Saturday, April 30, 2016

မိုလေကျပြီးနောက် - သိင်္ဂါလှိုင်



မိုးလေကျပြီးတဲ့နောက်

_____________________

အထက်က ကျလာတဲ့
ဒုက္ခက အညွှန်ချိုးချလိုက်တော့
အိပ်မက်တွေ ပျောက်ပျက်ကုန်တယ်။

ဘာဆက်လုပ်ရမှန်းမသိ။

အရိုးငေါငေါထိုးထိုးထောင်ထောင်
လမ်းလယ်မှာ လမ်းပျောက်လို့။

အပိုင်းပိုင်းပြတ်နေတဲ့ မြေပုံတစ်ချပ်
ဘယ်လို
ပြန်ဆက်ရပ။

ရွက်ပြတ်စိမ်းတွေ လမ်းပေါ်မှာ။

သိင်္ဂါလှိုင်



Friday, April 29, 2016

ကဗျာဆရာ - ချောဘသစ်



က ဗျာ ဆ ရာ


ကိုယ့်ရှေ့ကြွေကျသွားတဲ့
ပန်းကလေးဆိုလည်း
ကိုယ့်မှာ အမောတကော
အသက်မှပါသေးရဲ့လား

ကိုယ့်ရှေ့လွင့်သွားတဲ့
ရော်ရွက်လေးဆိုလည်း
ကိုယ့်မှာ အပြေးအလွှာ
သူ  ကျန်းမာပါရဲ့လား

မြက်ဖျားနှင်းလေးပေါ်လည်း မနင်းရက်
(သူ့အောက်မှာ ပိုးကောင်လေးတွေရှိနေမလား)
ဝဋ်ကြီးပါတယ် အမေရာ
ဝင်လေထွက်လေမှာ
ကိုယ်ချင်းစာတရားနဲ့ဆိုတော့လေ
ဒါပေမယ့်
ွှအမှန်တရားနဲ့ကျောချင်းကပ်အိပ်
ဘယ်လက်ဖျံရိုးကို ဓားလိုသွေးထား
အရေးကြီးရင် အရေးရှိရင်  အရေးနီးရင်
သား ထိုးကိုထိုးရမယ် အမှားကို ။  ။

ချောဘသစ်

(29;4;2016 1:14am)


တစ်ယောက်တည်းမြို့ထဲ လမ်းလျှောက်ခြင်း - တမျိုးနီ



တစ်ယောက်တည်းမြို့ထဲလမ်းလျှောက်ခြင်း

____________________________________

ငါ့ကိုလမ်းတွေက မသိဘူး
လမ်းတွေကို ငါက မသိဘူး
ငါ့ကို မသိတဲ့လူတွေ ကမ္ဘာမှာ ခပ်များများ
ငါက မသိတဲ့လူတွေ ကမ္ဘာမှာ ခပ်များများ
ငါ့မသိခြင်းတွေကို ငါသိပြီးတဲ့နောက်
ငါဟာ တစ်ယောက်တည်းလမ်းလျှောက်ထွက်ခဲ့တယ် ။
ပန်းခြံတွေထဲမှာ အချစ်ရှိမယ်လို့ငါထင်တော့
ငါဟာ ပန်းခြံတွေထဲ ၀င်လာမိ
အချစ်ဆိုတာ လွတ်ထွက်သွားမှာစိုးလို့ လက်ချင်းချိတ်ထားရတဲ့အရာပဲ
အချစ်ဆိုတာ လန့်ပျံသွားမှာစိုးလို့ စကားတီတာ ပြောရတဲ့အရာပဲ
အချစ်ရှိမရှိ သိဖို့ နှုတ်ခမ်းချင်း ထိနမ်းကြည့်ရတာပဲ
အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်ပျော်ဖို့
ဖျော်ဖြေပေးနေရတဲ့အရာပဲ
ဒီလိုနဲ့ ငါအချစ်ကိုသံသယ ဖြစ်လာ
သံသယတွေနဲ့လှည့်ပြန်လမ်းလျှောက်လာခဲ့ပေါ့
ဟော အမှန်တရားတဲ့
လမ်းလည်လှည့် ဂျာနယ်ပွေ့ရောင်းသူတစ်ယောက်ရဲ့စကား
ငါ့နားက ကြားမိ
ငါဟာ အမှန်တရားကို သိချင်လာတယ်
ဈေးထဲမှာ အမှန်တရား ရှိမလား
မစဉ်းစားပဲ ထွက်ခဲ့
အမှန်တရားဆိုတာ အလေးခိုးထားတာသိရက်
ပါးစပ်က ပြောမထွက်လိုက်ခြင်းပဲ
အမှန်းတရားဆိုတာ မလတ်ဆတ်မှန်းသိရက်
မတတ်နိုင်တဲ့အဆုံးပြုံးပြ ၀ယ်သွားရခြင်းပဲ
အမှန်တရားဆိုတာ သားစိမ်းငါးစိမ်းတွေကိုကြည့်ပြီး
အော့အန်သွားတဲ့ ကလေးလေးပဲ
ဒီလိုနဲ့ အမှန်တရားကို မုန်းတီးလာ
မုန်းတီးခြင်းတွေနဲ့ငါဟာ ဈေးထဲက လှည့်ပြန်လာခဲ့တယ်။
ငါဘယ်သွားရမလဲ မသေချာ
ငါဘာရှာရမလဲ မသေချာ
ငါ ဘာလုပ်ရမလဲ မသေချာ
မသေချာခြင်းတွေသာ သေချာလာတဲ့နောက်
လမ်းကို ပြောင်းပြန်လျှောက်လိုက်တယ် ။         ။

