Sunday, April 12, 2015

သင်္ဘောစောင့်ခြင်း ။ ဇောသစ်

သင်္ဘောစောင့်ခြင်း

.............................

လရောင်ရှိလျက်နဲ့
မှောင်နေရတဲ့ ညတစ်ညပေါ့
ဆန္ဒတို့သယ်ဆောင်ရာ
မလိုက်ပါနိုင်သေးတဲ့ဘဝကို
လောင်မီးကျစေခဲ့တာ........။

နေ့ညနံရံတွေထဲ
ရာဇဝင်ရှည်လျားလွန်းတဲ့အထီးကျန်ခြင်းက
မြစ်တစ်စင်းဖြစ်နေ..........။

အဲ့ဒီ့မြစ်ထဲ
တစိမ့်စိမ့်စီးဝင်တဲ့ မင်းအသံတွေ
ရေပေါ်ဝဲလို့ မင်းအပြုံးတွေ
ဘဝကမ်းပါးကိုတတိတိစားတဲ့
ငါ့အချစ်တွေလည်းအပါအဝင်........။

အချစ်.... ဘဝနဲ့ မနက်ဖြန်
ဘာကိုမှ အစတေးမခံနိုင်ဘူး
အချိန်တန်ရင် အိမ်ပြန်လာရမယ် ။

မနက်ဖြန်ကိုစောင့်တဲ့ ပစ္စုပ္ပန်ဟာ
တံတားပေါ်ကနေ လက်ပြလို့
ငါ့မှာသာ.....
ဆိပ်ကမ်းတစ်ခုရဲ့ ဒုက္ခနဲ့........။.....။

                                                  ဇောသစ်

(ကွယ်လွန်သွားခဲ့ပြီး တောင်ငူမြို့
     ဂုဏ်ဆောင် ကဗျာဆရာ
         သံဃာတော်တစ်ပါး)
ဓာတ်ပုံ Thura Win Myint

သမင်လိုက် ။ ဒဿနေမင်း


သမင်လိုက်

.................

အလံဖြူထိုးစိုက်ထားတဲ့
ဦးခေါင်းတစ်လုံးဟာ
ကမ်းကုန်ခဲ့ပြီ
လက်ပစ်ကူးခဲ့လေသမျ ။

မေခလာရေ........
ဘယ်လိုမှ
ငြင်းဆန် မရှောင်တိမ်းသာတော့လည်း
ပွဲတူ ကရန်
ခုနှစ်သံချီဆွယ် ။

ဘဝဆိုတာ
မိုးလေဝသ ခန့်မှန်းသလိုမှ
မဟုတ်ပြန်ပဲကို ။

မနေ့က ပြောတဲ့
မနက်ဖြန် ဆိုတာ
ဒီနေ့ ...... တဲ့ ။

ဟော........
ကန့်လန့်ကာ အမ
တောသုံးတောင်မှာ
မုဆိုးရယ်လေ
သားကောင်......
ရှာလို့ ။ ။

ဒဿနေမင်း
၁၉၉၆ စက်တင်ဘာ

(ဓာတ်ပုံ Thura Win Myint )

ရပ်ကွက် မနက်ခင်း ။ ကိုသားကြီး


ရပ်ကွက် မနက်ခင်း 


စကောထဲ က ပန်း ဟာ
ရွက်ရောင်းဖို့ သာ ဖြစ်ကြောင်း
ပန်းသည် မလေးရဲ့ စိတ်က
ကျောမှာ ချထားတဲ့ ကျစ်ဆံမီးရှည်ကို လှမ်းအော်တယ်။

ပန်း တွေ လှသလောက်
နွမ်းလျဘဝ တွေ တေးဆိုသံ ဝေး ရင်း
အက်နေတဲ့ အသံကို
လမ်းကြို လမ်းကြား အနှံ့
ချို အောင် သွေးထားရ ။

ခေါ်သံ ကြား တဲ့ အခါ
ရေတောက်ထား သလို မျက်ဝန်းအိမ်
အရောင် လက်လို့            
ဈေးဦးပေါက် ဝယ်လက်ရယ်
သူတော်ကောင်း ပိုက်ဆံသာ ဖြစ်ပါစေတော့ ။

