Thursday, October 10, 2019

လူညံ့တစ်ယောက်ရဲ့ မှတ်စု - လင်းသက်ငြိမ်

လူညံ့တစ်ယောက်ရဲ့မှတ်စု
_________________ လ င်း သ က် ငြိ မ်

လမ်းဘေးကကျောက်ခဲလေးတွေသိတယ်
ဗလာစာအုပ်တွေသိတယ်
ဘောလ်ပင်လေးတွေလည်းသိတယ်
အရှုံးနဲ့ရေစက်ရှိခဲ့သူရဲ့နေ့စွဲတွေမှာ
ကောင်းကင်ကြီးလည်းပြာချင်တဲ့အချိန်ပြာတယ်
နေကလည်းသာချင်သာတာပါပဲ
သူလိုကိုယ်လို သာမာန်ပျော်ရွှင်မှုလေးနဲ့
မတင်းတိမ်တတ်တာဝဋ်ကြွေးပေါ့
အပေါစားဟာသတွေကိုမရယ်တတ်ဘူး
အကောင်းစားညစာစားပွဲတွေမတက်ဖူးဘူး
ဘဝဟာ အလိုအလျောက်စီးဆင်းနေတဲ့ရေတံခွန်ပဲ
မရပ်မနားပြဇာတ်ပဲ
လည်ပတ်နေတဲ့ ယန္တရားပဲ
လှလှပပ လွင့်မျှောဖူးတဲ့အိပ်မက်တွေ
စိမ်းလန်းနုသစ်တဲ့စိတ်ကူးတွေ
အလွယ်တကူ အလံဖြူပြတတ်တဲ့ရင်မှာ
ဒဏ်ရာဒဏ်ချက်အသစ်အသစ်တွေနဲ့
တထစ်ပြီးတထစ် ငါ့လှေကားထစ်များ
အချိုးအကွေ့သာများများလာတယ်
အပေါ်ထပ်သို့ဆိုတဲ့လမ်းညွန်ဆိုင်းဘုတ်နဲ့
တစ်ခါမှမတိုးခဲ့ဖူးဘူး။

လင်းသက်ငြိမ်



ကျနော့်စက်ဘီး - အနီ

📝 ကျေ နာ့် စ က် ဘီး 📝
________________________ အ နီ

သူ့အသံ ကလင်ကလင်ဟာ
ကျနော်ပြန်မလျှောက်နိုင်တော့မယ့်လမ်းလား။

သူ့ခြင်းကလေးထဲကကျနော့်လွယ်အိတ်ဟာ
ကျနော်ပြန်မမြင်နိုင်တော့တဲ့ရှုခင်းလား။

လယ်ကွင်းတွေကိုကျနော်ဖြတ်ခဲ့။
မြေနီလမ်းကြမ်းကိုကျနော်ဖြတ်ခဲ့။
ကားတွေကြားကျနော်ဖြတ်ခဲ့။
အားလုံးကိုဖြတ်ကျော်ခဲ့ပြီးမှ
မြစ်တွေကိုဖြတ်ရတဲ့အခါ...
ပင်လယ်ကိုဖြတ်ရတဲ့အခါ...
သမုဒ္ဒရာကိုဖြတ်ရတဲ့အခါ...
ကျနော်သူ့ကိုအယုံအကြည်မဲ့လာတာ..
သူ့မှာခွန်အားမရှိတော့ဘူးလို့ထင်ခဲ့တာ...
အဖေ့ထင်းရုံထဲဖြစ်သလိုထားခဲ့တာ။ ။

ဟောဒီလေလှိုင်းတွေထဲကနေ
ကျနော်ဖမ်းဆုပ်မိထားတဲ့အသံတွေအများကြီးရှိတယ်။
ဝမ်းသာအားရလက်ဝါးကိုဖြန့်ကြည့်လိုက်တဲ့အခါ
သူ့အသံဟာပါမလာဘူး။
ဝမ်းနည်းရုံပါပဲ..
ကျနော်သူ့ကိုဖုန်းဆက်မရဘူးလေ။။

အ နီ





လူရာဝင်ချင်တဲ့ တောက်တဲ့တစ်ကောင်

လူရာဝင်ချင်တဲ့ တောက်တဲ့တစ်ကောင်
_____________________________
_________________မောင်သက်ငြိမ်

