Tuesday, May 31, 2016

မြစ်​ ၇၃- လွင်​​နောင်​​နောင်



" မြစ် ၇၃ "

____________

၁၉၄၃ မှာမြစ်ဖျားခံပြီး
၁၉၅၈ မှာစတင်စီးဆင်းတယ်။

မြစ်ကွေ့မှာအသက်က
တစ်နှစ်ပြီးတစ်နှစ်ကမ်းပါးပဲ့တယ်
မြစ်ကွေ့ကြောင့်ကဗျာတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်မြေနုထွန်းတယ်။

ဒီနေ့အထိ
မြစ်ရဲ့သဘောအရ
ဆက်လက်စီးဆင်းနေဆဲပဲ။         ။

လွင်နောင်နောင်


''June 1 2016 မှာ (၇၃)နှစ်ပြည့်တဲ့
ဆရာမောင်နီမွန်မွေးနေ့သို့်''

ရန်​သူ - လင်းရီ​ဝေ



ရ န်​ သူ 

__________________

စိတ်သွားတိုင်း ကိုယ်ပါရအောင်
ကိုယ်သွားတိုင်းရော စိတ်ပါလို့လား။

မင်းဟာ ရန်သူ
ပန်ကာရှေ့ ဆေးလိပ်သောက်ရင်း
မျက်လုံးထဲ ပြာဝင်သလို
မှောင်ပြီဆိုတာနဲ့ ခြုံခိုချင်တော့တာပဲ။

အလင်းမှာကျ လက်သည်းဝှက်ထားတဲ့ ကြောင်လို
ငါ့ကို ကြည့်မရတာနဲ့
မင်းကို မကြည့်ရတော့ဘူးလား
မင်းကို ကြည့်မရတာနဲ့
ငါ့ကို မကြည့်ချင်တော့ဘူးမလား
ငါ့ကို မကြည့်ချင်တော့တာနဲ့  မင်းကိုကြည့်မရဘူး။

အေး အဲ့ဒီလိုပဲ လုံးလည် ချာလည်
ဟုတ်တယ် ချာလည်​ပတ်ရမ်းနေတာ
မင်းနဲ့ငါ
ငါနဲ့မင်း
ဘတစ်ပြန် ကျားတစ်ပြန်
ငါချည်းခံရတော့ ဒီကဗျာ ငါရေးတယ်။

မင်းဖတ်မိရင် ရယ်မှာပဲ
သိသိကြီးနဲ့
မသိသလို
မင်းကို စိတ်မကုန်နိုင်သေးတဲ့
ငါ့ကိုယ်ငါ စိတ်ကုန်လှပြီ ။    ။

လင်းရီဝေ