တမျိုးနီ



ဂွမြို့ကို မလွယ်ပေါက်က ချောင်းကြည့်ခြင်း - လွင်နောင်နောင်


ဂွမြို့ကိုမလွယ်ပေါက်က

ချောင်းကြည့်ခြင်း

____________________________

ချောင်းကမြို့ကိုဒေါင်လိုက်စီးတော့
မြို့ကပင်လယ်ကမ်းခြေမှာအလျားလိုက်လွန့်လူးတယ်။

ရွာကလေးတွေပျိုးကြဲချိန်ဆို
မိုးတွေအဆက်မပြတ်ရွာတယ်။

မိုးစက်တွေကခုန်တဲ့ရာသီဆိုရင်
ငါးကုန်းညိုတွေတအားတက်တယ်။

ငါးကုန်းညိုနံ့တွေရတာနဲ့
ခရင်မျှစ်သည်တွေစက်ဘီးတအားစီးတာပဲ။

မှိုရတဲ့မျက်နှာတွေကသိပ်ဈေးကြီးတဲ့အခါ
မြို့ကလေးဟာစမ်းရေထဲခဏခဏစိမ်တတ်တယ်။

ဝါဆိုပန်းခူးတယ်ဆိုတာ
နာမည်သက်သက်ပဲကျန်ပေမယ့်
အဲ့ဒါဒီမြို့ရဲ့လူအစုံဆုံးကာလပဲ။

ကမ်းခြေမှာသောင်တုန်းရင်
ရိုးပေါ်မှာတောင်ပြိုတယ်။

သစ်ခုတ်သမားတွေခိုလိုညည်းရင်
မြို့ကလေးရဲ့ကုန်ဈေးနှုန်းတွေသွေးအးနေတတ်တယ်။
တယ်လီဖုန်းနဲ့ကွန်နရှင်ဟာဒီမြို့ရဲ့ဓမ္မာသောကပဲ။

ဂျွန်လရဲ့မိုးရေစက်တွေကြား
မြို့ကလေး အိပ်ပျော်နေတဲ့အခါ
သူ့ကိုယ်သူအရှက်လုံအောင်ဖုံးဖို့ဘယ်သူမှ
မကြိုးစားကြဘူး။

အခုတော့
မြို့ရဲ့ထွက်ကုန်ဟာ
အိမ်ခြံတွေဖြစ်လာပြီ
အုန်းခင်းတွေဖြစ်လာပြီ
ဥယျာဉ်တွေဖြစ်လာပြီ
တောင်ကုန်းတွေဖြစ်လာပြီ။

မြို့ကလေးရဲ့ငယ်မွေးခြံပေါက်တွေဟာ
အခုတော့
ခပ်တည်တည်နဲ့ပဲ
မြို့ကလေးရဲ့နှလုံးသွေးတွေနဲ့
ကားတွေစီးလို့
မြို့ကလေးရဲ့မျက်ရည်တွေနဲ့
အိမ်တွေဆောက်လို့. .. .

ကျွန်တော်မြို့ကလေးကိုရောက်ခိုက်
မြို့ကလေးရဲ့မလွယ်ပေါက်ကနေ
မြို့ကလေးကိုငေးမိတဲ့အခါ
မြို့ကလေးမှာ
ဒါဏ်ရာတွေနဲ့လူးလွန့်နေလေတယ်။          ။

