Wednesday, June 8, 2016

အ​ငွေ့ပျံသွားတဲ့ ​ကောက်​​ကြောင်း - ​ခေတ်​ဆူး



အငွေ့ပျံသွားတဲ့ ကောက်ကြောင်း


ပျော်ရွှင်မှုနဲ့ မထိုက်တန်ခဲ့သူပါ
လောကဓံရဲ့ရိုက်ချက်မှာ
ဒုက္ခ ကို ဈေးမဆစ်ခဲ့ဘူး

ကိုယ်တိုင်ရေးပုံတူမှာ
ရုပ်ထွက်ညံ့ခဲ့တာလည်း
ကိုယ့် အကုသိုလ်

ဘုရားကုန်းတော်ပေါ်က စာကလေးတွေကိုလည်း
နင့်အသက်တစ်ခါ လွှတ်ပြီး
ငါ့အတွက် ဆယ်ခါ ဆုမတောင်းခဲ့ပါ
တကယ်ဆို...
ဆည်းလည်းသံ တွေလို ချိုလွင်ချင်ခဲ့တာ
ရေချမ်းစင် လေးလို အေးမြချင်ခဲ့တာ

မဆီမဆိုင် တိမ်တွေထွက်သွားတာကြည့်ရင်း ......ဝမ်းနည်းသလိုခံစားရ...
ပုပ်သိုးနေမယ့် မနက်ဖြန် မှာ
အိပ်မက်တွေ သင်းသတ်ခံထားရတာ
လမ်းတစ်ဝက်မှာ...စက်ချို့ယွင်းပြီး
ပျက်ကျခဲ့ရတာ...
အမှားတွေနဲ့ အသားကျခဲ့တာ
ဒါတွေဟာ....ဘဝ သင်ရိုးထဲက
ကိုယ်မရင်းနှီးခဲ့တဲ့ မာတိကာတစ်ချို့

နားနဲ့မဆံ့တဲ့ အသံတွေ
နားမထောင်ချင်ဘူး....
ကြေကွဲရမှာတွေဆို
မကြားချင်ဘူး....ရှေ့လျှောက်
စိတ်ထဲကမပါလည်း အတက်နိုင်ဆုံး
ပြုံးပြမယ်
အခု....ဘာဖြစ်ချင်ခဲ့လဲလို့ မေးရင်
ချောင်တစ်ချောင်က ပင့်ကူမျှင်တွေနဲ့
ရှုပ်ထွေးနေတဲ့ ကျောင်းလွယ်အိတ်လေးလို...ဖြူစင်ချင်ခဲ့တာ...ပါ

ဒါပါပဲ...
ရှေ့တစ်လှမ်းတိုးဖို့လွယ်ပြီး
နောက်တစ်လှမ်းဆုတ်ဖို့ အတွက်မှာ
ကျွန်တော်လည်း
တံလျှပ်ကို ရေထင်ခဲ့မိတာ ..........

ခေတ်ဆူး

Tuesday, June 7, 2016

မေးခိုင်​ပိုး - ​နေယု - မတ္တရာ


"မေးခိုင်ပိုး "


အမြင်တွေ ကန်းရောမယ်
ပုလဲ ရောင်းရန် ...
ရှိသည်ဟု ငိုလိုက်မယ်။

စကားလုံးတွေ မွန်းရောမယ်...
ရွဲရောင်းရန်...
ရှိသည်ဟု ရယ်လိုက်မယ် ။

အခုတော့ ...
အငိုလည်း ခိုင်တယ်။
အရယ်လည်း ခိုင်တယ်။
ဘဝမေးရိုးတွေ လှုပ်မရ။ ။

                    နေယု(မတ္တရာ)

ချာချာလည်​ - လွင်​​နောင်​​နောင်



ချာ ချာ လ ည်

____________________
သူရေးကိုယ်တွေးတဲ့လောကဓါတ်တခွင်လုံး
အဆုံးမသတ်နိုင်သောသံသရာဟာ
အောက်ခြေအလွှာမှာချာချာလည်။

လူကြီးလူကောင်းဆိုသူတွေမော့သောက်တဲ့ခွက်ထဲ
စားပွဲထိုးလေးတွေချာချာလည်။

ကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေမှာလည်း အမှိုက်ပုံမွှေနှောက်ပလပ်စတစ်ကောက်
ဘဝလေးတွေချာချာလည်။

အစိမ်းရင့်ရောင်ဝတ်စုံနဲ့
ကျောပိုးအိတ်ကိုမနိုင့်တနိုင်လွယ်
ဘဝလေးတွေချာချာလည်။

လောဘသားများကားနောက်ခန်းက
ဟိုးးးးအမှောင်လမ်းဆီမှာ
ဘဝလေးတွေချာချာလည်။

''အခွေတွေခိုးကူးသလို
ဘဝတွေလည်းခိုးခိုးပြီးကူးကူးသွားကြလို့
ဟိုဘက်ကမ်းကမီးထိန်ထိန်တွေမှာ
ဘဝများစွာချာချာလည်။

အဖေကဆိုက္ကားထွက်နင်းရင်
ဗိုက်ကြီးသည်အမေက ဈေးဗန်းလေးထဲငါးတွေထည့်
ဗုံတွေစီထားသလိုသားသမီးတွေက
မြင့်ကာနိမ့်ကာ
ညီလေးငိုရင်ထိန်းနေရလို့ပါဆရာမ
ညီမလေးငိုရင်ချီနေရလို့ပါဆရာမ
စာသင်ခန်းဆီမရောက်ရတဲ့သူတို့အရွယ်
ထိုထိုဘဝလေးတွေချာချာလည်။

