Tuesday, May 21, 2013

မော်တင်စွန်းနေ့စွဲတချို့  ။ ။ ရန်လင်းအောင် ။











မော်တင်စွန်း နေ့စွဲတစ်ချို့ 

ပင်လယ်ရေလို ငန်ကျိကျိနဲ့
ဘ၀ဟာ၊ ဆားလို
စားရတယ်လို့ မရှိပါဘူး ။
နီးစပ်မှုများ၊ မီးဟပ်မှုများ နဲ့
ဝေးရာ. . . . . . . . . . . . .
သံဝေဂအတွေးဟာ
သဒ္ဓါယာဉ်ကိုအပြင်းမောင်းနှင်
ကုန်းတစ်တန်၊ ရေတစ်တန် ဒီခရီး
စေတနာသုံးတန် လမ်းကိုခင်းလို့
နီး လိုသလောက် နီးစေခဲ့ပြီ ။

ဒီလမ်း၊ ဒီခရီး
မြတ်ဗုဒ္ဓလည်းကြွခဲ့ဖူးသတဲ့၊
တဖုဿ ဘလ္လိကညီနောင်၊
အသောက နဲ့ အနော်ရထာ
ကျန်စစ်မင်း နဲ့ အလောင်းစည်သူ
သူမတူတဲ့ ကမ်းခြေကို အခြေပြု
နှစ်ပေါင်းထောင်ချီ
သာသနာမြေမဟီ တည်စေခဲ့ပြီ ။

သမိုင်းစကား၊ အတိုင်းသားမမြင်ရပေမဲ့
နဂါးတွေအကြောင်း၊
နတ်တွေအကြောင်း
ဆင်ဖြူတော်နဲ့ ၀ိဇ္ဇာဓိုရ်တွေအကြောင်း
ပြီးတော့ ရှင်ဘုရင်တွေအကြောင်းရောပေါ့
ရင်ပြင်ပေါ်ရပ်ရင်း ငေးမိ၊
ကျောက်ဆောင်တွေပေါ်ထိုင်ရင်း ဆွေးမိ၊
လှိုင်းတွေကြည့်ရင်း တွေးမိ၊
ပင်လယ့် အပြင် ပင်လယ်ပြင်ကို
ကူးခတ်ရဦးမလား
ပင်လယ်ထက် ပိုနက်တဲ့ ပင်လယ်
အတွေ့လွယ် မြင်ဖို့ခက်သားလား ။

ကျောက်ချပ်ကျောက်လွှာတွေလို
အင်မတန်မာရေကျောရေရှိလှတဲ့
ဘ၀အတန်တန်၊ ကံအထွေထွေ
အထပ်ထပ် ရစ်ပတ်ကျပ်ညပ်
ထွင်းနိုင် ဖေါက်နိုင်ခဲ့ပါရဲ့ လား . . . .

ဟိုမှာ
ကျောက်ချပ်ကျောက်လွှာတွေပေါ်
နေပူခံ ပျော်ရွှင်ဖွယ်ရာအတိုအစများ
လှိုင်းလုံးနဲ့ လူလုံး
လုံးချာလည်ကူးခတ်၊ ရယ်သံအော်သံများ
လိုရာပြည့်သလို ခံစားမိနေလေရော့သလား ။

ဒီမှာ
ခရုခွံ့ တွေသီပြီးလည်မှာဆွဲ
အုန်းရွက်ဦးထုပ်လေးဆောင်းလို့
အမှတ်တရဓါတ်ပုံအရိုက်
ဖျတ်ခနဲပြုံးပြရတာလည်း
အလွမ်းပဲ အဖတ်တင်ပေဦးတော့မယ် ။

 
ရင်ပြင်ခြေတော်ရင်း
ကြီးငယ်ရွယ်လတ်
လှိုင်းလုံးများလည်း လက်အုပ်ချီ
ဒီရေဦးတိုက် ဆင်းတက်ခိုက်မှာ
ရိုက်ခတ်ဟစ်ကြွေး ဂါထာသီ
တိုင်တည်စရာ အလီလီ
ရှိကောင်းရှိနိုင်မယ်ထင်ပါရဲ့  ။