လွင်နောင်နောင်



တွေးပူလေ့ကျင့်ခန်း - လင်းသက်ငြိမ်

http://cdn.paper4pc.com/images/3d-abstract-art-digital-creative-wallpaper-4.jpg

တွေးပူလေ့ကျင့်ခန်း

_____________________________

ခြုံထဲကမိစ္ဆာတွေနဲ့
အယောင်ဆောင်ထားတဲ့အရောင်တွေနဲ့
အရေးပေါ်ကောက်ချစ်လိုက်ရတဲ့အချစ်နဲ့
စေတကာမ်ား၊ပံုပါအက်ႌမ်ား
ရဲရဲနီတော့မှနီနီရဲကြ
ခါတော်မီယိမ်းက ခြေကျလက်ကျအလွဲများ
အပီအပြင် မသီးပွင့်ရသေးဘူး
ခူးမယ့်လက်တွေတပြင်ပြင်
ငါတို့နာကျင်မှုဟာတချိန်တုန်းက
သူတို့ရဲ့ဟာသပဲ
ငါတို့ပွဲတော်တွေမှာသူတို့ဟာ
ပျော်ဖို့လာတာသက်သက်လား
တချက်တချက်ပြုံးလိုက်တိုင်း
အစွယ်ရေးရေးမြင်ရသေးရဲ့
ပူနွေးကြွပ်ရွနေတဲ့နိုင်ငံတော်ဆိုတာ
မီးပွားလေးကအစ ဂရုစိုက်ကြရတယ်
ရယ်မောနေရချိန်တွေမှာ
ငိုကြွေးဖူးတဲ့နေ့ရက်တွေ
အကြောင်းစဉ်းစားသင့် မစဉ်းစားသင့်
ဖားတွေကတော့ ခေတ်အဆက်ဆက်
မိုးရွာတိုင်း အော်တုန်းပဲ...။

လင်းသက်ငြိမ်

Tuesday, April 26, 2016

ပြာ - စိုးခိုင်ညိန်း




ပြာ
________________________

ထပ်လောင်ကျွမ်းစရာ မရှိတော့ပါဘူး
ငြိမ်းအေးမှုကို မီးရှို့ကာ ယူလိုက်မိပေါ့
ငြိမ်သက်ခြင်းဟာ လေထဲမှာ ပြန့်လွင့်လို့
မီးမရှိတော့တဲ့ အလှတရားဟာ ဖူးပွင့်လို့   ။           ။

စိုးခိုင်ညိန်း 

(19, 4, 2016)


Wednesday, April 20, 2016

ပုံ ပြ င် - လင်းသက်ငြိမ်



ပုံ ပြ င်

_____________________

ဗိုက်ဆာလို့ငိုနေတဲ့ မိသားစုရှေ့ရောက်သွားတဲ့
မအောင်မြင်တဲ့ပန်းချီဆရာက
စေတနာသဒ္ဓါတရားထက်သန်စွာနဲ့
ပေါင်မုန့်ကြီးတစ်လုံးကိုကင်းဗတ်ပေါ်
ရေးဆွဲပြီးပေးလိုက်တယ်
အဲ့ပန်းချီကားဟာ သူ့လက်ရာတွေထဲမှာ
အကောင်းဆုံးပန်းချီကားလို့ထင်ရ
ကလေးတွေရဲ့မျက်လုံးတွေ ဝင်းလက်လာ
ပန်းချီကားကိုလက်တွေထဲ
သေချာထည့်ပေးထားခဲ့ပြီး
နှလုံးခုန်သံတဒိန်းဒိန်းနဲ့ပြန်လာခဲ့တဲ့
ပန်းချီဆရာဟာ လမ်းမှာတင်
လဲကျသေဆုံးသွား...
မြို့ထဲကလူတွေ
ပန်းချီဆရာဘေးဝိုင်းနေတဲ့အချိန်မှာပဲ။
မိသားစုတစ်စုဟာလည်း
ပန်းချီကားတစ်ချပ်ကိုဝန်းရံပြီးသေဆုံးသွား
ဆရာဝန်တွေရဲ့စကားအရ
စားပိုးနင့်ပြီး သေဆုံးသွားကြတယ်ဆိုပဲ
ဘယ်သူမှ ဉာဏ်မမီတဲ့ဖြစ်စဉ်က
ပုံပြင်တစ်ပုဒ်အဖြစ်ဆက်လက်ရှင်သန်သွားသတဲ့ ။

လင်းသက်ငြိမ်


image by ;
https://news.artnet.com/art-world/sister-corita-seeing-wonders-in-bread-240553

