Friday, August 8, 2014
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားများကိုအသီးသီးယူဆောင်ပြီး တောအုပ်တခုမှာ ၀ါဆို၊ ၀ါကပ်ခြင်းပြုတော်မူကြပါသည်။ ရဟန်းတော်များ၏ မြင့်မြတ်လှသောသီလတန်ခိုးကြောင့် နေရာဖယ်ပေးရသော နတ်အချို့မှာ ရဟန်းတော်များတောအုပ်တွင်းမနေနိုင်အောင်ကြောက်စရာကောင်းသော အာရုံများ(ဥပမာ - အစွယ်တကားကားနှင့်ဘီလူးကြီးပုံများ၊တစ္ဆေ၊ သရဲပုံများ၊ အော့အန်ချင်စရာကောင်း
လောက်သောအပုပ်နံ့များ) အာရုံအမျိုးမျိုးဖြင့် ခြောက်လန့်ကြပါသည်။ ရဟန်းတော်များသည်
အမျိုးမျိုးသောအာရုံများမြင်ကြပြီး ကမ္မဌာန်းတရားကို ဖြောင့်အောင်နှလုံးမသွင်းနိုင်ကြဘဲ
 စိတ်ဓါတ်များခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်၊
 ဇေတ၀န်ကျောင်းတော်ကိုပြန်သွားကြပါသည်။ ထိုအခါ မြတ်စွာဘုရားက " ချစ်သား
ရဟန်းတို့၊ မေတ္တာတရားပွါးများပြီး ကမ္မဌာန်းတရားကို အားထုတ်ကြပါ။ မေတ္တာလက်နက်ကို ယူဆောင်ပြီးတောအုပ်သို့ပြန်သွားကြပါ " ဟု တိုက်တွန်းတော်မူခဲ့ပါသည်။
 မေတ္တာသုတ်ဒေသနာတော်ကိုလည်း ဟောကြားပေးတော်မူလိုက်ပါသည်။
 မေတ္တာသုတ်ဒေသနာတော်အား ဟောကြားတော်မူသောနေ့မှာ ၀ါခေါင်လပြည့်နေ့ ဖြစ်ပါသည်။ 
ရဟန်းတော်များသည် မြတ်စွာဘုရား၏ စကားတော်အတိုင်း နတ်၊ ဗြဟ္မာများအား မေတ္တာပို့ပြီး တရားအားထုတ်သောအခါရဟန်းတော်များ၏ မေတ္တာများကြောင့် နတ်၊ ဗြဟ္မာများသည် ချစ်ခင်လာကြပြီး အရင်လိုမခြောက်လှန့်တော့ဘဲ ငြိမ်းချမ်းစွာနေကြပါတော့သည်။ ရဟန်းတော်ငါးရာတို့လည်း ၀ါခေါင်လအတွင်း တောအုပ်ထဲမှာပင်ဒုတိယ၀ါကပ်တော်မူကြပြီး မေတ္တာတရားများကိုပွါးများရင်း ၀ိပဿနာတရားတော်များကိုဆက်လက်အားထုတ်တော်မူကြပါသည်။ ရဟန်းတော်ငါးရာတို့သည်လည်း
 ဖြစ်တော်မူကြပါသည်။ဂေါတမမြတ်စွာဘုရားသည် ရဟန်းတော်ငါးရာတရားအားထုတ်သောအခါ စိတ်ချမ်းချမ်းသာသာသဖြင့်တရားအား ထုတ်နိုင်ကြစေရန် မေတ္တာသုတ်ဒေသနာတော်မြတ်အား ၀ါတွင်းကာလ ၀ါခေါင်လပြည့်နေ့တွင် ဟောကြားတော်မူခဲ့ခြင်းကိုအကြောင်းပြုပြီး ၀ါခေါင်လပြည့်နေ့အား
 မေတ္တာအခါတော်နေ့အဖြစ် အထိမ်းအမှတ်ပြုလုပ်ရခြင်းဖြစ်ပါသည်။ 
မေတ္တသုတ်တော်လာ မေတ္တာပွါးနည်း (၁၁) နည်း
(၁) လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၂) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၃) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၄) ဝေးနေ, နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၅) ဘ၀ဇာတ်ဆုံး, မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၆) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၇) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၈) ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၉) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(၁၀) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(၁၁)ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
