design - yla |
ဟာစရီပါးလို ငါ့အစ်ကို
အောင်လွန်းမြိုင်
ဟာစရီပါးကလံချားဆွဲတယ်
ငါ့အစ်ကိုက ဆိုက်ကားနင်းတယ်၊ ဒါပဲကွာတယ်
အသားက မည်းမည်း၊ မျက်လုံးက ပြူးပြူး လက်ပြင်ကုန်းကုန်း
ခြေသလုံး ကျူတံရိုးနဲ့ ငါ့အစ်ကိုမှာ
အာလောက လို ဇနီးတစ်ယောက်
မာနူးနဲ့ ရှမ်ဘူးလိုသားနှစ်ယောက်လည်း ရှိရဲ့ ။
အသက်လေးဆယ်ကျော်မှာ နားကလည်းလေးသေး
ရှေ့သွားတွေလည်းကျိုးလို့၊ ကျန်းမာရေးက ချူချာ
သုခမြို့တော်ထဲက ရပ်ကွက်နဲ့တူတဲ့
ရခိုင်စုရပ်က ပြွတ်သိပ်တဲ့ အိမ်တစ်အိမ်ဘေးအဖီဆွဲ
ဝပ်ကျင်းဖွဲ့
မနက်လင်းတာနဲ့ သူ့ဆိုက်ကားပေါ်တက် ဂိတ်ထိုး
ရာဟောင်ဘူတာလိုဘူတာကိုလည်းနင်းပို့ရ
ဘရာဘဇေးဈေးလိုဈေးကိုရောက်ရ
ဆေးစပ်ဖိုကြီးတွေ ထမ်းတင်ပြီး
လက်ကိုင်ကိုလက်နှစ်ဖက်ထောက် အားကုန်မတ်ရပ်နင်း
ဆေးလိပ်ခုံတွေကိုလည်းလိုက်ပို့ရရဲ့ ။
အမျိုးမျိုးသောအထွေထွေ ခရီးသည်ကို
လိုရာအရောက်ပို့ပေးရတဲ့ ဟာစရီပါးလို ငါ့အစ်ကို . . . . .။
ဟာစရီပါးရဲ့လံချားလိုပါပဲ၊ ငါ့အစ်ကိုရဲ့ ဆိုက်ကားဟာ
ဘဲလ်မှအပအကုန်မြည်ဆိုတဲ့ ဆိုက်ကားအိုလေး
သူ့မိသားစုပါးစပ်ပေါက်တွေအတွက် ရုန်းရ
အမြဲတမ်းအဆင်ပြေတယ်ရယ်လို့ မကြားမိဘူး ။
အုံနာခမပြည့်လို့ စားစရာဆန် မရှိလို့ ဆေးကုသဖို့
သွေးနဲ့ အရိုး ၀ယ်သူမရှိကြတော့/ ရှိရင်လည်း
ရောင်းချင်ရောင်းမှာ
ရှိတဲ့ပစ္စည်းလေးအပေါင်ဆိုင်ရောက်ရ
တစ်ခါကများထမင်းချက်တဲ့ ဒန်အိုးလေးပေါင်စားခဲ့ရသတဲ့။
တစ်နေ့သား ငါ့အစ်ကိုဇနီးအာလောကလိုကုလားမ က
ငါ့လာပြောရှာရဲ့ ဟာစရီပါးလိုအစ်ကိုဟာ
အိပ်ရာကမထနိုင်တော့တဲ့
သြော် ငါကကိုဗာစကီးလည်းမဟုတ် ဒေါက်တာမက်လည်း
မဟုတ်တော့
ပိုက်ဆံကလေးတစ်စနှစ်စပေးတာကလွဲလို့
ငါကလည်း ငါ့ဇာတ်ထုတ်နဲ့ ငါပါ အစ်ကိုရာ
သိပ်မကြာလှပါဘူး ၁-၁-၂၀၁၀ သောကြာမနက်ကြီးမှာ
ဟာစရီးပါးလို ငါ့အစ်ကိုဟာရင်ဘတ်ထဲက
အင်ဂျင်စက်ရပ်သွားပါတယ် ။ - - - - - - - -။
အောင်လွန်းမြိုင်
ကဗျာပါအမည်များ “သုခမြို့တော်” မြသန်းတင့်
(ဘာသာပြန်) မှ