ဆွေးမြေ့ဟောင်းနွမ်းစက်ရုံအိုကြီးထဲ
အရာရာနေ့စဉ်ညဆက်
လူခြေတိတ်ပြီဆို ရင်ဘတ်ကြီးညှစ်ညှစ်ပြီး
တောက်တဲ့ဆိုတဲ့ ငါ
တောက်တဲ့မှန်းသိအောင် တောက်တဲ့- - -
တောက်တဲ့ လို့
အာခေါင်ခြစ်အော်
ကိုယ့်ကို ကိုယ်ဖော် မသူတော်လား
သစ်ကိုင်းကျိုးသံကြားတိုင်း ထပြေးတတ်တဲ့
ခပ်ညံ့ညံ့ ယုန်သူငယ်တကောင်တော့မဟုတ်ဘူး
ကျုပ်အော်သံကြားတိုင်း စီးပွားတက်မယ်ယုံတဲ့
အောက်သိုးသိုးအပျိုကြီးတွေက
ကျောချင်းကပ်ထားချင်လောက်အောင်
ကျုပ်က တယ်ပြီးဆရာကျသကိုး
ယောင်နေတဲ့ခေတ်မှာ
ငေါင်နေတဲ့ကောင်မဟုတ်ဘူး
မလွယ်မှန်းသိတာတွေကို(လွယ်အိတ်အပြည့်)
လွယ်ထားချင်တဲ့ကောင်
မိုးလေဝသမမှန်တာလည်း တောက်တဲ့နဲ့မဆိုင်ဘူး
မြေကြီးလက်ခတ်လွဲသွားတာလည်းတောက်တဲ့နဲ့
မဆိုင်ဘူး
``ကျား´´မြင်တိုင်းလမ်းဘေးအိမ်သာလို့မြင်တာလည်း
တောက်တဲ့နဲ့မဆိုင်ဘူး
ခရိုနီတွေလက်ပေါက်စိပ်ခဲ့လို့မြေယာမဲ့များသွားတာ
လည်းတောက်တဲ့နဲ့မဆိုင်ဘူး
NCA လက်မှတ်ထိုးတာလည်းတောက်တဲ့နဲ့မဆိုင်ဘူး
တွေးမိတာ
တောက်တဲ့ယောင်ဆောင်ထားတဲ့ကောင်တွေက
တောက်တီး တောက်တဲ့နဲ့
တောက်တဲ့ . . . . တောက်တဲ့ လို့ရောယောင်အော်နေရင်
ခေတ်ကြီးတခုလုံး အရိုးပေါ်အရေတင်နေမှာကိုပဲ
အားနာတယ်။               ။

မောင်သက်ငြိမ်



အဖေမဖတ်ဖူးသေးတဲ့ကဗျာ - သစ်ပင်

အဖေမဖတ်ဖူးသေးတဲ့ကဗျာ
________________________________________________ သ စ် ပ င်

အဝေးပြေးကားဂိတ်မှာ
အဝေးသွားမယ့်သားကို
ဖအေက နမ်းတယ်
ကျွန်တော်လည်း အဝေးသွားသူမို့
အဝေးက အဖေ့ကိုလွမ်းတယ်

သူဌေးကြီးတစ်ယောက်ကပြောတယ်
သမီးကျွေးတဲ့လက်ဖက်တစ်ရိုးဟာ
တယ်ချိုဆိုပဲ
ဒီတစ်ခါရွာပြန်ရင် လက်ဖက်ဝယ်သွားမယ်

အသက် ၆၀ သားကို
အသက် ၉၀ အမေက
လမ်းကူးရင်သတိထားကူးဖို့
သတိပေးသံကြားဖူးတယ်
အဖေ့ကိုတွေ့ရင်
မြို့မှာလမ်းကူးရတာ
အန္တရာယ်များကြောင်း ပြောပြမယ်

