Tuesday, August 21, 2012

ငှက်ကလေးငါ့ဆီပြန်မလာဘူး။ အောင်လွန်းမြိုင်





















ငှက်ကလေး ငါ့ဆီပြန်မလာဘူး

ငှက်ကလေး ရေ . . . . . အိမ်နဲ့
စိတ်ဝေးနေသူပါ
အလွမ်းတွေ လေပေါင်ပြည့်လာတဲ့အခါ
တလိပ်လိပ်တက်လာတဲ့ မိုးသားတွေလက်တို့မခံရခင်
အိမ်ခန်းလေးထဲပြေးဝင်မိသူ

အပြင်မှာမှောင်လာပြီလားဆို
ငှက်ကလေး ငါ့ဆီပြန်မလာတဲ့အကြောင်း
လူတွေမမြင်အောင် တွေးမိတယ် ။
ငှက်ကလေး - - - - ရေ

ရှစ်ခွင်တိုင်းညို့ ညို့ဆိုင်းလို့
လေသင့်ရာသတိရခြင်းတွေမွှေးလို့
မျှော်စောင့်ခဲ့ရတဲ့ နေ့တွေ ညတွေတရွေ့ရွေ့ဝေးလို့
တသောသောရွာနေတဲ့ မိုးထဲမှာ
ငှက်ကလေး ပြန်မလာတဲ့အခါ - - - - - ။

ငှက်ကလေး- - - - - -ရေ
ခုနေ - မိုးရွာပြီးစရွာလမ်းကလေးကို
လမ်းလျှောက်ချင်တယ်။

အိမ်ရှေ့  ခြံစည်းရိုးမှာ
နွယ်ပင်လေးတွေမြွေစိမ်းခေါင်းလိုခေါင်းထောင်နေပြီလား
ပိုးဇာပင်ကအရွက်တွေ နုမြဲအတိုင်းနုဆဲပဲလား
တောပန်းဝါ၀ါလေးတွေ ပွင့်မြဲအတိုင်းပွင့်ဆဲပဲလား
တာရိုးဘေးကရင်ဘောင်တန်းစီးနေတဲ့ သဲချောင်းထဲမှာ
ငါးသလဲထိုးတွေ မြူးနေရောပေါ့
ငှက်ကလေးကတော့ အတိတ်မေ့ဝေဒနာလူလို
ရယ်လို့ မောလို့ ပြုံးလို့
ငါကသာငှက်ကလေး ပြန်မလာတဲ့အခါ - - - - - - - -။

ငှက်ကလေး- - - - ရေ
အလွမ်းကအဆိပ်ဆိုရင်
အကြိမ်ကြိမ်သေခဲ့ရသူဟာငါပဲပေါ့။

ငှက်ကလေး- - - - ရေ
ဒဏ်ရာတွေနဲ့ အိမ်ပြန်လာရတဲ့ခရီးဟာ
မရှုံးသင့်ပဲရှုံးတဲ့ အရှုံးနဲ့ ပြန်လာရတဲ့
ဘောလုံးသင်းတစ်သင်းလို ကြေကွဲစေ၇ာကောင်းလှရဲ့  ။

ရက်ချို့ ပေါင်မုန့်တစ်လုံးရဲ့ အရသာလို
ငါ့အဓိပ္ပါယ်ဟာ လူရာမ၀င်တော့ဘူးလား
ဘယ်သောအခါမှ
ငှက်ကလေးငါ့ဆီပြန်မလာတော့တဲ့အကြောင်း
တဖွဖွ ပြောပြနေတော့မှာ - - - - - - -။       

                                         အောင်လွန်းမြိုင်
                                   မြားနတ်မောင် မဂ္ဂဇင်း
                                     (ခုနှစ် မမှတ်မိတော့ပါ။)

ပန်းပဲဖိုအိမ် အောင်လွန်းမြိုင်
















ပန်းပဲဖိုအိမ်
                     အောင်လွန်းမြိုင်

အဖေ့ချွေးဟာ

မီးကျည်ခဲကထွက်တဲ့

ချောရည်ချော်တုံးတွေ ဖြစ်သွားတယ် ။



ပေပေါ်တင်ထုတဲ့အခါ

သံပူပြာမှုန့်တွေ

အဖေ့ခြေဖမိုးနဲ့

လက်ဖျံရိုးပေါ်ကအရေပြားတွေညော်နံ့ထွက်ခဲ့။



မိသားစုခြောက်ယောက်ရဲ့

နှာခေါင်းပေါက်တွေလို

အဖေ့ဖိုကလေးက

ဝင်လေထွက်လေ ရှုလိုက် ရှိုက်လိုက်

မီးသွေးခဲတွေ ရဲလို့ . . . . . .

တူသံတွေလည်းညံလို့ . . . . .

ထမင်းဝိုင်းလေးက အေးစက်တောင့်ခဲလို့ ။



ခုတော့  . . . . . . . . .