Tuesday, April 19, 2016

မကျေနပ်ခြင်းများ - တမျိုးနီ

http://news.bbc.co.uk/local/gloucestershire/hi/people_and


မကျေနပ်ခြင်းများ

______________________

ကိုယ်ဟာ ကိုယ့်ကိုယ်ကို မေ့နေသူ
ကိုယ်ဟာ ကိုယ့်ကိုယ်ကို တသသ
လွမ်းလိုက် ရတာ
လေရဲ့ဆောင်ယူရာလို့ ကိုယ့်ကိုယ်ကို ကာကွယ်ထားရတယ်။
သစ်ရွက်ကြွေလေးတွေကို လေပြေမထိုးတတ်ဘူး
ကိုယ့်ရင်ဘတ်ကိုယ်တူးနေတဲ့သတ္တုတူးဖော်ရေးသမားကိုမှ
သက်တန့်ဟာ အမြစ်လာတွယ်ခဲ့ပေါ့
ကျောက်ဆစ်သမားဟာ မလိုအပ်တဲ့ကျောက်သားတွေကို ဖယ်ထုတ်သလို
ကိုယ့်ကိုယ်ကို ဖယ်ထုတ်ပစ်လိုက်တဲ့အခါ
ကိုယ်ဟာ တွယ်ကပ်စရာတွေရဲ့ အဝေးကို လွင့်သွားချင်မိတယ်
ကိုယ်မရှိဘူး
ကိုယ်မသိဘူး
ကိုယ်ဘယ်အရာကိုမှ မထိတွေ့ဘူး
အဲ့သလို ကိုယ်မမေ့တော့မယ့်အရာတွေ
ကိုယ်မေ့ချင်ယောင်ဆောင်ပစ်လိုက်ရတာ သက်သာမလား
ကိုယ့်သွားကို ကိုယ်ပြန်ကိုက်လိုက်တာ
တဖက်လူကို ဘာလို့ နာကျင်စေရမှာလဲ
အဲ့ဒီ အကျိုးအပြစ်မှန်သမျှ
ကိုယ့်ကို ပြန်စူးကြပါစေ ။        ။

တမျိုးနီ

ပြုံးနေတဲ့ ကဗျာ - ညီဆူးသစ်


http://www.simonsgallery.com/abstract/002sf3294smilingtogetherwht.jpg


ပြုံးနေတဲ့ကဗျာ

_____________

လူတစ်ယောက်ဟာ
အရိပ်မိုးနေတဲ့အောက်မှာ
ပြုံးနေတယ်
ကမ္ဘာကြီးကို ပြုံးကြည့်နေသူတွေ
ဘယ်လောက်ရှိမလဲ
တစ်ချို့က ကိုယ့်အကြောင်း ကိုယ်ကြည့်ပြီး ပြုံးတယ်
တစ်ယောက်က
ကိုယ့်အကြောင်းရာမပါဘဲ ပြုံးတယ်
တချို့က မိသားစုပဲကြည့်တတ်
ပြုံးတတ်တယ်
ဘာမှမကြည့်ပဲ
ငါလည်း ပြုံးကြည့်ခဲ့တယ်။

ညီဆူးသစ် 

4-19-2016

Friday, April 15, 2016

ဥ ပု သ် - ကျော်လှိုင်

https://s-media-cache-ak0.pinimg.com/236x/ba/d5/cb/bad5cbdc4b880edfdae0263a012072ac.jpg

ဥ ပု သ်

______________________

ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်ပေါ့
သံသရာတလျှောက်ကျောက်ချခဲ့တဲ့
စိတ်ကိုအနိုင်ယူ
အဖြူစင်ဆုံးဝတ်စုံတစ်ခု
နတ်/လူသာဓုခေါ်စေသော် ။          ။

                                  ကျော်လှိုင်

ဆေးဘက်ဝင် ပိတောက် - မင်းညွန့်လှိုင်



ေ ဆး ဘ က် ဝ င် ပိေ တာ က်

________________________

တို့အပူတွေစုပ်ယူလိုက်တဲ့
ရွှေရည်ဝင်းမှည့် အဆင်း ။

ပျော်ရွှင်မှုတွေခြွေချပေးတဲ့
ယဉ်ယဉ်ကျေးကျေးရနံ့ ။

ဘယ်ပန်းပြိုင်လို့နိုင်မှာလဲ -

အမျိုးသားရေးအလှဗေဒနဲ့
တခဲနက်ချစ်ခြင်းအပွင့်    ။     ။

မင်းညွန့်လှိုင်

Thursday, April 14, 2016

ပြောင်းလဲချိန်နဲ့ အစဉ်အလာ - နီဇူလိုင်


ပြောင်းလဲချိန်နဲ့အစဉ်အလာ

( ကြေကွဲစွာလက်ခံလိုက်ရတဲ့
         ရိုးရာအစဉ်အလာ )
_____________________________

သင်္ကြန်မှာ သိကြားမင်းကြီးလာမှာ
လူလေး..လိမ်လိမ်မာမာနေပါလို့
မေမေက ခဏခဏပြောတော့..
လူလေး..သိကြားမင်းကြီးကို တွေ့ချင်လှတယ်။
သိကြားမင်းကြီးက
လိမ်မာတဲ့သူကို ရွှေပုရပိုဒ်ကြီးမှာ
ဆိုးမိုက်သူတွေဆို…ခွေးရေ ပုရပိုဒ်ကြီးမှာ
စာရင်းမှတ်သွားတာ…လို့
မေမေက ခဏခဏပြောတော့
လူလေး သိကြားမင်းကြီးကို တွေ့ချင်လှတယ်။