သားဆိုးလေးကို
ကျောင်းမှန်မှန်တက်ရင်
ဆယ့်ငါးသိန်းတန်ကွန်ပျူတာဝယ်ပေးမယ်လို့
အဖေတစ်ယောက်ပြောသံကြားဖူးတယ်
သင်တန်းတွေ မှန်မှန်တက်ပါတယ်
ဘတ်စကားခလေး အဖေပေးမလားလို့ပါ

သား,သမီးနှစ်ယောက်ကိုငဲ့လို့
အသက်သုံးဆယ်မုဆိုးဖိုဟာ
ချစ်ရသူကိုလက်မထပ်တဲ့အခါ
ဒီဇာတ်လမ်းကို
အဖေ့ကိုမပြောဖြစ်ပါ
ဒီတစ်ခါရွာရောက်ရင်
အဖေ့နောက်မိန်းမကို
'အမေ'လို့ခေါ်မလို့ပါ

အဖေများစိတ်ချမ်းသာမလားလို့ပါ
ဒီကဗျာကို အဖေမဖတ်ဖူးပါ။

သစ်ပင်
MAY 3,2014

[မန္တလေး-မြစ်ကြီးနား ရထားပေါ်တွင်ရေးသည်]





တဖက်ပြီးတဖက် ဆိုးပေ - လွင်နောင်နောင်

တဖက်ပြီးတဖက် ဆိုးပေ
__________________လွ င်ေ နာ င်ေ နာ င်

ညနေစောင်းရင် ဆိုးပေမူးနေပြီ ...
အကြော်သည်အမေကြီးကတော့
ဆီညှော်နံ့တွေကြား
မျက်ရည်တဖက်
ဒုက္ခမီးခိုးတဖက်။

နဲနဲမှောင်လာရင်ဆိုးပေ စဆဲပြီ...
အကြော်သည်အမေကြီးကတော့
အိုးမဲပေနေဆဲ ပါးခွက်ခွက်တဖက်
သောကမျက်ရည်တဖက်။

ညဦးရောက်ရင်ဆိုးပေ ရမ်းကားပြီ...
အကြော်သည်အမေကြီးကတော့
မရှိမဲ့ရှိမဲ့ချက်ထားတဲ့ ကြက်သားဟင်းက တဖက်
မေတ္တာမီးခွက်တဖက်။

ညနက်လာရင်ဆိုးပေရန်ဖြစ်ပြီ...
အကြော်သည်အမေကြီးကတော့
ဘုရားစာရွတ်တဲ့နှုတ်ကတဖက်
သားကိုဆွဲတဲ့လက်ကတဖက်။

တော်တော်မှောင်ပြီးလို့
တော်တော့်ကိုမှောင်နေပြီဆိုရင် ...
အမူးလွန်နေတဲ့ဆိုးပေကတဖက်
မနိုင်မနင်းတွဲနေတဲ့
အကြော်သည်အမေကြီးတဖက်။           ။

 
လွင်နောင်နောင်



တောသား - မောင်ကြူးရင့်

📝 ေ တ ာ သ ာ း 📝
______________________ မောင်ကြူးရင့်

အိုင်ယာလန်ထီပေါက်ချင်တယ်
ကမ္ဘာ့အကောင်းဆုံးလေယာဉ်ကို
စင်းလုံးငှားစီးခရီးသွားမယ်
အကောင်းဆုံးကြယ်ငါးပွင့်ဟိုတယ်မှာနေမယ်
အကောင်းဆုံးအရက်သောက်မယ်
အကောင်းဆုံးမီနူးမှာစားမယ်
အလှပဆုံးအလှမယ်နဲ့လျှောက်လည်မယ်
အလှပဆုံးနေရာတွေကိုသွားမယ်
အလှပဆုံးကိုယ်လုံးတီးကျွန်းကိုကြည့်မယ်
တောသားပီ ဝဝစား ဝဝအိပ် ဝဝပျော်မယ်
ပြီးရင်ကျန်ငွေအားလုံးကို
ကမ္ဘာ့စစ်ဘေးဒုက္ခသည်တွေအတွက်
အားလုံးလှူဒါန်းခဲ့မယ်
ပြီးရင်မူလတောသားဘဝအတိုင်းပြန်နေမယ် ။

