးယိုင် ကျိုးနိုင်မယ်ထင်သလား
ကြည့်စမ်းပ
သေသေချာချာကြည့်စမ်းပ
ဟောဒီမှာ..........
ပင်လုံးအုပ် တနှံ့တပြား
အဖူးစိုင် အခိုင်ဖွဲ့ စိမ်းစို ပြန့်ကားလိုက်ကြပုံ ။
ယုတ်ယုတ်ညံ့ညံ့...... ဒင်းတို့
မိုးလုံးတနှံ့ ထစ်ချုန်း ဆဲဆို
မည်းညှို့အုံ့ပြို ထစ်ချုန်း ဆဲဆိုကြ
လျှပ်ပျက်သံတရွှမ်းရွှမ်း မိုးကြိုးသံ ခပ်ကြမ်းကြမ်းမှာ....
မြှားတန်းနဲ့ မိုးစက်ကျည်ဆန် တဖွဲဖွဲအမှန်မှာ.....
လေပြင်းထဲ.... မုန်တိုင်းထဲမှာ.....
နွေကြွေပန်းတို့ခမျာ.......
ဦးခေါင်းတခွမ်းခွမ်း ရင်တဖျန်းဖျန်းအကွဲ
အဝါရောင် အဆုပ်ဆုပ် ပွင့်ထွက် ပန်းထွက်
သေပွဲဝင်ရ သေကြရှာပြီ ။
မြေသားထက်မကျဆင်းစေနဲ့
မြေသားထက်တော့ ချမနင်းခြေပါနဲ့ကွယ်
အမြတ်တနိုး စိုက်ထိုးကြ ပူဇော်ကြ
အလေးတယူ မွှေးကြူကြ ပန်ဆင်ကြ
သတ်သတ်မှတ်မှတ် အလှတပ်ကြ
ချိတ်ကြ တွယ်ကြ ဆင်ကြ ယဉ်ကြ
ဒါ............
မြေအပူ အငှါးယူအောင်းလို့
သူရဲကောင်းတွေကျဆုံးရတာပ
သူရဲကောင်းတို့ ကျဆုံးခန်းသာပ
ရွှေအဆင်းတို့ ဝင်းဖန့်နေမြဲ
ရနံ့သင်းသင်းတို့ မွှေးပျံ့မစဲပါလေ........။
ခက်ဦး
၈ . ၄ . ၂၀၁၅
ညဥ့် ၁၂ : ၄၀
တံတား နဲ့ လူ ။ မင်းညွန့်လှိုင်
တံ တား နဲ့ လူ
တံတားပေါ်ကို ငါ ခြေချတော့
တံတားဆောက်သူကြီးက ထွက်သွားနှင့်ပြီ ။
ငါ့ပုခုံးပေါ်
တံတားတစင်း ပစ်တင်လို့ပေါ့ ။           ။
                                              မင်းညွန့်လှိုင်
Wednesday, April 8, 2015
တွေးနေတာ ခေါင်းစဉ် ။ လင်းရီဝေ
< တွေးနေတာ ခေါင်းစဉ် >
အတွေးက ကမ္ဘာမြေပေါ်အုပ်မိုးထားတဲ့ သစ်ပင်
အခု လက်ဖက်ရည်ဆိုင် ထိုင်နေမိတယ်။
အဲ့ဒီမှာ အကိုင်း အခက် စီးကရက်တွေ
လွတ်လွတ်လပ်လပ် ဆုံးရှုံးလို့ရတာတွေ
မျက်လုံးထဲ ကုသိုလ် အကုသိုလ် မကွဲခင်
ဟော … တောက်ထုတ်လိုက်ပြန်ပြီ။
ငါရေးနေတာ ဘာလဲ
ငါတွေးနေတာ ဘာလဲ
ငါ့အရေးကို ခေါင်းစဉ်တပ်ချင်တယ်
ငါ့အတွေးကို အဆုံးသတ်ချင်တယ်။
ကိုယ့်ကိုကိုယ် အရစ်ကျသတ်ရတာလည်း
ဘုရားပေးတဲ့ဆုပါပဲ ကိုယ့်မှာ။
တစ်ယောက်တည်းဆိုတော့
တစ်ရောက်တည်းရောက်နေတော့တာပေါ့
ဆုံးခန်းမတိုင်ခြင်းတွေနောက် ။                     ။
                                                          လ င်း ရီေ ဝ
Tuesday, April 7, 2015
သူတောင်းစားဋီကာ - ရန်လင်းအောင်
သူတောင်စား ဋီကာ
သူတောင်းစားရောဂါသေရာပါနဲ့
သူတောင်းစား သီချင်းတော့မဆိုပါဘူး ၊
သူတောင်းစားအတွေးနဲ့ သူတောင်းစားအမြင်နဲ့
သူတောင်းစားအ၀တ်တော့မ၀တ်ပါဘူး ၊
သူတောင်းစားဗီဇ သူတောင်းစားသွေးနဲ့
တစ်နိုင်ငံလုံးသူ့လုပ်စားထိုင်စားနေရသလိုလို
ဂိုက်ဖမ်းနေပုံများရယ် ။
