Monday, March 21, 2016

ဘုရားကုန်းတော် - စိုးခိုင်ညိန်း

design ; yla  thefourisland

ဘုရားကုန်းတော်

__________________________

လေဟာ တဖြူးဖြူးနဲ့
ဆည်းလည်းလေးတွေရဲ့အသံကို
တစ်ပွင့်ချင်း ခြွေချနေတယ်
ရင်ပြင်တော်ပေါ်
ရင်မပြင်နိုင်သေးသူတစ်ယောက်
တစ်ပတ်ပြီးတစ်ပတ်လျှောက်
တစ်ပတ်ပြီးတစ်ပတ်စိပ်
တစ်ပတ်ပြီး တစ်ပတ်နဲ့
သံသရာကို ဘာနဲ့ရပ်ရမလဲ
ရေချမ်းသက်စေ့ ပန်းသက်စေ့ကို
ကိုယ့်အသက်ထဲ ပေါင်းထည့်လို့
ထိုးစိုက်လိုက်တဲ့ ကြာပန်းဟာ
ဘယ်လောက်ကြာကြာခံမလဲ
သစ္စာပန်းတွေဟာ ဘယ်လောက်သစ္စာရှိနိုင်မလဲ
ထွန်းညှိလိုက်တဲ့ ဖယောင်းတိုင်မီးဟာ
တငွေ့ငွေ့ကျွမ်းလောင်
အပူသည်တစ်ယောက်လို
ထိုးခတ်လိုက်တဲ့ခေါင်းလောင်းသံထဲ
သူ့အမျှဝေသံကို လိုက်ရှာမိဆဲ ။      ။

စိုးခိုင်ညိန်း



နိုင်ငံတော် - ၂ - U20


နိုင်ငံ​တော်​  - ၂


တသက်​လုံးမှတ်​ထားရမယ်
မနက်​ခင်းတ​စ်​​နေ  မြင်​ရဖို့ဆိုတာ
ကမ္ဘာတစ်ခြမ်းလင်းပြီးမှပါ။
တစ်​ယောက်​​ကျောကို တစ်​ယောက်​​​ချောက်​မယ့်အစား
တစ်​ယောက်​ရင်​ဘက်​တ​စ်ယောက်​ချိတ်​ဆက်
တစ်​ယောက်​ပါးစပ်​တစ်​ယောက်​နားမှာကပ်
တစ်​ယောက်​ဦး​နှောက်​တ​စ်ယောက်အုန်း​မောင်း​​ခေါက်​​ကြစို့ … ။

U20

မျှော်နေသော လရောင်ကလေး - ၂ - လွင်နောင်နောင်

https://www.etsy.com/listing/232944367/the-perfect-evening-digital-download


မျှော်နေသောလရောင်ကလေး  ( ၂ )

_________________________

ကြွေသွားတဲ့ကြယ်ကလေးတွေမြင်တိုင်း
ဆုတောင်းနေမြဲပါ ကလေးလေး ။

ဖေဖေ ဖေဖေ ဖေဖေ ဖေဖေ
မေမေ မေမေ မေမေ မေမေ
ဒီလိုအထပ်ထပ် ခေါ်သံ ငတ်နေရသူပါ ကလေးလေး  … …

ဖေဖေ့ရင်ခွင်ထဲ
မေမေ့နှလုံးအိမ်ထဲ
မေတ္တာပျိုးအုံကလေး ဘယ်တော့အညှောင့်ထွက်မလဲလို့
ရေလောင်းရ ပေါင်းသင်ရ
မရမီကတည်းက ကြိုချစ်နေရသူပါ ကလေးလေး … …

အိမ်အပြန်ခေါ်သံတွေထဲ
အသည်းနှလုံးတုန်မယ့် ဆည်းလည်းသံ
ညံစေချင်ပြီ ကလေးလေး … …

လာပါတော့ကွယ်
ဖက်ထား ခွစီး ဆင် မြင်း သစ်ကုလားအုပ်
ကလေးလေးလုပ်ခိုင်းချင်ရာခိုင်း
ဒီလို အိပ်မက်နေတာပါ ကလေးလေး … …