နှီးစည်းထောင့်စုတ် လွယ်အိတ်လေးက
ကျောင်းနေခဲ့ ဖူး တဲ့ သက်သေအဖြစ်
ဝမ်းစာနဲ့ မိသားစု ကို စလွယ်သိုင်း ရင်း
လေ့ကျင့်ခန်းစာအုပ် ဟာ
ပန်းဖိုးတွက် တဲ့ ဘောင်ချာ ဖြစ်ရ ။

ဘဝ ဟာ ဆေးသား မကောင်းတဲ့
ပန်းချီကား လို
ရပ်ကွက်ထဲ ကျလာ မယ့် နေရောင်ဟာ
ပန်းအဆစ်တောင်းမယ့် လက္ခဏာ ။    ။
 
                                               ကိုသားကြီး

ကျွန်တော့ ဝတ်ဆင်မှုဟာ …ခင်ဗျား …ကမ္ဘာကြီး အတိုင်း


ကျွန်တော့် ၀တ်ဆင်မှုဟာ .....
 ခင်ဗျား … ကမ္ဘာကြီး အတိုင်း .....
_______________________
ကမ္ဘာကြီးကို ကမ္ဘာကြီးအတိုင်း
ငှက်တွေ လန့်သေတာကို လန့်သေတဲ့အတိုင်း
ကြယ်တွေ သေကြောင်းကြံတာကို ကြံတဲ့အတိုင်း
မြစ်တွေ “ အ ” သွားတာကို “ အ ”သွားတဲ့အတိုင်း
တောင်တန်းတွေ ဗလက္ကာရ အပြုခံရတာကို ခံရတဲ့အတိုင်း
ဒီအတိုင်းဟာ
ကျွန်တော့အတိုင်းလား
ခင်ဗျားအတိုင်းလား
ဟိုလူ့အတိုင်း၊ ဒီလူ့အတိုင်းလား
ရေထုလေထု ညစ်ညမ်းရင် ညစ်ညမ်းတဲ့အတိုင်း
ဘယ်လောက်ဆိုဒ်လဲ
ရယ်ဒီမိတ်လား
အံဝင်ဂွင်ကျပဲလား၊
ဒီနားနည်းနည်းဖြတ်၊ ဟိုနားနည်းနည်းသီ
ပြန်လည်ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်
တိုင်းတာချက်က၊ အတိုင်းထက်အလွန်ဖြစ်လာ
ချက်ဆို နားရွက် က ပြာဖြစ်နှင့်ပြီ ။

ယောင်္ကျားနဲ့ မိန်းမ ဘယ်လိုတိုင်းလဲ
လူလူချင်းဘာနဲ့တိုင်းမလဲ
လူနဲ့ တူအောင် ဘာနဲ့တိုင်းမလဲ
အရပ်မလွတ်၊ အရိပ်မလွတ်၊ လမ်းနဲ့မလွတ်
အပူနဲ့ မလွတ်၊
မလွတ်တဲ့ကြားက မကျွတ် တဲ့ အတိုင်း
သမိုင်းဟောင်းထဲကမကျွတ်တဲ့အတိုင်း
လွန်လေပြီးသော ဥပမာများ အတိုင်း၊
လွန်လေပြီးသော ဥပမေယျများ အတိုင်း
လွန်လေပြီးသော သာဓကများအတိုင်း
လွန်လေပြီးသော သင်ခန်းစာများအတိုင်း

စောင့်ကြည့်ခြင်း၊ စုံစမ်းခြင်း၊
သုံးသပ်ခြင်း၊ စိစစ်ခြင်း
ခြင်းထဲက ကြက်တွေဟာ၊
ခြင်းထဲမှာပဲသေလို့ ၊ ပျော်လို့၊
သေပျော်လို့
အိုးမဲ မလိုတော့တဲ့  အတိုင်း
ကျွန်တော့အတိုင်းကို ခင်ဗျားဝတ်ထားတယ်
ကမ္ဘာကြီးအတိုင်း . . . . . . . . . . .။              ။

                            ရန်လင်းအောင်
                       ဖက်ရှင် မဂ္ဂဇင်း ၂၀၁၅