                မောင်ကြူးရင့်
               ၂၁့  ၆့  ၂၀၁၆



မြွေ - ဝင်းသိန်းထွေး

***ေ မြွ ***
_______________ ဝင်းသိန်းထွေး

အဲ့ဒီအဖြစ်အပျက်မတိုင်ခင်လေးကမှ
မြွေဟာ
ကြိုးတစ်ချောင်းပုံချထားသလို ခွေနေတယ်။

နောက်တော့
ရေနွေးပူပူနဲ့တွေ့တဲ့
မျိုးကောင်းရိုးကောင်းလက်ဖက်ခြောက်တွေ အလိမ်ပြေလာသလို
သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်တယ်။

မြွေဟာ
ပွင့်နေတဲ့တံခါးပေါက်ကနေ
မိန်းကလေးနေနေတဲ့အခန်းထဲ တွားဝင်လာတယ်။

မိန်းကလေးငယ်ငယ်ကတော့
အလှပြင်မှန်တင်ခုံရှေ့အကျအနထိုင်ကာ
ရောင်စုံလက်သည်းဆိုးဆေးအစုံစုံနဲ့
သူမလက်သည်းတွေအပေါ် `ကော်ဇောကွက်ပုံ´ပုံဖော်နေလေရဲ့။

မိန်းကလေးက
သွားကြားထိုးတံကလေးနဲ့
အဖြူရောင်ဆေးသားကိုကော်ပြီး
ညာဘက်လက်ခလယ်ရဲ့လက်သည်းခွံပေါ် အစက်ချနေချိန်မှာ
မြွေဟာ 
ကြည့်မှန်မှန်ပေါင်အခုံးထက်ရောက်နေပြီ။

သင်္ကာမကင်းစရာအနံ့ကြောင့်
မှန်ဆီအကြည့်ရောက်သွားတော့
သူမဦးခေါင်းထဲ တိုးဝင်နေတဲ့မြွေတစ်ကောင်
တစ်ကိုယ်လုံးနက်မှောင်လို့။

ကြည့်မှန် မှန်သားထဲကတဆင့်
သူမခေါင်းထဲ ထိုးခွဲဝင်ရောက်နေပုံမှာ
ဘယ်တော့မှ ပြန်ထွက်မလာတော့မယ့်အတိုင်း
အဲဒီမြွေ ။ ။

ဝင်းသိန်းထွေး



တောင်ကုန်းကလေး - အနီ

တောင်ကုန်းကလေး
_____________________ အ နီ

တောင်ကုန်းကလေးဆိုတာ
တောင်အမြင့်ကြီးမဟုတ်တာဝမ်းသာစရာပဲ။

တောင်အမြင့်ကြီးတွေပေါ်ကျနော်မတက်နိုင်တဲ့အခါ
ကျနော်တက်နိုင်တဲ့တောင်ကုန်းကလေးတွေရှိတယ်။

တောင်ကုန်းကလေးပေါ်ရောက်တဲ့အခါ
တောင်အမြင့်ကြီးပေါ်ရောက်နေသလို
အရာရာကိုအမြင့်ကကျနော်မြင်ရ။

တောင်အမြင့်ကြီးပေါ်ကရှုခင်းတွေထက်
တောင်ကုန်းကလေးပေါ်ကရှုခင်းက
ကျနော်နဲ့ပိုနီးကပ်။

တောင်အမြင့်ကြီးပေါ်ကအော်တဲ့အသံထက်
တောင်ကုန်းကလေးပေါ်ကအော်တဲ့အသံက
ကျနော့်အတွက်ပိုလတ်ဆတ်။

တောင်အမြင့်ကြီးတွေတွေဆီ
နွေဦးဟာဘယ်တော့မှမရောက်နိုင်ပေမဲ့
တောင်ကုန်းကလေးတွေဆီကိုတော့
ခေါက်တုံ့ခေါက်ပြန်ရှိရဲ့။

လုံလောက်နေပါပြီ...
တောင်ကုန်းကလေးဆိုတာ
တောင်အမြင့်ကြီးမဟုတ်တာ
ဝမ်းသာစရာပဲမဟုတ်လား။ ။