နဂါးလမ်း ရှိတယ် ။
နတ်လမ်းရှိတယ် ။
ဆင်ဖြူတော်လမ်းနဲ့ ၀ိဇ္ဇာဓိုရ်လမ်းလည်းရှိရဲ့  ။
နဂါးမင်းရဲ့  ကုသိုလ်ထူးများ
လန်းခဲ့ကြကြောင်း၊ ဆန်းခဲ့ပါကြောင်း
ည ည မတီးပဲမြည်တဲ့ ခေါင်းလောင်းသံများ
သက်သေထူပါသတဲ့ ။

ဘုရားရိပ်ခိုဝင်နေကျ
ပင်လယ်လေဟာ
ကျောသားရင်သား၊ ကြမ်းတပြေးတည်းထား
မိခင်ခြေရာအမှီလိုက်လို့
အေးရိပ်ဖြူးဖြူး ချမ်းမြေ့ လှပေတယ် ။

သရန (ဏ) တောင်တော်ဦး
စိုင်တစ်မော့အရွယ်
ဆံတော်ရှင်ကမ်းရိပ်ထူးမှာ
လှိုင်းတွေက လူတွေလို
လူတွေက လှိုင်းတွေလို
အေးရိပ်ခို ကမ်းကပ်တဲ့ သဒ္ဓါဓါတ်တွေ
ရွှင်လို့၊ မြူးလို့
ငြိမ်းကြောင်း၊ ငြှိမ်းကြောင်းဝတ်မှုန်ကူးကြလို့ ။ . . . . . . . . . .။

ရန်လင်းအောင်
20.5.2013

















လိပ်ပြာလှတဲ့ မြို့  ။ ။ မင်းညွန့်လှိုင် ။






လိပ်ပြာလှတဲ့မြို့

ဝေမှောင်အုံ့ပျ                        
ရာဇ၀င်အမိုက်တိုက်ကိုမှ
ဆန်းကြယ်လှပအောင်
နတ်သျှင်နောင်ပေမို့သာ
မှော်ဓာတ်အပြည့်
လောင်ကျွမ်းတောက်ပနိုင်တော့တာ
စိမ်းမြပေလွှာတစ်ရွက်
ထက်ရှဓားလွတ်တစ်လက်နဲ့
မြို့ရိုးထက်ကစောင့်ကြပ်နေလေရဲ့။
 
လွမ်းရစ်တော့သက်လယ်ရယ်
မြေဖြူပေတဲ့လက်နဲ့ပဲ
သေနက်ကိုလည်းကိုင်ခဲ့ရပြန်တယ်
တော်လှန်စစ်မှသည်
ပြည်တွင်းငြိမ်းချမ်းရေးသို့
နှလုံးအိမ်မှာပူနွေးနေဆဲကို
လက်ဆင့်ကမ်းအလံတော်တစ်လက်
ဗိုလ်မှူးဖိုးကွန်းက
အမျိုးသားကျောင်းရှေ့မတ်မတ်ရပ်လို့။


သူ့ခေတ်နဲ့သူ့မြို့ကို
မျက်တောင်မခတ်ချောင်းကြည့်
အငမ်းမရစုပ်ယူပြီး
အိုက်စပ်ပိတ်လှောင် အမှောင်ခန်းလေးထဲက
ပုံကောင်းပုံလှများစွာ
ပြန်အန်ထုတ်ပေးရှာရဲ့
ရင်ခုန်နေတဲ့ကင်မရာတစ်လုံး
ကေတုဘုန်းမော်ရယ်လေ
ရွှေဆံတော်စောင်းတန်းက စောင့်ကြည့်နေတုန်း။

အမြဲတမ်းလုလင်တွေ အထိမ်းအမှတ်
လတ်ဆတ်နှလုံးသွေးများနဲ့ပင်
ဘ၀ကိုအနိုင်ပိုင်းပြီး
တုန့်ကနဲ ရပ်လိုက်လေသလား
ငွေယံဦး...နဲ့
ဇောသစ်...တဲ့
ကျောက်ဖြစ်သွားတဲ့ နတ်သားနှစ်ပါး
နုပျိုခြင်းရဲ့ရုပ်တုများလို
ငှက်သွင်ပျံကြွမတတ်သော်။        ။

                                  မင်းညွန့်လှိုင်
                                (၃၁-၁၂-၂၀၁၁)