  မေတ္တာပို့သမှု အကျိုး (၁၁) ပါး
(၁) ချမ်းသာစွာ အိပ်ရခြင်း၊
(၂) ချမ်းသာစွာ နိုးရခြင်း၊
(၃) မကောင်းအိပ်မက် မမြင်မက်ရခြင်း၊
(၄) လူတို့ ချစ်ခင်နှစ်သက်ခြင်း၊
(၅) နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး, အဆိပ်, လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပြခြင်း၊ 
( ၁၀) မတွေဝေဘဲ သေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
ဆောင်ပုဒ်။        ။ အိပ်, နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူနတ်၊                                                                          
                         စောင့်လက်နက်များ၊ မီး, ဆိပ်, ဓါးတို့၊ ရှောင်ရှားကိုယ်မှာ၊
                         လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊                                     
                        ဆယ့်တစ်ဖြာသည်၊ မေတ္တာပွါးမှု  အကျိုးတည်း။
                        တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊                                                                                  
                        မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊                       
                     မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ  မိန့်ခွန်းတည်း။ 
ေ ခြ ရာေ ဖျာ က် မြ ကြိုး ကြာ ၊ မင်းညွန့်လှိုင်
ေ ခြ ရာေ ဖျာ က်  မြ ကြိုး ကြာ
ဝေးခဲ့ပြီ
ဒါပေမယ့်နီးနေဆဲ။
အတိတ်တွေကို
တိပ်ခွေလိုပြန်ရစ်
အသစ် အသစ် ဖြစ်ဖြစ်နေတယ် ။
ဒေဝီရေ ဒေဝီရေ
ကြေမွနေတဲ့ တစ်ခြမ်းပဲ့နှလုံးသားအောက်ခြေက
တမ်းတသံစဉ်တွေ ။
အချစ်မဟောင်းသေး
စစ်တောင်းနံဘေးက
စိမ်းလန်းအေးမြ ဖော်ဝေးရွာမှာ
ဗဟုဇန အလှကိုရှာ
နာကျင်စွာကြင်နာတတ်သူ ။
မြရောင်နဲ့ရေချိုး
ရိုးမထမ်းပိုးတန်းက ပန်းရိုင်းပွင့်သစ်
ရင်နှစ်ရုန်းထ
သူစိမ်းတရံစာတွေ မနာလိုအောင်ချစ်ပြသူ ။
တခါတခါ
ရတုဘုရင်ရဲ့အင်ပါယာမှာ
ဒါမှမဟုတ် ငါ့အုတ်တွင်းမှာ
သီချင်းတွေနဲ့လက်ဖက်ရည်ဆိုင်
ခေတ်ပြိုင်ယဉ်ကျေးမှု
ထုထည်အဟုန်ကြီးမား
တပ်မက်တုန်ခါခံစားသူ ။
ဝေမှောင်အုံ့ပျ
ညတွေကိုခြွေချဖို့
ရင်ကွဲမတတ် အရုဏ်ကိုငတ်မွတ်သူ ။
ပန်းနုရောင်အို နွေဦးကို
ဂျေ-ဖူးချစ်နည်းတူ
သူလည်းစောင့်လင့်ကြိုမောခဲ့ ။
ခု သူဘယ်မှာလဲ
တစ်ဝက်ကြေကွဲ တစ်ဝက်ရဲရင့်
နှင်းဆီပွင့်တွေကြွေတဲ့ည
မှန်းဆရင်ခုန် သိုက်မြုံဝေးတဲ့ငှက်တစ်ကောင်ရယ် ။
ရာဘင်ဒြာတေလေငှက် မဟုတ်
