Wednesday, July 29, 2015

သမ္မတကြီး ၊ ဇေရ


သမ္မတကြီး

*******
ရေဒီယိုထဲကထွက်ကျလာတဲ့
သမ္မတကြီးရဲ့မိန့်ခွန်းအကျိုးအကြေတွေကောက်ပြီး
ဘုရားပန်းအိုးမှာထိုးလိုက်တယ်
ပွင့်လာတဲ့ပန်းတွေက
"မိဘပြည်သူများခင်ဗျား"
သိပ်မကြာပါဘူး ကြွေကျကုန်တယ် ။

နားလည်ပါတယ်
သမ္မတကြီးတို့မှာ
အဆင်းရခက်တဲ့လှေခါးတွေရှိနေတယ်
ကျွန်တော်တို့ဘက်မှာလည်း မတ်စောက်လွန်းလှပါတယ်
နှုတ်ခမ်းအပဲ့အရွဲ့ကတိတွေကြားမှာ
အပြစ်မဲ့သန်း၆၀
ကြယ်ကြွေသလိုကြွေကျပေးရ
ထားလိုက်ပါ
သမ္မတကြီးတို့ခေါင်းမငုံ့ချင်သေးသလို
ကျွန်တော်တို့လည်းခေါင်းမမော့နိုင်သေးပါဘူး
သမ္မတကြီနဲ့အတူ လက်ဖက်ရည်သောက်ခွင့်ရခဲ့မယ်ဆိုရင်
သမ္မတကြီးလက်ဖက်ရည်ခွက်ထဲ
အကျရည်များများထည့်ပေးချင်ပါတယ်
အချိုအဆိမ့်တွေက သမ္မတကြီးတို့အတွက်
ရိုးအီနေတဲ့အစားအစာဖြစ်နေလောက်ရောပေါ့
ကျွန်တော်တို့နေ့စဉ်သောက်နေရတဲ့
အခါးရည်ကိုသုံးဆောင်ကြည့်ပါ
ပြီးရင်
ကျွန်တော်တို့ထိုင်နေရတဲ့
ခွေးခြေခုံအပုတွေအကြောင်း ပြောပြမယ်
ဘ၀တစ်ခြမ်းမြေကြီးထဲကျွံနစ်ဝင်နေတဲ့
ပြည်သူဆိုတဲ့ လူတွေအကြောင်းပြောပြမယ်
ကျွန်တော်တို့တွေ လူတန်းစေ့အိပ်မက်ဝေးနေတဲ့အကြောင်း၊
လူ့အခွင့်ရေးဆိုတာနားမလည်လို့မေးမယ်
သမ္မတကြီးမျက်လုံးပေါက်တွေပိတ်သွားအောင် ရယ်နေမှာပေါ့
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သမ္မတကြီး

"မိဘပြည်သူများခင်ဗျား" မပါတဲ့
ရေဒီယိုတစ်လုံးလောက်ပေးပါ ။

                                                           ဇေရ