သမိုင်းကြမ်း
လူတစ်စု နဲ့ ငိုကြီးချက်မ
လူတစ်စုနဲ့ လောင်မီးကျ
လူတစ်စုနဲ့ ဖွတ်ကျောပြာစု
လူတစ်စုနဲ့ ဓားပေါက်ခန်းတွေ
လူတစ်စုနဲ့ လက်လွတ်စပါယ် တို့မီးတွေ
လူတစ်စု နဲ့ ပေါက်လွှတ်ပဲစား ရှို့မီးတွေ
လူတစ်စုဟာ မျက်နှာစိမ်းတွေ
လူတစ်စုဟာ အဝတ်စိမ်းစိမ်းတွေနဲ့
လူတစ်စုဟာ စကားစိမ်းစိမ်းတွေနဲ့
လူတစ်စု ဟာ ဘယ်တော့မှ
ကျွတ်တမ်းမဝင်ချင်တဲ့ အစိမ်းသေတွေ
လူတစ်စုဟာ အလေနတောအစိမ်းတွေနဲ့
လူတစ်စုဟာ ရုပ်ပြောင်းရုပ်လွှဲနဲ့
လူတစ်စုဟာ လူစုလူဝေးကို မုန်းသတဲ့
လူတစ်စုဟာ လူစုလူဝေးကို မလိုတမာရှိလားရှိရဲ့
လူတစ်စု နဲ့ အိပ်ယာပျောက်တဲ့ညတွေ
လူတစ်စု နဲ့ လေနဲ့ဝမ်းမကွဲခဲ့တဲ့နေ့ရက်တွေ
လူတစ်စု နဲ့
လတ်လျားလတ်လျား မျှော်တလင့်လင့်နာတာရှည်တွေ
လူတစ်စုနဲ့
ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့မြေတွေ
လူတစ်စုနဲ့ ဘယ်သောင်ဘယ်ကမ်းမကပ်နိုင်သေးတဲ့
မြစ်ချောင်းအင်းအိုင်တွေ
လူတစ်စုနဲ့ ဗိုက်ပူနံကား ဘုစုခရုတွေ
လူတစ်စုဟာ လက်တစ်ဆုပ်စာလေးပါ
လက်တစ်ဆုပ်စာ လူတစ်စုရဲ့
လက်ထဲ သွက်သွက်ခါနေတဲ့ လူအုပ်ကြီးရှိတယ်
ဒီလူတအုပ်တမကြီးကို
အငြိမ်ဇယားဆွဲလိုက် အလှုပ်ဇယားဆွဲလိုက်နဲ့
ချာချာလည်နေတာကိုနိုင်ငံတော်သစ်
ကြီးလို့ ဇွတ်အတင်းအလွတ်ကျက်ခိုင်းတယ်
အဲ့ဒီ နိုင်ငံတော်ယောင်ဆောင်ထားတဲ့
လူတစ်စုနဲ့ အလောင်းချင်းထပ်ခဲ့
ဥလည်းကွဲခဲ့ အသိုက်လည်းမဲ့ခဲ့
မိသားစုဘဝတွေ ဟိုတစ်စ
ဒီတစ်စ ကောက်လို့မနိုင်ခဲ့
လူတစ်စုနဲ့ လက်မဲ့အလုပ်တွေ
လူတစ်စုနဲ့ အလုပ်မဲ့လက်တွေ
လူတစ်စုနဲ့ ရေးမကုန်နိုင်တဲ့
မဟားဒရားတွေ
လူတစ်စုနဲ့ အပြောကျယ်တဲ့ ကသီလင်တတွေ . . . . .
ဒီတော့ကာ
လူတစ်စုနဲ့ အရည်မရ အဖတ်မရ ခေတ်ကြီးထဲ
လူတစ်စုနဲ့ တောက်တိုမယ်ရပညာတတ်
ယောင်လည်လည်တွေသာ
အဖတ်တင်ခဲ့တယ် ။ ။
ရ န် လ င်းေ အာ င်