ယုံကြည်ချက်သိုက်ကိုတူးတယ်
ကရုဏာတရားကို ပါးပါးလှီးတယ်
မေတ္တာတရားကို လည်ပင်းတက်နင်းတယ်
ခန္တီတရားကို ခြုံခိုတိုက်တယ်
လက်ခုပ်သံလေးများ ရဖို့ဆို
နူပြရမလား
ကျိုးပြရမလား
ကန်းပြရမလား
အရူးကွက်နင်းနင်းပြီး
မထူးဇာတ်နဲ့ ပူးကပ်ဖို့လည်းဝန်မလေးတဲ့
သူတောင်းစားတွေ …… သူတောင်းစားတွေ
သူတောင်းစားစစ်စစ်ထက် သူတောင်းစားဆန်တဲ့
သူတောင်းစားတွေ …… သူတောင်းစားတွေ
သူတောင်းစားစစ်စစ်တွေ အော့ကြောလန်တဲ့
သူတောင်းစားတွေ  သူတောင်းစားတွေ
သူတောင်းစားစစ်စစ်တွေ ထိုင်ငိုရတဲ့
သူတောင်းစားတွေ သူတောင်းစားတွေ
သူတောင်းစားလားဆိုတော့လည်း
မဟုတ်ပြန်ဘူးတဲ့
မြို့တော်အင်္ဂါရပ်နဲ့ အညီ ပေါ်ပေါက်လာတဲ့
သူခိုးဓမြတွေပေါ့ ကွယ် ။                            ။
                                               ရန်လင်းအောင်
Sunday, April 5, 2015
လန့်လို့ကာတဲ့ ကန့်လန့်ကာ
လန့်လို့ကာတဲ့ ကန့်လန့်ကာ
...........................................
လက်သီးလက်မောင်း
ဖြောင်းဖြောင်းထအောင်ဆန့်တန်းနေဆဲ
သွေးသံရဲရဲအလိုမပြည့်ဝခြင်းများ
အံတကြိတ်ကြိတ်မီးတဝင်းဝင်း
အကျဉ်းခန်းထဲကတောက်ခတ်သံပြင်းပြင်း
ထုမသေ ရိုက်မကြေ အမှန်တရား
နင်းမသေ ပစ်မသေ မှုန့်လို့မှမကြေ အမှန်တရား
ညည်းမတွားသေးသ၍
ဆွခံတစ်လှည့် ညှင်းပြန်တစ်ချီ အမှန်တရား
ဖိအုပ် လည်လိမ်ချိုး ပခြုပ်အိုးထဲထည့်လည်း
ပါးပျဉ်းဝင့်ဆဲ အစွယ်ပြူဆဲ နှာမှုတ်သံပြုဆဲ
အုပ်သက်ရှည်လေ အောင်းဆိပ်ပြင်းလေ
မြွေဟောက်ဆိုး ဝိဥာဉ်ဝင်စား အမှန်တရား ။
လိပ်ပြာတွေ
ပယောဂနဲ့မွန်းတဲ့လိပ်ပြာတွေ
ကိုယ့်စိတ်ကင်မရာ ကိုယ်ခလုတ်မဖိရဲ
ပုတ်အဲ့အနံ့စွဲ အဲဒီ့လိပ်ပြာတွေပေါ့
ကျည်ဆန် အမြောက်ဆန်နဲ့ပိတ်မရတဲ့
ပြိုအံ့မူးမူးအသံတွေထဲ ဖျတ်ဖျတ်လူးနေကြ ။
ဘယ်လိုမှနားမခံနိုင်တဲ့နောက်
ပွဲမပြီးသေးပဲ ပြည်ဖုံးကား ဖရိုဖရဲဆွဲအချ
မညီပဲ သတိဆွဲဆိုလိုက်ရ ငြိမ်းချမ်းရေး တေးသွား
ဖုတ်ဝင်သက်မဲ့ကိုယ်ကောင်များ
အပြုံးသေနဲ့ဂုဏ်ပြုလိုက်ကြ
အဲဒီ့ည
စိတ်ပျက်လောက်အောင်လှတော့တယ် ။
                                                            ခက်ဦး
                                                    ၅ . ၄ . ၂၀၁၅
                                                        ညဥ့် ၁၂ : ၂၅
မေ့မေ့လျော့လျော့လက်
အချို့သောဖန်ဆင်းမှုတွေမှာ
စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိကြောင်း
ရာဇဝင်ကြီးက
မလွှဲမရှောင်သာဝန်ခံလိုက်ရခြင်း ။
ထင်ရှားသောဥပမာတချို့မှာ
ခေါင်းပေါင်းစတလူလူအောက်မှ
ဦးခေါင်းခွံတွင်