သင်္ကြန်အကြိုမနက်မှာ
မြေလက်ခံအတာအိုးကလေးရယ်
သစ်ရွက်စိမ်းစိမ်းကလေးတွေရယ်
စက္ကူရောင်စုံ တံခွန်ကုက္ကားကလေးတွေရယ်
မေမေဈေးက..၀ယ်လာတော့
လူလေး သိကြားမင်းကြီးကို တွေ့ချင်လှတယ်..။

မေမေက
မြေလက်ခံအတာအိုးလေးထဲမှာ
 ရေကြည်ကြည်လေးတွေထည့်တယ်။
မြေဇာမြက်..ဇီးခက်..မုန်တိုင်ရွက်ကလေးတွေ
ခက်ဖြာအောင် ထိုးစိုက်တယ်..။
ရောင်စုံစက္ကူတံခွန်ကုက္ကားလေးတွေ..
တလူလူလွင့်အောင် ထိုးစိုက်တယ်…။
ဒါ..လိမ္မာတဲ့ မေမေ့ လူကလေးက..
သိကြားမင်းကြီးကို ကြိုဆိုတာ ..တဲ့…။

မြေလက်ခံအတာအိုးကလေးကို
တစိမ့်စိမ့်ကြည့်ရင်း
လူလေးသိကြားမင်းကြီးကို တွေ့ချင်လှတယ်…။

သင်္ကြန်အကြိုတညလုံး
လူလေးရင်တွေ တထိတ်ထိတ်ခုန်လို့…။
သိကြားမင်းကြီးဟာ…
ကိုယ်ရောင်ကိုယ်ဝါတွေ ဘယ်လောက်တောက်ပမလဲ…။

သိကြားမင်းကြီးဟာ
လူလိမ္မာနဲ့လူဆိုးကို
ကွဲကွဲပြားပြား ဘယ်လိုများ သိနိုင်ပါ့မလဲ…။

သိကြားမင်းကြီးဟာ…
သိကြားမင်းကြီးဟာ…
သိကြားမင်းကြီးဟာ…
အတွေးတွေနဲ့အိပ်စက်
အိပ်မက်ထဲမှာ
သိကြားမင်းကြီးရဲ့ရွှေပုရပိုဒ်ထဲ
ရွှေရောင်ဖောင်းကြွ
 နတ်ဘာသာဗေဒစကားလုံးကြီးတွေနဲ့
လူလေးနာမည်ဟာ.လှလိုက်တာ..။
အိပ်ရာကနိုးတော့
လူလေး..သိကြားမင်းကြီးကို တွေ့ချင်လှတယ်..။
သင်္ကြန်အကျ
သင်္ကြန်အကြတ်
သင်္ကြန်အကြတ်
သင်္ကြန်အတက်
မြေလက်ခံအတာအိုးလေးနံဘေးကမခွာ…။

သိကြားမင်းကြီး..လူလေးကို မမြင်မှာစိုးလို့
မြေလက်ခံအတာအိုးကလေးကို
မနက်တိုင်း
လက်ကလေးနဲ့ ထိထိပေးရင်း
လူလေး..သိကြားမင်းကြီးကို တွေ့ချင်လှတယ်..။

သင်္ကြန်အပြီးနောက်တနေ့
မြေလက်ခံအတာအိုးကလေးထဲက
စိမ်းခက်ခက်..သစ်ရွက်ကလေးတွေခမျာ..ညှိုးလို့..။

မေမေက
သိကြားမင်းကြီး မနေ့က ပြန်တက်သွားပြီလူလေးရဲ့ …။

လူလေးလိမ္မာတော့ ရွှေပုရပိုဒ်ထဲပါသွားမှာပေါ့တဲ့…။
လူလေးဆံစလေးတွေကို ခပ်ဖွဖွ သပ်ရင်း..ပြောတယ်…။

လူလေးတော့
သိကြားမင်းကြီးကိုယ်ရောင်ကိုယ်ဝါကိုလည်း မမြင်ရ
လူလေးနာမည်ရေးတဲ့ ရွှေပုရပိုဒ်ကိုလည်း မမြင်ရပါဘူးလို့
ဝမ်းပမ်းတနည်း ပြောမိတော့ ….
မေမေက ပြုံးရင်း
ဒါဟာ..ရိုးရာအစဉ်အလာကွဲ့တဲ့ …။

