Tuesday, November 19, 2013

ရတုမြေ ကဗျာပြပွဲ (၃)




 
လိုင်စင်မဲ့ ညနေ

သူ့ကိုယ်သူ ကောက်ရမလားလို့
စစ်တောင်းမြစ်က
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ကျားလျှာပန်းတွေကြည့်လို့
သနပ်ခါးလိမ်း ပန်းပန်
မြို့ပတ်လည်ကန်စိမ်းက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ခေတ်ပြိုင်အတွင်း
ခေါင်းတစ်ရှင်းစာ . . . တဲ့
လိုင်စင်ရ ညနေခင်းက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

တို့မြို့လေး ရဲ့
ငေးရီနေသော
ဂန္ထ၀င်
တပင်ရွှေထီးထန်းတောက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ငှက်ခါးတောင်ကလည်း
ဘီယာပုလင်းခွံ
ဟင်နီကင်ဘူးခွံပေါ်
ချွန်နေအောင်မာန
အမြုပ် တ ထထနဲ့
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ဟုတ်ကဲ့ . . . .
တုတ်ကောက်နဲ့
ဂျော်နီလမ်းလျှောက်ထက်
သွက်လက်ကျန်းမာဖို့
ငါ့ ကိုမှောက်နေအောင်
ခွက်လှည့်သောက်နေကြလေရဲ့ ။                

                                      ကေတုဘုန်းမော်

ရတုမြေ မဂ္ဂဇင်း
အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။

ရတုမြေ ကဗျာပြပွဲ (၃)



 
အလွမ်းပြေ

ဘုရင့်နောင်  လက်ရုံးရည်
နတ်သျှင်နောင် နှလုံးရည်
သန္ဓေတည်ခဲ့တဲ့ ဒေသ
ပဲခူးရိုးမ တောင်တန်း
စစ်တောင်းမြစ်ဝှမ်း
သမိုင်းဖြတ်သန်းမူပုံရိပ်
သိပ်ပြီးလှပပါတယ်။
ကုလားဖြူနယ်ချဲ့
ဆန့်ကျင်ခဲ့ကြကာလ
ဟိုးအတိတ်က ဆိုင်းဆင့်စကား
ခက်ရင်းသွားနဲ့ ဗြောင်ဆူမတဲ့
(ပျဉ်းမနား နဲ့ တောင်ငူ) ဆိုပါကလား
အလင်းနှစ် ၁၀၀ က
ကြားနိုင်လောက်ပါတယ် ။
ရိုးမတိုက်ပွဲ
ဆေးတံကိုကိုက်ခဲလို့
'' တာကောဒီ '' တို့လူစု
ဖက်ဆစ်ကိုအံတုခဲ့ကြ
၁၉၄၅ ခု မတ်လ
''ဗန်မော်တင်အောင်'' ရသ
လတ်ဆတ်မွှေးမြခြင်း
တောင်ငူတမ်းချင်းလေ ။
တောင်ငူ ပျဉ်းမနား
အိမ်ဦးနဲ့ ကြမ်းပြင်အလား
ကဗျာသမား၊ စာသမား
နှလုံးသားဗဟိုဟ်ချက်မ
အရောင်အသွေး
မျဉ်းတစ်ပြေးတည်း
လက်သည်း နဲ့ လက်ထိပ်
ကဗျာကို သိပ်ချစ်ခဲ့ကြတယ် ။
လှံစွပ်လိုချွန်မြတဲ့
ကလောင်တစ်ချောင်းကို
ငါလိုချင်တယ် . . . တဲ့
မာယာကော့စကီး ရဲ့စကား
ငါတို့အားလုံး
လေးစားခဲ့ကြပါတယ် ။
ကဗျာရဲ့ နယ်ပယ်ဟာ
သစ္စာတရား
ထွန်းကားရာဖြစ်တယ် ။
မြင့်မြတ်တဲ့
ကဗျာရဲ့တံခါးဝ
ဖွင့်လို့ကြည့်ပါ ။

အလင်းတန်းဟာ
အတောင်ပံမပါဘဲ
ခြေထောက်မပါဘဲ
ရောက်လာပါလိမ့်မယ် ။
(ကဗျာဆရာဆိုတာ
ကမ္ဘာ က
အသိအမှတ်ပြုခြင်းမခံရတဲ့
ဥပဒေပြုသူဖြစ်တယ်)
ရှယ်လီပြောတဲ့စကား
မုသားဗလာ
သွေးထွက်အောင်မှန်ပါကလား
ပျဉ်းမနားသား
တောင်ငူသားတို့
ဘာများကောတတ်ဦးမှာလဲ ။
အချိန်ဟာတရားသူကြီးဖြစ်ပါတယ် ။
ကဗျာဟာသက်သေကောင်းဖြစ်ပါလိမ့်မယ် ။
တောင်ငူကဗျာ
ပျဉ်းမနားကဗျာ
(ပဒေသရာဇ်တမ်းချင်း)
ပန်းခင်းကို
မြင်းစီးကြည့်ခြင်းမဟုတ်
ပျဉ်းမနားသားငါ
တောင်ငူနဲ့အလှမ်းကွာ
ရေအိုး နဲ့ ရေမှုတ်ပမာ
နီးပါသော်လည်း
အရောက်ကျဲခဲ့
ရင်ထဲမချိခံစားမိ ။
မျက်လုံးချင်းဝေးနေကြပေမယ့်
နှလုံးသားချင်းနီးနေကြပါသတဲ့
ဟုတ်ကဲ့ . . . ဒီစကားနဲ့
သင်တို့ကို
လက်ဆောင်ပါးလိုက်ပါရဲ့               

                                      မောင်သင်းခိုင်
ရတုမြေ မဂ္ဂဇင်း
အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။