အနုပညာ ကဗျာ သီချင်း
အပျင်းပြေပုံပြင် စင်တင်ပြဇာတ်
ဖတ်ပြ ဆိုပြချင်ပြီ ကလေးလေး … …

လာပါတော့နော် …
အပျော်အိမ်မှာ မေတ္တာလရောင်
အမှောင်မရှိ မိဘရင်ငွေ့
ပေးတွေ့ချင်ပါပြီ ကလေးလေး …

လွင်နောင်နောင်

ရုပ်ပွားတော် - လင်းသက်ငြိမ်

www. denisealexander.co.uk


ရု ပ် ပွားေ တာ်

_______________________________

ရုပ်ပွားတော်ဟာ ပလ္လင်ထက်မှာ
တည်ငြိမ်အေးချမ်းတဲ့မျက်နှာတော်နဲ့
ရုပ်ပွားတော်ရှေ့တော်မှောက်မှာ
ပုတီးကုံးအဟောင်းများ ဆီမီးခွက်အဟောင်းများ
အမွှေးနံ့သာတိုင်များရဲ့ရိုးတံများ
လက်အုပ်ချီထားတဲ့ဆုတောင်းသံအနည်းအကျဉ်းများ
အလှူခံပုံးဟာ ပင့်ကူမျှင်တွေတက်လို့
လူတချို့ကတော့ ကိုယ်ဇောအဟုန်နဲ့ကိုယ်
ကိုယ်လုပ်ရမယ့်ကိစ္စလို့ ယူဆတာတွေလုပ်ကြ
ရုပ်ပွားတော်ရဲ့မျက်နှာတော်ကိုတော့
ဘယ်သူမှသေချာမမြင်ဖူးကြ
အပူသည်တစ်ယောက်ဟာပရိဒေဝကြီးကြီးတစ်နေ့မှာ
ရုပ်ပွားတော်ရှေ့မှောက်ရောက်လာ
ရုပ်ပွားတော်ရဲ့မျက်နှာတော်ကိုဖူးရင်း
သောကမီးတွေပွား
ရုပ်ပွားတော်ရဲ့မျက်နှာတော်ကလည်း
ညှိုးနေတယ်လို့ သူကောက်ချက်ချ
ရုပ်ပွားတော်ရဲ့မျက်နှာတော်ညှိုးနေတယ်
ရုပ်ပွားတော်ရဲ့မျက်နှာတော်ညှိုးနေတယ်
သတင်းစကားဟာ ပျံ့ကားသွား
ရုပ်ပွားတော်ရှေ့လူသူအများအပြားစည်ကား
တွက်နည်းအမျိုးမျိုး အဖြေအမျိုးမျိုးနဲ့
နိမိတ်ဖတ်ဆရာများ
အလှူခံပုံးဟာပြည့်သွားပြီ
အမွှေးနံ့သာနံ့တွေလည်းထောင်းထောင်းထခဲ့ပြီ
ဆူညံသောအသံတွေဟာ
ပြန်လည်ငြိမ်ဆိတ်ရတာဓမ္မတာပဲ
နောက်တကြိမ်အလှုပ်ကို ဘယ်သူတွေလှုပ်ဦးမှာလဲ
ပုံတော်ကိုဂုဏ်တော်မှန်းပြီးထုဆစ်ခဲ့တဲ့
ရုပ်ပွားတော်ကြီးဟာ
ပြုံးယောင်သမ်းနေတယ်လို့
ထင်မြင်သူတစ်ဦး ရှေ့တော်မှောက်ရောက်ရှိနေပြန်ပြီ  ။    ။

လင်းသက်ငြိမ်

3.3.2016