လူလေးဟာ
ရိုးရာအစဉ်အလာကိုပဲ ကြေကွဲစွာ လက်ခံလိုက်ရင်း
လူလေး သိကြားမင်းကြီးကို  တွေ့ချင်လှတယ်..။

                                                  နီဇူလိုင်

Monday, April 11, 2016

ဒီနေ့ အဓိပ္ပါယ် - တင်လတ်ကို

http://fineartamerica.com/featured/1-balance-abstract-james-sutton.html


ဒီနေ့ အဓိပ္ပါယ်

_________________________

နေပူတယ်
ပူပေါ့ …

ငါ့ဂျင်းဘောင်းဘီနဲ့ ငါ
ငါ့ကျောပိုးအိတ်နဲ့ ငါ
ငါ့ဦးထုပ်နဲ့ ငါ
ငါ့မျက်မှန်နဲ့ ငါ
သာသာယာယာပါပဲ   ။

နေဆိုတာ ပူဖို့ 
မြေဖြူဆိုတာ စာသင်ဖို့ 
ကျောက်စရစ်ဟာ လမ်းဖြစ်ဖို့ ။

တစ်ကမ္ဘာလုံး
ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ပါပဲ  ။   ။

တင်လတ်ကို



အေးရာအေးကြောင်း - မောင်ကြူးရင့်

http://www.minted.com/design-rating/88272


အေးရာအေးကြောင်း

___________________________

မနက်ခင်း
နေရောင်မလာခင်
မြေးနှစ်ကောင်လက်ဆွဲပြီး
အိမ်အပြင်လမ်းလျှေက်ထွက်ခဲ့တယ်
စိတ်ကမှန်သားပြင်လိုကြည်လင်လို့
မြေးနှစ်ကောင်ကယုန်ကလေးတွေလို
ခုန်ဆွ ခုန်ဆွ နဲ့ပျော်လို့
အေးရာအေးကြောင်း

မုန့်ဟင်းခါးစားကြတယ်
နွားနို့သောက်ကြတယ်
တောဈေးကလေးထဲသွားကြတယ်
ကွမ်းယာရောင်းသူကကွမ်းယာရောင်းလို့
ုမိုးပျံပူပေါင်းရောင်းသူကမိုးပျံပူပေါင်းရောင်းလို့
ဈေးရောင်းသူကဈေးရောင်းလို့
မြေးနှစ်ကောင်လည်းငေးလို့မြူးလို့
စိတ်ဟာလေဟာနယ်လိုပေါ့ပါးလို့
အေးရာအေးကြောင်း … …

ဘုန်းကြီးကျောင်းထဲဖြတ်လာတယ်
သစ်ရိပ်ဝါးရိပ်တွေကအေးမြလို့
အရုဏ်ဆွမ်းစားပြီးပြန်ကြွလာတဲ့
ဘုန်းတော်ကြီးတွေကို
မြေးမလေးကလက်အုပ်ကလေးချီရပ်လို့
စိတ်ဟာကန်ရေပြလိုကြည်လင်လို့
အေးရာအေးကြောင်း …

အေးဆေးပဲ
ကိုယ့်အလုပ်ကိုယ်လုပ်
သူတို့အလုပ်သူတို့လုပ်

               မောင်ကြူးရင့်

               ၁၁့  ၄့  ၂၀၁၆

Saturday, April 9, 2016

တောင်တက်လမ်း - စိုးခိုင်ညိန်း

https://cdn-img-1.wanelo.com


တောင်တက်လမ်း

____________________________

သစ်ပင်တွေရဲ့ ထိပ်ကိုရောက်တော့
လှုပ်နေတဲ့ သစ်ရွက်တွေလို တလှပ်လှပ်နဲ့
ကျောက်ခဲတစ်လုံး လိမ့်ဆင်းသွားသလို
ဆက်သွယ်ရေးက ချောက်ထဲကို ထိုးကျသွားတယ်
ဒလိမ့်ခေါက်ကွေးနဲ့ မြေပြင်မှာ ပြန့်ကျဲ
စူးစူးဝါးဝါးအော်မြည်နေတဲ့ ဖုန်းသံလေးမှာ သွေးအလိမ်းလိမ်းနဲ့ ။။

 စိုးခိုင်ညိန်း 

(7, 4, 2016)


Thursday, April 7, 2016

BLOCK - မောင်သော်တာ



BLOCK

__________________________


အပိယေဟိသမ္ပယောကော ဒုက္ခော
မချစ်မနှစ်သက်သောသူနဲ့
ပေါင်းဖော်ယှဉ်တွဲနေရခြင်း ဆင်းရဲ
အဲဒီအစကိုဆွဲကြည့်လိုက်တဲ့အခါ
သူယုတ်လက္ခဏာ
အကျိုးမဲ့ဗာလ
အရေမရ အဖတ်မရကိစ္စတွေ
ထွက်ကျလာပါရောလား

