တစ်ယောက်တည်းမြို့ထဲလမ်းလျှောက်ခြင်း
____________________________________
ငါ့ကိုလမ်းတွေက မသိဘူး
လမ်းတွေကို ငါက မသိဘူး
ငါ့ကို မသိတဲ့လူတွေ ကမ္ဘာမှာ ခပ်များများ
ငါက မသိတဲ့လူတွေ ကမ္ဘာမှာ ခပ်များများ
ငါ့မသိခြင်းတွေကို ငါသိပြီးတဲ့နောက်
ငါဟာ တစ်ယောက်တည်းလမ်းလျှောက်ထွက်ခဲ့တယ် ။
ပန်းခြံတွေထဲမှာ အချစ်ရှိမယ်လို့ငါထင်တော့
ငါဟာ ပန်းခြံတွေထဲ ၀င်လာမိ
အချစ်ဆိုတာ လွတ်ထွက်သွားမှာစိုးလို့ လက်ချင်းချိတ်ထားရတဲ့အရာပဲ
အချစ်ဆိုတာ လန့်ပျံသွားမှာစိုးလို့ စကားတီတာ ပြောရတဲ့အရာပဲ
အချစ်ရှိမရှိ သိဖို့ နှုတ်ခမ်းချင်း ထိနမ်းကြည့်ရတာပဲ
အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်ပျော်ဖို့
ဖျော်ဖြေပေးနေရတဲ့အရာပဲ
ဒီလိုနဲ့ ငါအချစ်ကိုသံသယ ဖြစ်လာ
သံသယတွေနဲ့လှည့်ပြန်လမ်းလျှောက်လာခဲ့ပေါ့
ဟော အမှန်တရားတဲ့
လမ်းလည်လှည့် ဂျာနယ်ပွေ့ရောင်းသူတစ်ယောက်ရဲ့စကား
ငါ့နားက ကြားမိ
ငါဟာ အမှန်တရားကို သိချင်လာတယ်
ဈေးထဲမှာ အမှန်တရား ရှိမလား
မစဉ်းစားပဲ ထွက်ခဲ့
အမှန်တရားဆိုတာ အလေးခိုးထားတာသိရက်
ပါးစပ်က ပြောမထွက်လိုက်ခြင်းပဲ
အမှန်းတရားဆိုတာ မလတ်ဆတ်မှန်းသိရက်
မတတ်နိုင်တဲ့အဆုံးပြုံးပြ ၀ယ်သွားရခြင်းပဲ
အမှန်တရားဆိုတာ သားစိမ်းငါးစိမ်းတွေကိုကြည့်ပြီး
အော့အန်သွားတဲ့ ကလေးလေးပဲ
ဒီလိုနဲ့ အမှန်တရားကို မုန်းတီးလာ
မုန်းတီးခြင်းတွေနဲ့ငါဟာ ဈေးထဲက လှည့်ပြန်လာခဲ့တယ်။
ငါဘယ်သွားရမလဲ မသေချာ
ငါဘာရှာရမလဲ မသေချာ
ငါ ဘာလုပ်ရမလဲ မသေချာ
မသေချာခြင်းတွေသာ သေချာလာတဲ့နောက်
လမ်းကို ပြောင်းပြန်လျှောက်လိုက်တယ် ။ ။
တမျိုးနီ