ခရမ်းပြာဝီရငှက် ဟုတ်တယ် ။
လေဆန်လမ်းထဲ
မြားတန်းလန်းနဲ့ပျံသန်းရဲ
အရှေ့ဘက်အစိမ်းရောင်မှာဝဲ
သက်ရင့်ကောင်းကင်ကိုခွဲ
စွဲမြဲယုံကြည်နေဆဲလေ။
ညပေါင်းများစွာ
ငါသူ့ကိုတွေး ဆွေးတဲ့အခါ
ဆာလံအမှတ်(၁၂၆) အခေါက်ခေါက်ဖတ်မိတယ် ။
"မျက်ရည်ကျလျက်ကြဲရန်မျိုးစေ့ကို
ဆောင်၍ထွက်သွားသောသူသည်
ကောက်လှိုင်းများကိုဆောင်လျက်
ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်။"
ခင်ဝမ်းရဲ့
လွမ်းဘွယ့်မိုးဦးရေဆန်
မနက်ဖြန် သို့မဟုတ် ဘယ်သောခါ ။         ။
                                          မင်းညွန့်လှိုင်
                              ရွှေသမင် စက်တင်္ဘာ ၁၉၉၄
မေတ္တာ အခါတော်နေ့
မေတ္တာအခါတော်နေ
********************
မြတ်ဗုဒ္ဓလက်ထပ်က ရဟန်းတော်၅၀၀တို့သည်
မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားအားထုတ်နည်းများ
နာယူမှတ်သားပြီး ဟိမဝန္တာနှင့် တစ်စပ်တည်း လူသူမနီး တောကြီးမျက်မည်းထဲ၌ နေလျက် တရားအားထုတ်နေကြသည်။
ထိုရဟန်းတော်များသည် "လောကီနယ်မှထွက်ပြီး လောကုတ္တရာသက်သက် လုပ်နေသူများဖြစ်သည်"ဟု ယူဆကာ
ပတ်ဝန်းကျင်ကိုသတိမထားပဲ ဝိပဿနာသက်သက်သာ အားထုတ်နေကြသည်။
"မေတ္တာလည်းပြု"
ဟူသော ရဟန်းဝတ္တရား သတိမထားမိကြပေ။
ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် မကောင်းဆိုးဝါးများသည် ထိုရဟန်းတော်တို့၏ အနီးအနား၌ မနေနိုင်ကြ။ သူတို့ကလေးငယ်များခေါ်ယူပြီး တစ်ခြားနေရာသို့ သွားရောက်နေထိုင်ကြရသည်။ ရဟန်းတော်များပြန်နိုးပြန်နိုး စောင့်ဆိုင်းနေသော်လည်း ပြန်မည့်အရိပ်အယောင်မတွေ့ကြရ
ဝါလည်းဆိုသွားပြီ။ဝါမကျွတ်မချင်း ပြန်ကြမည်မဟုတ်။
ထိုနေရာပတ်ဝန်းကျင်၌ သူတို့ရှိနေသဖြင့် မကောင်းဆိုးဝါးများလည်း ကိုယ့်နေရာကိုယ်မပြန်ရဲကြချေ။
ထို့ကြောင့် မကောင်းဆိုးဝါးများက
သူတို့စွမ်းနိုင်သလောက် မကောင်းသော အဆင်း-အသံ-အနံ့-တို့ဖြင့် ဒုက္ခပေးကြလေသည်။ရဟန်းတို့လည်း အအိပ်ပျက်အစားပျက် ကျန်းမာရေးချို့တဲ့ပြီး
တရားကောင်းကောင်း
အားမထုတ်နိုင်ကြ ။
ရည်မှန်းသည့်အတိုင်းတရားထူးမရကြ။
ထို့ကြောင့်ယင်းနေရာတွင်ဆက်မနေပဲ
မြတ်ဗုဒ္ဓထံပြန်သွားကြလေသည်။
မြတ်ဗုဒ္ဓကထိုရဟန်းတော်များအတွက်
ထိုနေရာသည်သာအသင့်လျော်ဆုံး
ဖြစ်သည့်အတွက် ရဟန်းတော်များအဆင်ပြေအောင်
မေတ္တာပွားနည်းနှင့်တကွ ဤဝါခေါင်လပြည့်နေ့၌ မေတ္တာသုတ်တော်ကို
ဟောကြားခဲ့လေသည်။
"မေတ္တာပါသောနှုတ်သံ
မေတ္တာပါသောဝစီကံ "ဖြင့်လည်း
မေတ္တာသုတ်တော်ကို ရွတ်ဆိုခြင်း
မေတ္တာပို့ခြင်းများပြုလုပ်ကြသည်။
မေတ္တာပါသောအကြည့်အရှု
အနေအထိုင်-အပြုအမူ -စသော
ကိုယ်အမူအရာတိုင်းမှာလည်း မေတ္တာကာယကံဖြင့် ပြုမူဆောင်ရွက်ကြသည်။
""မေတ္တာသည် အလျားအနံမရှိသော်လည်း အသွားအပြန်တော့ရှိသည်"'