ဦးနှောက်မပါရှိခြင်း ။
ပြိုးပြက်ဝင်းပသောတံဆိပ်များနှင့်
တန်ဆာဆင်ဖုံးကွယ်အပ်သော
ရင်ဘတ်ကြီးအတွင်း
နှလုံးသားမပါဝင်ခြင်း ။
လူဆိုသူဟာ
အတုမြင်အတတ်သင်
ဖန်ဆင်းရှင်ကိုအားကျမခံ
အနှစ်အသားမဲ့ခြင်းဖြင့်
အသံကျယ်လောင်သော
စည်ကြီးများကိုတီထွင်ကြ ။
လှပခမ်းနား
ဆိုင်းဘုတ်များနဲ့
မြို့အခွံများတည်ဆောက်ကြ ။
တစ်ပိုင်းကြောင်ကျက်စာရ
ပညာရှင်များမွေးထုတ်ကြ ။
ပန်းတိုင်မပါတဲ့
လမ်းများစွာကိုဖောက်လုပ်ကြ ။
သြ
ငါ့ကဗျာလည်း
မရှိခြင်းကို
ကြည့်ပျော်ရှုပျော်
ဖွဲ့နွဲ့ရုံမျှ ။           ။
         မင်းညွန့်လှိုင်
Saturday, April 4, 2015
အရေးပေါ်ခန်း ။ ကိုသားကြီး
အရေးပေါ် ခန်း 
အသက်ရှင် ခဲ့တာချင်း တူရင်တောင်
တည့်မတ်စွာ ပိနေတဲ့ ဝန် ဟာ
ရလာဒ် မတူတဲ့ လေးလံမှုထဲ
မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို
သောကတွေသာ ခုံးထ လာ ပုံ
တေးဆိုငှက် သံ မပါဘူး။
ကြေကွဲ ခြင်းအဆိပ်တက်တုန်း
အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့
ကြယ်တစ်ခင်းကရူးလို့အောင့်ရုံ
ဆေးရုံ အနံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ်
သဘောနှစ်ခွ ထွက်တဲ့ တရား
ပျော်ရွှင်လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲခဲစေ ။
ဆိုတော့ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ
ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်
 ဒီမျက်ဝန်းတွေ က
ဝါးလတ်စည်းသံ မြဲ ခဲ့
နွေ ကို ချိတ်တွယ် တောတန်းများ
လက်တွန်းလှည်း နဲ့ အပြည့်သယ်
ရင့်အိုနာ ကမ္ဘ္ဘာ ကြီး ကို
အညောင်း ဆန့် ပေးဖို့
့တောင့်တ ခြင်းနဲ့  
ခွာ ထားတဲ့သစ်ခေါက်တွေ ။        ။
                               ကိုသားကြီး
တံခါးဖွင့် အသံ ။ ကိုရုန်း
တံခါးဖွင့်အသံ
ဒီအသံလေးကို
ကြားရရုံနဲ့ တင်
တစ်သက်စာ
ဖူလုံသွားသလိုလို။
ဒီအသံလေးထဲမှာ
ငါပျော်ဝင် သွားခဲ့တယ်။
ဒီအသံလေးက
အားအင်တွေကို
မွေးဖွားပေးတယ်။
ဒီအသံလေးက
မျှတမှုကို
သွန်းလောင်းပေးတယ်။
ဒီအသံလေးက
လုံခြုံမှုကို
ပေးစွမ်းနိုင် တယ်။
ဒီအသံလေးနဲ့ 
ငါရှင် သန်သွားတော့မယ်။
ဒီအသံထဲမှာ
အရာရာပြီးပြည့်စုံနေ လေရဲ့ ။
ကိုရုန်း
Thursday, April 2, 2015
မုန်တိုင်းသတင်း ။ ခက်ဦး
မုန်တိုင်းသတင်း
ဓာတ်ကူးမှုနိယာမ
မြင်လေရာရာ
ကြွပ်ရွလို့
ဥသြတွန်သံ
မနာခံတဲ့ကောင်းကင်
အရည်ပျော်မှ
နောင်တမရကြေး ။ ။
                              ခက်ဦး
သမိုင်းချင်းယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး …
သမိုင်းချင်း ယှဉ်ပစ်ရင်
ဘယ်ငတေမှ မမာနိုင်ဘူး . . . . .
