Thursday, April 2, 2015

မုန်တိုင်းသတင်း ။ ခက်ဦး


မုန်တိုင်းသတင်း


ဓာတ်ကူးမှုနိယာမ
မြင်လေရာရာ
ကြွပ်ရွလို့

ဥသြတွန်သံ
မနာခံတဲ့ကောင်းကင်

အရည်ပျော်မှ
နောင်တမရကြေး ။ ။

                              ခက်ဦး

သမိုင်းချင်းယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး …


သမိုင်းချင်း ယှဉ်ပစ်ရင်

ဘယ်ငတေမှ မမာနိုင်ဘူး . . . . .


ရပ်ထဲရွာထဲ
သူ့ပိုက်ဆံနဲ့သူဆိုပေမယ့်
မူးယစ်ရမ်းကားသူအရက်သမားအတွက်
လောကဥပဒေ
ဓမ္မဥပဒေရှိသလို
ပြည်သူ့ဘဏ္ဍာ
ပြည့်သူ့အာဏာ
မသဒ္ဓါရေစာ သောက်စားပြီး
မူးယစ်ရမ်းကားသူ
အာဏာရှင်လူတစ်စုတို့ရေ . . . .
ခဗျားတို့
ကြိုက်ရာခေတ်မီလက်နက်
သွေးရူးသွေးတန်းဆွဲကိုင်ခဲ့ပါ
ပုဒ်ထီးပုဒ်မ ဂယောင်ဂတန်းစိတ်ကြိုက်ဆင်ပါ
ဉာဏ်နီ ဉာဏ်နက်
ဉာဏ်မဲ ဉာဏ်ကြောင်
ဉာဏ်ကလိမ် ဉာဏ်မှိန်
မီးကုန်ယမ်းသုံးလိုက်စမ်းပါ ။

ဆွေစဉ်မျိုးဆက် သွေးပျက်ဖွယ်
ခေါင်းမဖော်ရဲလောက်အောင်
အတိတ်ရိုင်းထဲ ခဗျားတို့
ခွေခေါက် လဲပြို ကျန်ရစ်စေဖို့ ။
ယှဉ်ပစ်ရဲရင် ကျုပ်တို့က
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်းယှဉ်ပစ်လိုက်ရုံပါ ။

                       ရန်လင်းအောင်