Tuesday, February 2, 2016

ရွှေင်္ဟသာရပ်ကွက်က ရွှေအ ၊ အောင်လွန်းမြိုင်

designed ; yla - thefourisland


ရွှေဟင်္သာရပ်ကွက်က ရွှေအ

________________________

ရွှေဟင်္သာက ရွှေအ ကပြောတယ်
အလောင်းပြန်သယ်လာရင်
အိမ်ရှေ့ကနေ ရေခွက်ကိုနောက်ပြန်ပက်ရတယ်တဲ့
ရွှေဟင်္သာကရွှေအ ဟာ
ညညဆို ဓာတ်မီးတလက်နဲ့ ဖားရိုက်ထွက်တတ်တယ်
တခါတခါ ဖားနှစ်ကောင်ထပ် အရွေလိုက်နေတာတွေ့ရင်
မရိုက်ခဲ့ မဖမ်းခဲ့ပါဘူး ဝဋ်လည်မှာစိုးလို့တဲ့
ရွှေဟင်္သာက ရွှေအ ဟာ သူတဖက်သတ်ကြိတ်ချစ်ရသူလေးရှိပါသတဲ့
သူထမင်းစားတိုင်း လျှာ ခဏခဏ ကိုက်မိတဲ့အကြောင်း
သူ့မှာ ခက်တိုနေတာ
မျက်နေတဲ့ ငါးရိုးကို ဘယ်လိုထွင်ရမလဲလို့မေးတယ်
ညည အိပ်မက်ထဲမှာ မကောင်းဆိုးရွားတွေ တွေ့ရသတဲ့
တခါတခါ သူကြိတ်ချစ်နေရသူလေးနဲ့ လည်းတွေ့ဆိုပဲ အိပ်မက်ထဲ
ရွှေဟင်္သာကရွှေအ ဟာ ချစ်စရာကောင်းသလို
စကားလည်းအလွန်များတဲ့ သနားစရာကောင်းသူပါ
မနေ့က သူနင်းနေတဲ့ တဝမ်းတခါးလေးပျောက်သွားတော့
မျက်နှာငယ်လေးနဲ့ သူလိုက်ရှာတယ်
ဟိုလူ့လိုက်မေး ဒီလူ့လိုက်မေးပေါ့  သူ့စကားကိုဘယ်သူမှနားမလည်ကြ
အဲ့ဒီအချိန်မှာ ငါရှိနေရင်အဆင်ပြေမယ်လို့ငါထင်မိတယ်
သူ့တဝမ်းတခါးလေးလည်း
ပြန်တွေ့ကောင်းတွေ့နိုင်မယ်လို့ စိတ်မကောင်းဖြစ်ရင် ငါငိုမိ
အတွေ့အမြင်ဘာသာစကားဖလှယ်နိုင်တဲ့ သူနဲ့ငါဟာ
အမှောင်တိုက်အတွင်းက ငယ်သူငယ်ချင်းတွေလေ
ရွှေဟင်္သာကရွှေအ ဟာ
ပြောစရာစကားတွေ အများကြီးနဲ့ " အ"လို့
ငါက မ " အ" ဘဲပြောစရာစကားအစ ရှာမရ
ဒီအကြောင်းအရာမှာလည်းပြောစရာရှိလျှက်နဲ့ " အ"ခဲ့ပါတယ် ။                  ။

                                                                           အောင်လွန်းမြိုင်