အာရုံကိုလာနှောင့်ယှက်နေတာ
မပက်သက်ဘဲနေရင်ပိုကောင်းတာ
ဦးနှောက်မခြောက်ရတာ
အကုသိုလ်မများရတာ
စိတ်ထဲလာ ဆူးနေတာ
မျက်စိနောက်တာ
နားကြားပြင်းကပ်ရတာ
အော်ဂလီဆန်စရာ
ရွံစရာ
တံထွေးထွေးပစ်ချင်စရာ
အပုပ်နံ့ထွက်နေတာ
ခြစားနေတာ
ကွိုင်ပူနေတာ
မီးလာရှို့နေတာ
ကဖျက်ယဖျက်လုပ်နေတာ
ထိုင်ချည်တမျိုး/ထချည်တမျိုး
ကန့်လန့်ထိုးနေတာ

ငါ
ဦးနှောက် မစားချင်တော့ဘူး

ဂျလေဘီ
ီအူကြောင်ကြား
အလကား  ချီးထုပ်တွေ
ရှုပ်တယ်

အပေါ်ယံ ဖော်ရှိုးတွေ
လေနဲ့ဝမ်းမကွဲသလို
ငိုပြလိုက်
ပြုံးပြလိုက်
အမှိုက်တွေ
ရိုက်ချလိုက်ပြီ
ကဲ
လစ်တော့

မင်းတို့တောမှာ မင်းတို့ပြောချင်ရာပြော

"တော မှာ သွား ပြော "

ငါ အရောမခံချင်တော့လို့
ကိုယ့်ပါးစပ်ကိုယ်လက်ညှိုးထိုးပြီးအန်ချလိုက်ရတယ်
ပေါ့ပါးတဲ့မွေးမြူ ခြင်းဟာလူ့အသက်ကိုရှည်စေသတဲ့။

  မောင်သော်တာ

၃၀   ၃   ၂၀၁၆

အ ရိ ပ် - တမျိုးနီ

Design ; YLA thefourisland


အ ရိ ပ်

______________________________

ဈေးတကာလှည့်ပတ်ပြီး
ဖိနပ်ပါးလို့ပေါ့သွားတဲ့အမြတ်က လွဲရင်
ကျန်တာ ဘာမှ လျော့ကျမသွားဘူး။
ငါ့နာရီတွေဟာ အကြိမ်ကြိမ်မှားတယ်
ငါ့အဓိပ္ပါယ် တွေဟာ အကြိမ်ကြိမ် ၀ိုင်းပယ်ခံရတယ်
မနက်ဖြန် တွေပေါ်က ငါ့အစာတွေ
ငါဟပ်ဖို့ကြိုးစားတိုင်း အရိပ်တွေဖြစ်ဖြစ်သွား
ငါ့ကိုယ်ငါ လှည့်စားနေတဲ့အရိပ်မှာ
ငါဟာ လောင်းရိပ်မိနေတယ် ။
လမ်းပေါ်က လူတွေ ကိုမသိချင်တော့ဘူး
ဟိုး မိုးပေါ်က ပြုတ်ကျလာမယ့်ဒုက္ခတွေကို မသိချင်တော့ဘူး
တိုက်မြင့်မြင့်ကြီးတွေရဲ့ အရိပ်ပေါ်ငါရပ်တော့
ငါဟာ မိုးမြင့်အထပ်တွေပေါ်ရောက်သွားမလား
စိတ်ကူးနဲ့မျောနေတဲ့လမ်းတွေကို
ဘယ်လိုသတ်မှတ်မှုမျိုးနဲ့မှ မရပ်တန့်ပစ်ကြပါနဲ့။
အဓိပ္ပါယ် သိသိ မသိသိ
ကိုယ့်ရှေ့လူရှိရင်ပြုံးပြနေရတာ လောကပါလ လား
လှေနံဓားထစ် ငါအကျင့်ပျက်ပျက်လာတယ် ။
ငေးမောမှုဟာ အဆိပ်ပဲ
အဲ့ဒီအဆိပ်ကို ကန်ထရိုက်ဆွဲထားသူဟာ ငါပဲ
သမိုင်းအဆင့်ဆင့် ဒဏ္ဍာရီ အဆင့်ဆင့်
အမှန်တရားနဲ့ သီးပွင့်တဲ့ အပင်တိုင်းဟာ အဆိပ်ပဲ
ငါဟာ အဲ့သလိုငေးတယ်
လေဟာ တရားရား မတရားရား တိုက်မှာပဲ
သစ်ရွက်ကလေးတွေဟာ အပြစ်ရှိရှိ မရှိရှိ ကြွေရတာပဲ
ငါက အဲ့ဒီစိတ်နဲ့ အမည်မဲ့သစ်ရွက်ကလေးတွေကိုသနား
ငါ့ကိုယ်ငါ သူတို့အစား ကြွေကျသွားချင်တယ်
အမည်မဲ့သစ်ရွက်ကလေးတွေရဲ့အရိပ်မှာ
ငါအိပ်စက်ချင်လို့ ။     ။