ဆိုသည့်အတိုင်း မေတ္တာစိတ်ဓာတ်ရိုက်ခက်မှုကြောင့် ချစ်မြတ်နိုးဖွယ်ကောင်းသော
ကိုယ်နှုတ်အမူအယာများကို မြင်ရသော
မကောင်းဆိုးဝါးများသည် စိတ်ဓာတ်နူးညံ့သွားပြီး ရဟန်းတော်တို့ကို
ဆီးကြိုကြသည်။
ရဟန်းတော်တို့အနီး
နေထိုင်သွားနိုင်ကြသည်။
""မေတ္တာကောင်းမှာ ရန်တကာ
ပယ်ခွာ ရေချမ်းအိုး""
(သုတရတနာဆုံးမစာ)
ထိုရဟန်းတော်များသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသွားသဖြင့် တရားအားထုတ်နိုင်ကြသည်။
မကြာမီ အာသဝေါကုန်ခမ်း ရဟန်းကိစ္စပြီးမြောက်သွားကြသည်။
ထိုရဟန်းတော်များပင် ပတ်ဝန်းကျင်နှင့်မကင်းနိုင်လျှင်
မည်သူမဆို ဘယ်နေရာမှာနေနေ
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန် တာဝန်ကိုယ်စီရှိသည်ကိုလည်းကောင်း
ရှိသည့်တာဝန်ကျေပွန်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း
ဤမေတ္တာအခါတော်နေ့ကညွှန်ပြနေသည်။ လူ့လောကကြီးအတွက် ပတ်ဝန်းကျင် ခြောက်မျိုးခွဲခြားပြီး
သိင်္ဂါလသုတ်၌ မြတ်စွာဘုရားဟောကြားခဲ့သည်။
ယင်းတို့မှာ
"""၁။မိဘနှင့်သား
၂။မယားနှင့်လင်
၃။အရှင်နှင့်ကျွန်
၎။ထေရ်မွန်နှင့်ဒကာ
၅။မိတ်သဟာနှင့်
၆။ဆရာ တပည့်
တည့်တည့်မချွတ် ကျင့်ဝတ်စုံလင်
ဖြူသန့်စင်မူ ရှင်လည်းမကွေ
သေလည်းမကွာ။"''(သင်္ဂဇာဆရာတော်)
ဤမေတ္တာသုတ် ကိုကြည့်ခြင်းအားဖြင့်
မေတ္တာသည် မနောကံဖြစ်သော်လည်း
မေတ္တာစိတ်ကြောင့်ဖြစ်သော
ကိုယ် -နှုတ် -အမူအရာ -စိတ္တဇရုပ် မေတ္တာကာယကံ -မေတ္တာဝစီကံ ပေါ်လွင်အောင်ပြုမူ ဆောင်ရွက်ဖို့လိုကြောင်း နားလည်ရပေမည်။
®®®®®®®®®®®®®®®®®®®
®®®®®®®®®®®®®®®®®®®
တစ်ခါတုန်းက ငါးရာသံဃာ
မြတ်စွာထံပါး တရားမြတ်နာယူ
မြိုင်မဟာထဲ ကြွချီလှမ်း၍
ဟိမဝန္တာ ရွှေပြည်အဝေး
ထားအပ်စိတ်ဖြင့် မြတ်တရားကို
နေ့ ညဥ့်မပြတ် ပွားများအပ်လည်း
တရားထူးမြတ် မရလေပဲ
ခန္ဓာအဆင်း ကြုံလှီခြင်းနှင့်
သမာဓိတရား မရှိငြားပေ။
မကောင်းမှုများ နှောင့်ယှက်လေ၏။
ထို့နောက်သောအခါ ငါးရာသံဃာ
မြိုင်မဟာမှ ကြွချီလှမ်း၍
ကြိုးစားမရ ဘာဝနာအလုပ်ကို
ဗုဒ္ဓထံပါး လျှောက်ထားချေသော်
မြတ်စွာဗုဒ္ဓ ထုတ်ကာဟောသည်
မေတ္တသုတ္တန် ဒေသနာအမှန်ကို
နာပြီးခဏ ပြန်ကာကြွသည်
ဓမ္မတဖန် အားထုတ်ပြန်ဖို့
ယခင်ကစ မြိုင်မဟာသို့
ဝနသည်ကား သပ္ပါယဟု
မြတ်ဗုဒ္ဓက ဆိုသောကြောင့်တည်း။
တန်ခူးမှစ တပေါင်းတိုင်အောင်
ဆယ့်နှစ်လအတွင်း ရွှင်ပျော်မွေ့ဖွယ်
ပြုလေသောကြောင့် လမြတ်ဝါခေါင်
တနည်းမှတ်ဖွယ် ထူးခြားဖြစ်ရပ် အာရုံမှတ်လျက် လမြတ်ဟုလည်း
သတ်မှတ်ခေါ်မည် ခါတော်လပြည့်
မှတ်လေ့ မေတ္တသုတ္တန်ဟောသည်တည်း။
®®®®®®®®®®®®®®®®®®®®
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
                                       ဓမ္မဘက်တော်သား ဧရာဝတီ
          https://www.facebook.com/buddhasonlu?fref=nf မှကူးသည် ။