ရပ်ထဲရွာထဲ
သူ့ပိုက်ဆံနဲ့သူဆိုပေမယ့်
မူးယစ်ရမ်းကားသူအရက်သမားအတွက်
လောကဥပဒေ
ဓမ္မဥပဒေရှိသလို
ပြည်သူ့ဘဏ္ဍာ
ပြည့်သူ့အာဏာ
မသဒ္ဓါရေစာ သောက်စားပြီး
မူးယစ်ရမ်းကားသူ
အာဏာရှင်လူတစ်စုတို့ရေ . . . .
ခဗျားတို့
ကြိုက်ရာခေတ်မီလက်နက်
သွေးရူးသွေးတန်းဆွဲကိုင်ခဲ့ပါ
ပုဒ်ထီးပုဒ်မ ဂယောင်ဂတန်းစိတ်ကြိုက်ဆင်ပါ
ဉာဏ်နီ ဉာဏ်နက်
ဉာဏ်မဲ ဉာဏ်ကြောင်
ဉာဏ်ကလိမ် ဉာဏ်မှိန်
မီးကုန်ယမ်းသုံးလိုက်စမ်းပါ ။
ဆွေစဉ်မျိုးဆက် သွေးပျက်ဖွယ်
ခေါင်းမဖော်ရဲလောက်အောင်
အတိတ်ရိုင်းထဲ ခဗျားတို့
ခွေခေါက် လဲပြို ကျန်ရစ်စေဖို့ ။
ယှဉ်ပစ်ရဲရင် ကျုပ်တို့က
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်းယှဉ်ပစ်လိုက်ရုံပါ ။
                       ရန်လင်းအောင်
Wednesday, April 1, 2015
အမှောင်ပြကွက် ။ ကိုသားကြီး
အမှောင် ပြ ကွက်
ဘဝမှာ
ဟွန်းသံ မမြည်တဲ့ လမ်းတွေ ရှိသလို
မရွေ့ တဲ့ သွားလာခြင်း ကြောင့်
ခြေကုန်လက်ပမ်း ဖြတ်လျှောက်နေရ
ပြဇာတ် ထဲ က လို ။
နှင်း တွေ ထုံ ထိုင်း ဆွံ့ အ နေ ပုံ
အပူကြွ မြေသားထက်
သဘာဝ နဲ့ တူ အောင်
ရုန်း ထ နေရတုန်း
ဇာတ်ဝင်တေး တွေ ဟန်လုပ် ဆို နေရ။
လမ်းမှာ
ဟွန်းသံ မမြည်တဲ့ ဘဝ တွေ ရှိတော့
အနှိမ်ခံ အိပ်မက်မှာ
ည ကို ည နဲ့ တူ နိုင် ဖို့
ကျွန်တော် တို့ လက်တစ်ကမ်းမှာ
ရနံ့ ဖြူ ပန်းတွေ တိုက်ရိုက်ပွင့် နိုင်ဖို့
သီးနှံ မျိုး စေ့ သစ်များ
အရွေ့ တစ်ခု နဲ့ ရယ်သံ လွင် ချို ဖို့
ကြည့်လိုက် . . . .
သန့် စင်ခြင်း အတိပြီးတဲ့
အရှေ့ ကောင်းကင်မှာ
နေရာ ပေး ရမယ့် ကြယ်တစ် လုံး
လင်းပ စွာ ရှိတယ် ။                      ။
                                     ကိုသားကြီး
ပုရွက်ဆိတ် ။ အောင်ထက်
ပုရွက်ဆိတ်
___________
ခင်ဗျားရဲ့ ခြေထောက်
တွင်းဝက..မဖယ်သေးသမျှ
အဆက်ဆက်......ဆက်ပြီး
အုံကြွကိုက်ခဲ..နေရအုံးမှာ........။
                                      အောင်ထက်
FREE  AUNG HTET