အနီ



ကင်ဆာ - ဝင်းမင်းစိုး - မိတ္ထီလာ

" ကင်ဆာ "
_____________________________

အမြစ်တွယ်ပြီဆိုကတည်းက
အရွက်တွေကြွေပြီးသား -

                    
ဝင်းမင်းစိုး(မိတ္ထီလာ)



ခေါင်လန်ဖူး - စဝ်ခွန်ချို

ခေါင်လန်ဖူး
________________ စဝ်ခွန်ချို

အနောက်တောင်
မုတ်သုန်လေနဲ့အတူ
တိမ်လွှာတိမ်စိုင်ဖုံးအုပ်ထားတဲ့
တောင်အထပ်ထပ်က
ခြားနားထားတဲ့တံတိုင်းကြီးများလား---

လေထုကအသံ 
အောက်ကိုသာကြည့်
အပေါ်မော် မကြည့်နဲ့
ပေါ်လာတဲ့ အစက်ပျောက်ကြား
အတွေးတချို့ကဘောင်ဘင်ခတ် ----

ခေါင်လန်ဖူး...ရေ
အမိုးအကာအောက် 
စာအံနိုင်ပါရဲ့လား
ရိက္ခာပြတ်လပ်မှုတွေနဲ့
ယမ်းငွေ့တွေကြား ရှောင်တိမ်းနေရတုန်းလား---

သဘာဝတရားကိုက
ကျော ရင် ခွဲခြားထားတာမို့
လွတ်မြောက်ရာလမ်းစ
အတွေး----
တွေး----
တွေးလေ . . . . . . . 

               စဝ်ခွန်ချို

ခေါင်လန်ဖူး - ပူတာအိုခရိုင်ရှိ မြို့ငယ်



ဓာတ်ပုံထဲ ပြုံးနေတဲ့ငါ - သစ်ပင်

ဓာတ်ပုံထဲ ပြုံးနေတဲ့ငါ
________________________________________________ သ စ် ပ င်

ကောင်းကင်မှာ
ပျံသွားကြတဲ့ ငှက်တွေကိုကြည့်ပြီး
ငှက်အရိပ်ဟာ မြေမှာရှပ်တိုက်ပြေးခဲ့တာလို
ငါ့အရိပ်ဟာ အပြုံးပဲလို့
နှလုံးသားကို ရှပ်တိုက်ခဲ့စေတော့

ငိုကြွေးစရာတွေ မကုန်မှတော့
မငိုတော့ဘူးလေ

အပြုံးကို ချရေးပြီး
ငိုစရာတွေကို စိတ်ထဲမှတ်ထားခဲ့တယ်လို့ပေါ့
မိုးကြီးသည်းထန်စွာ
တစ်ယောက်တည်း ငါ

ဘာမှ မပေးနိုင်တော့ရင်
ပြုံးလို့ချည်းနေမယ့် ငါ

ငါမပျော်ရလည်း ငါပျော်ခဲ့တယ်လို့
အားလုံးပျော်ကြဖို့
ငါ့ဓာတ်ပုံဟာ ပြုံးနေတာပေါ့
ငြိမ်ငြိမ်လေး လေးမြတ်ခဲ့ပါတယ်။

သစ်ပင်
Jun 17.2016
Am 9:30


သိမ်းဆည်းထားရသော မီးတောက်များ - သိင်္ဂါလှိုင်

သိမ်းဆည်းထားရသော မီးတောက်များ
________________________
_________________ သိင်္ဂါလှိုင်

အမြင်မလှတဲ့ ဆူးတွေ ပေါက်နေတာ
ဘယ်သူကိုမှ မပြောပြခဲ့။

မြင်သူအေးချမ်းစေသော ရနံ့
စိတ်ပေါ့ပါးသော တိမ်တွေ
ဆံစထဲ တိုးဝင်လာသော လေညှင်းအေးစိမ်းစိမ်း
ကြည်နူးဖွယ် နေ့တွေ
ပုံဖော်
နေချင့်စဖွယ် လောကကိုပဲ ပြောပြချင်တယ်။