မီးပွားပြာမှုန်တွေက

အဖေ့ခေါင်းပေါ်မှာ

သပ်ချလို့မရအောင်ဖွေးလို့

အဖေ့သွားတွေကလည်း

တူအရိုးချောင်သလိုလှုပ်လီလှုပ်လဲ့

ဟင်္သာပေခမျာဒဏ်ရာတွေ ဗရပွ

ကော့ခွက်လန်နှစ်ခြမ်းကွဲအက်ကြောင်းနဲ့

ဖိုကလေးကရော

ဘာထူးသေးလဲ

အဖွားအိုတစ်ယောက် မီးမှုတ်သလောက်သာ

တစ်ခါတစ်ခါ အသက်ရှုကြပ်ကြပ်နေတာ။
                                               
                                              အောင်လွန်းမြိုင်
                                                  ချယ်ရီမဂ္ဂဇင်းတွင်ဖေါ်ပြပြီး။
အရှင်ဆန္ဓာဓိက(ရွှေပါရမီတောရ)

ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ
ဘုရားရှင်သန္တာန်မှာရှိတဲ့
စိတ်ကောင်းစိတ်မြတ်တွေ၊ ဓါတ်ကောင်းဓါတ်မြတ်တွေကို
ကိုယ့်နှလုံးသားထဲမှာ မိတ္တူကူးယူတာပါပဲ။
နှလုံးသားကောင်းမြတ်နေမှတော့ ကောင်းကျိုးချမ်းသာတွေအားလုံး
မလိုချင်အဆုံးရရှိတော့မှာပါ။
လိုတရနှလုံးသားဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်နဲ့ ထုံမွမ်းထားတဲ့ နှလုံးသားပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော
ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ
လိုတရနှလုံးသား ဖြစ်ပါတယ်။

ကဗျာအားဖြင့် ရန်လင်းအောင်













ဓမ္မဒူတ အရှင်ဆေကိန္ဒ   “အသိပေးစကားစုများ”

စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။ ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲ လိုက်ပါ။

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊   မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး၊
အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ် ဆိုလို့
တော်သေးတာပေါ့။

တခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်။
စိတ်ချမ်းသာမှုကို ရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့
 






 

 

ငါး

ငါဘယ်ကိုသွားသွား
ဘယ်မှမရောက်တော့သလို
ချစ်မိသလောက်တော့
အလွမ်းရဲ့ သူလျှို ချည့်သာတွေ့ရတယ် ။

ခေါင်းအေးအေး
သွေးအေးအေး
ငါ့ ဗီဇမှာ
ငါ့ နှလုံးသားက
အိမ်ယာမဲ့တစ်ယောက်ပမာ . . . . . . . . .
မြစ်၊ ချောင်း
အင်း၊ အိုင်၊ ပင်လယ်၊ သမုဒ္ဒရာ
ဘာပဲပြောပြော
ရေသံကြားရာ အလျားဆန့်ရတဲ့
ငါ့ နာမည် 

မမြင်ရတဲ့လေမှာ
အသက်ဆက်လို့
မမြင်ရတဲ့ရေမှာ
လူးလွန့်လို့
ရေ၀င်္ကပါ၊ လေ၀င်္ကပါ
ကူးခတ်မိပြီးမှ
ကူးခတ်နည်းကို အသင်္ချေ အသင်္ချာ
ပြန်စဉ်းစားရ၊ စိတ်နာစရာ ၊
ရေ၊ နံရံလို့ တွေးခေါ်ပြီး
ငါက
ငါ့ကိုယ်ငါ မြစ်လို့ တွေးခေါ်မိရာကအစ
မြင်မြင်ချင်းပဲ
မှောင်အတိကျခဲ့တယ် ။ - - - - - - - - -။
ရန်လင်းအောင် 
၂၀၀၈ - သြဂုတ်လ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
တွင် ဖေါ်ပြပြီး ။

လိုတရနုလုံးသား







လိုတရ နုလုံးသား 
စိတ်အားဖြည့် ဂုဏ်တော်သံစဉ်

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား












အဆွေးဓါတ်ခံတယော
                                  အောင်လွန်းမြိုင်
သီချင်းကချင်းချင်းနီ
သာယာသောတေးသံသာပဲ
လွင့်စင် အမှိုက်နဲ့ ဖုံမှုန်အစအန
သူတို့အခန်းထဲလင်းမြ
မပျော်ရွှင်တဲ့ ဘ၀ထဲလင်းမြ
မပျော်ရွှင်တဲ့ဘ၀ထဲမွှေး
မမြင်ရသေးတဲ့ ကောင်းကင်မှာ
စပယ်ပွင့်လိုကြယ်အသစ်တွေတပ်ဆင်
သွေးနဲ့ယှက်ဖောက်ထားတဲ့သင်္ကေတနဲ့
ငါတို့ဘ၀ကိုယ်ထည်ပေါ်
ဘိုးတံထိတွေ့ကျရောက်တဲ့အခါ
အမည်မသိအောင်တိတ်ဆိတ်ဆွံ့အ မနက်ဖြန်များ ………….။    

                                                  အောင်လွန်းမြိုင် 
                                                        အလင်္ကာဝတ်ရည် မဂ္ဂဇင်း
                                                      ဇွန်လ၊ ၂၀၁၀  တွင်ဖေါ်ပြပြီး ။