တမျိုးနီ



Sunday, April 3, 2016

ပန်းချီဆရာ ဖြစ်တဲ့အခါ - အနီ



ပန်းချီဆရာဖြစ်တဲ့အခါ

_______________________

ပန်းချီဆရာဖြစ်တဲ့အခါ
ဓါတ်တိုင်ပုံတွေချည်းငါဆွဲမယ်။

နီးရာကဝေးသွားတဲ့ဓါတ်တိုင်တွေ
ဝေးရာကနီးလာတဲ့ဓါတ်တိုင်တွေ....

လျှပ်စစ်မီးမစီးခင်ဓါတ်တိုင်တွေ
လျှပ်စစ်မီးစီးနေဆဲဓါတ်တိုင်တွေ...

ကြိုးနဲ့ဓါတ်တိုင်တွေ
ကြိုးမဲ့ဓါတ်တိုင်တွေ...

ငှက်ကလေးတွေနားနေတဲ့ဓါတ်တိုင်တွေ
ငှက်ကလေးတွေမရောက်နိုင်တဲ့ဓါတ်တိုင်တွေ..

ဓါတ်တိုင်ပုံတွေငါဆွဲမယ်။

ဓါတ်တိုင်ပုံတွေငါဆွဲတဲ့အခါ
အမြဲတစေဖြောင့်တန်းထားရတဲ့
သူတို့ခါးတွေကိုငါကွေးညွှတ်ပစ်မယ်။

ငုံ့ကိုင်းနေတဲ့သူတို့လည်ပင်းတွေကိုမော့ခိုင်းမယ်။
ငုံကိုင်းနေတဲ့သူတို့လက်ပြင်ကို
သစ်ကိုင်းတွေလိုကော့ခိုင်းမယ်။

ငါ့ဓါတ်တိုင်တွေအားလုံးကိုကောင်းကင်ကိုကြည့်ခိုင်းမယ်။

အရှိတရားကိုဖီဆန်ထားတဲ့အခါ
ပန်းချီကားဟာနည်းနည်းရုပ်ဆိုးနေလိမ့်မယ်။
ငါ့ဓါတ်တိုင်တွေကတော့သက်တောင့်သက်သာဖြစ်နေလိမ့်မယ်။
ပန်းချီဆရာဖြစ်ချင်တယ်။ ။

အနီ

Saturday, April 2, 2016

အားလုံးထဲက ငါ - သစ်ပင်

www.Elin Bjorsvik.com

အား လုံး ထဲ က ငါ 

______________________

အရိပ်မထွက်တဲ့ သစ်ပင်ကြီးကိုမြင်ရင်
ငါ့ကိုသတိရလိုက်
ငါ့အရိပ်ဟာ ပူတယ် ။

ငါ့လိပ်စာကိုမေးရင်
ချစ်ရသူနေတဲ့လမ်းနဲ့
သူငယ်ချင်းတွေအိမ်နံပါတ် မှတ်ထား
ငါ့ခြေထောက်ပေါ် ငါမသေချာဘူး ။

လူရွှန်းလျှောက်ပါများတော့ လူရွှန်းလမ်း
ငါမလျှောက်တဲ့ ငါ့လမ်း
အလုပ်လက်မဲ့ဘဝကို
ဈေးမဆစ်ဖူးပါ ။

ရှေ့ကားနောက်ကား ညှိမောင်းတာ နားမလည်လို့
မှတ်တိုင်ဟာ အရှိအတိုင်း
နာကျင်မှုဘာမှမရှိသလို နာကျင်
ဘာကိုမှမစောင့်သလို ရပ်စောင့် ။

ငါ့ရင်ထဲ ဘာရောဂါမှမရှိဘူး
ရောဂါရင်ထဲ ငါရှိ ။

ဘာလုပ်ဖို့လူဖြစ်လာသလဲ
ရာသီခွဲပွင့်ကြဖို့
ပန်းတွေဟာ
လူဆုပန်ကြသတဲ့ ။

ဆန်ကြေရင် ဝက်သြဇာ
ဝက်သေရင် လူ့သြဇာ
ငါသေရင်
မြေသြဇာမဖြစ်မှာ စိုးပါတယ် ။           ။

သစ်ပင်

Apr 3,2015
AM 10:00