ကောင်းသောစကားသာ 
အပြုံးတွေ စီးပြီး 
မီးလင်းစေလို့လေ။

ဒီစိတ်ကူး ပုံဖော်လာတဲ့နောက်
တဖြေးဖြေး 
တိတ်ဆိတ်အသံတွေ ပဲ ပေါက်ဖွားလာတယ်
ပြောပြစရာ စကားလုံးတွေ သေဆုံးနေတယ်
လူတွေစိတ်ထဲ 
သူဟာ အေးချမ်းနေတယ်
သူကို  ဝစီပိတ်ကျင့်နေတဲ့သူတော်စင်လို့ ထင်နေတယ်

သူဟာ ငြိမ်းချမ်းသောတစ်ယောက်မဟုတ်ကြောင်း
အမြဲ တောက်နေတဲ့ မီးတွေ 
အမြင်မလှတဲ့ဆူးတွေ ပေါက်နေကြောင်း
ပေါက်နေတဲ့ဆူးတွေ မြိုသိပ်ရင်း
ကြာလာတဲ့အမျှ
သူ့အသံအိုးပျောက်သွားတာ လူတွေကို ပြောပြဖို့
စကားအသံဟာထွက်မလာတော့…။

သိင်္ဂါ လှိုင်
05062016
11:21



မီးစားထားတဲ့ရှုခင်း - အောင်ကိုကိုလတ် - တမူး

မီးစားထားတဲ့ရှုခင်း
lllllllllllllllllllllllll အောင်ကိုကိုလတ် - တမူး

နာရေးပို့်ပြန်လာတဲ့ကား
လမ်းမှာ
နာရေးလိုက်ပို့တဲ့ကားနဲ့ပွတ်မိလို့နာသွားတယ်

ဟိုဘက်လမ်းကမီးသတ်ကားက
ဒီဘက်လမ်းကပန်းခြံရှေ့မှာရေဖျန်းနေတယ်

ဒီဘက်ကမ်းကလျှပ်စစ်ရုံးမှာ
ဟိုဘက်ကမ်းကလူနာတင်ကားကရပ်စောင့်နေတယ်

အချုပ်ကားပေါ်ပါသွားတဲ့သတင်းထက်
ဒီမြို့မှာ
အမှိုက်ကားပေါ်ပါသွားတဲ့သတင်းကပိုနာမည်ကြီးပါတယ်...။

အောင်ကိုကိုလတ်(တမူး)