မိဘမဲ့ကျောင်းတွေဆီမှာ
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ
သီရိမင်္ဂလာဈေးညတွေမှာ
အမြို့မြို့အနယ်နယ်မေးဝယ်နိုင်သည်တွေမှာ
ကလေးလေးများစွာချာချာလည်။

ဆိုရင် …့
ရေများရေနိုင်ညနက်တွေထဲ
မီးများမီးနိုင်နေလည်ခင်းတွေထဲ
ကဗျာဆရာ ဆိုင်တစ်ဆိုင်ထဲဝင်မိတဲ့အခါ
ဦးလေးသားကိုထမင်းဖိုးလေးပေးပါဦးရယ်
သမီးကိုထမင်းဖိုးလေးပေးပါဦးရယ်  တဲ့။
…  …   …
…  …   …   …… ………
''ကလေးလေးတွေပညာရရှိဖို့တော''့
ဆရာမြို့မငြိမ်းရဲ့လူချွန်လူကောင်းသီချင်းကြားတိုင်း  ''ဒါဒို့တိုင်းဒို့ပြည်ဒို့မြန်မာတွေ''
ဇာတိမာန်သီချင်းကြားတိုင်း…

ကဗျာဆရာရဲ့အတွေးဟာ
ကဗျာဆရာရဲ့အာရုံဟာ
ကဗျာဆရာရဲ့နိုင်ငံဟာ
ကဗျာဆရာရဲ့ကမ္ဘာဟာ
ကဗျာဆရာရဲ့စကြာဝဠာဟာ
ကဗျာဆရာရဲ့သံသရာဟာ
ရင် နာ ခြင်း နဲ့ ချာ ချာ လည်။     ။

လွင်နောင်နောင်

Sunday, June 5, 2016

မြစ်​ - စိုးခိုင်​ညိန်း


မြစ်

---------
ကမ်းပါးမှာ အတူရပ်လိုက်ကြတယ်
မြစ်ရေတွေနဲ့အတူ ငိုသံ ရယ်သံတွေဟာ ပေါလော မျောပါနေကြတယ်
ဟိုဘက်မှာလည်း ဒီဘက်လို
ကမ်းပါးတွေရှိမှာပဲလို့ တွေးမိတယ်
မျှော်ကြည့်လိုက်တော့ ကမ်းပါးတွေဟာ တဝုန်းဝုန်းပြိုကျနေတယ်
ကမ်းပါးတွေရဲ့ လွတ်ရာ ကူးကြမယ်ဆိုတော့
မြစ်က မရှိတော့ဘူး စီးဆင်းသွားနှင့်ပြီ ။ ။

          စိုးခိုင်ညိန်း (4, 6, 2016)

Saturday, June 4, 2016

ပြ တို က်​ - ​မောင်​​လေး​ဇော်​ - ​ရွှေ​ခယ်​​မြေ


ပြတိုက်


သမိုင်း သိချင်လို့ဝင်ကြည့်တာ
သမိုင်းဟာ
နံရံပေါ်မှာလား
ပန်းချီကားမှာလား
စာအုပ်ကြားမှာလား
အရုပ်ကြီးတွေကရော ကိုယ်စားပြုတွေလား
မျက်နှာကြက်ပေါ်ကတန်ဘိုးကြီးမယ်ထင်ရတဲ့ မီးဆိုင်းလှလှဟာသမိုင်းလား
တိုက်ပုံဝတ်ထားတဲ့လူကြီးက သမိုင်းလား
ဟိုမျက်မှန်ထူထူကြီးက သမိုင်းလား
လူတွေကစကားမပြောတတ်ပဲ
သမိုင်းကိုသိချင်ကြ
လေ့လာကြ ရေးကြ မှတ်ကြ ဓါတ်ပုံရိုက်ကြ
သမိုင်းက သူတို့ကိုပဲနားလည်စေတာလား
ငါလည်း သမိုင်းကို စဆုံးမြင်ခဲ့ရ
ဒါပေမယ့်
ငါဘာမှမသိပဲပြန်လာခဲ့ရ
စိတ်မကောင်းဖြစ်ခဲ့တာက
ငါစကားပြောတတ်တော့
ငါတွေ့တဲ့လူတွေစကားမပြောတတ်တာပေါ့
သမိုင်းဟာ
ငါလာတာ ထိတ်လန့်တုန်လှုပ်နေပုံရ
တစ်ကယ်သာ ငါစာဖတ်တတ်ရင်
သမိုင်းကငါ့ကို
ပြတိုက်ထဲတောင်အဝင်ခံမှာမဟုတ်တော့ဘူးထင်တယ်။ ။ ။


မောင်လေးဇော်-ရွှေခယ်မြေ

Wednesday, June 1, 2016

တော​မှောက်​ခြင်း - လင်းသက်​ငြိမ်



တောမှောက်ခြင်း

____________________

တောကစားထွက်ခဲ့တာမဟုတ်
တောထဲကျွံဝင်ခဲ့ရသူ
အမှောင်တွေငုံထားတဲ့တော
အရောင်တွေစုံလှတဲ့တော
လေတိုးသံတို့လှောင်ရယ်ကြ
မြင်လေရာ အရိပ်များ အရိပ်များ
ကိုယ့်ခြေသံကတောင်
ကိုယ့်ကိုပြန်ခြောက်လှန့်နေမှတော့
နောင်တရရုံနဲ့မလုံလောက်မှန်းသိခဲ့ရ။

လင်းသက်ငြိမ်