ကုတ်အင်္ကျီနဲ့ လူ

ကုတ်အင်္ကျီနဲ့လူ
______________ လ င်း သ က် ငြိ မ်

သူ့ကိုမယုံကြည်သလိုကြည့်တာကို
သူကသူ့ကုတ်အင်္ကျီကြောင့်လို့ထင်နေတယ်
သူ့ရဲ့ကောက်ကျစ်မှုတွေမျက်နှာမှာ
ထင်နေတာသူမသိဘူး
သူ့ကုတ်အင်္ကျီကြောင့်လို့သူထင်တယ်
ဒီကုတ်အင်္ကျီဟာနှယ်နှယ်ရရမဟုတ်ဘူး
သူ့ဘဝကိုရင်းပြီးရခဲ့တဲ့ပစ္စည်းပဲ
ဒီကုတ်အင်္ကျီအတွက်သူ့ရဲ့
လူသားဆန်မှုကိုမြေမြုပ်ပစ်ခဲ့ရတယ်
ဒီကုတ်အင်္ကျီအတွက်ဘယ်သူ့ဘဝကိုဖြစ်ဖြစ်
ရက်ရက်စက်စက်တက်နင်းပစ်ခဲ့တယ်
သူ့ဦးနှောက်ထဲမှာ ကုတ်အင်္ကျီပဲရှိတယ်
သူ့နှလုံးသားထဲမှာ ကုတ်အင်္ကျီပဲနေရာပေးထားတယ်
ကုတ်အင်္ကျီအတွက်သူ့အထက်ကလူကို
သူမော်မကြည့်ရဲခဲ့ဘူး
ကုတ်အင်္ကျီအတွက် သူ့အရာရှိရဲ့ဆောင်ဓားဖြစ်ခဲ့တယ်
ကုတ်အင်္ကျီဟာဝတ်လို့သိပ်ကောင်းတယ်လို့
အိပ်မက်ထဲခဏခဏယောင်အော်မိတယ်
ကုတ်အင်္ကျီကိုရဖို့ကုတ်အင်္ကျီဝတ်တဲ့လူတိုင်းကို
သူလေးစားရိုကျိုးခဲ့တယ်
အနှစ်နှစ်အလလဖြည့်ကျင့်ခဲ့တဲ့ပါရမီနဲ့
ကုတ်အင်္ကျီဟာသူ့ကိုယ်ပေါ်ရောက်လာခဲ့ပြီ
ကုတ်အင်္ကျီနဲ့သူဟာ ရောင်ဝါပြိုးပြက်နေတယ်လို့
ခံစားရတယ်
ဒါပေမယ့် ...
သူကုတ်အင်္ကျီဝတ်တဲ့နေ့မှာသူမပျော်ရတော့ဘူး
ကုတ်အင်္ကျီဝတ်ထားတဲ့သူ့ကိုလေးစားပြနေတဲ့လူတွေရဲ့
ရိုကျိုးခယမှုတွေကအသက်မပါသလိုခံစားရတယ်
ကုတ်အင်္ကျီဝတ်လိုက်မိတဲ့နေ့ကစပြီး
သူ့ကိုယ်သူအပြစ်သားတစ်ယောက်လိုခံစားရတယ်
နောက်ကျောမလုံမှုက
သူများတွေတံတွေးထွေးတာကိုတောင်
သူ့ကိုရွံရှာစက်ဆုပ်ပဲလို့တွေးမိတဲ့အထိဖြစ်လာရတယ်
သူ့ကုတ်အင်္ကျီကိုသူလန့်လာ
သူ့ဘဝရဲ့ရည်မှန်းချက်ကုတ်အင်္ကျီဟာ
သူ့ညတွေကိုအိပ်ပျက်စေတဲ့
ကုတ်အင်္ကျီအဖြစ်ပြောင်းလဲလာ
လူတွေရဲ့အကြည့်မှာဘာလို့နာကျည်းမှုတွေပါနေရတာလဲသူမတွေးတတ်အောင်ပဲဖြစ်ရ
စိတ်မချမ်းသာလည်းသူလိုချင်တဲ့ကုတ်အင်္ကျီကိုမလိုမချင်နဲ့ပဲ
သူဝတ်ဆင်နေရတာနှစ်တွေကြာခဲ့ပြီ
ကုတ်အင်္ကျီကိုသူစွန့်လွှတ်ရမယ့်အချိန်အခါဟာ
ရောက်ရှိလာခဲ့ပြီ
သူပျော်သလိုလိုဝမ်းနည်းသလိုလိုကြီးခံစားရ
ကုတ်အင်္ကျီမရှိတဲ့သူ့အရှိန်အဝါဟာ
ဖျော့တော့ညိုးနွမ်းသွားတာလည်းသူသတိထားမိတယ်
နောက်တပတ်မှာသူတွေ့ရတယ်
ကုတ်အင်္ကျီဝတ်ထားတဲ့လူတွေ
သန့်လို့ခန့်လို လူတိုင်းကကုတ်အင်္ကျီဝတ်ထားတဲ့
လူတွေကိုပြုံးပြုံးရွှင်ရွှင်ကြိုဆိုလို့
လေးလေးစားစားကြီးဦးညွတ်လို့
ကုတ်အင်္ကျီဟာလူမုန်းစေတဲ့အရာမဟုတ်ဘူးလို့
သူတွေးမိတဲ့အချိန်မှာ
သူ့ဘုန်းတန်ခိုးဟာမြေလျှိုးလို့နေပေါ့။

လင်းသက်ငြိမ်




အမှန်တရားလား သူလာနေတယ် - မင်းညွန့်လှိုင်

အမှန်တရားလား သူလာနေတယ်
______________________
______________ မ င်း ညွ န့် လှို င်

. . . .
 ဟိ တ် -
. . . . . ဟိ တ် - . . .
. . . . . . . . . . . . . ဟိ တ် -
ခေတ်ကြီးသုံးခေတ်ဖြစ်ရင်ဖြစ်မယ်
စစ်ပွဲသုံးဆယ်ဖြစ်ချင်ဖြစ်မယ်
အရိုးတွေဘယ်တော့မှမဆွေးဘူး
တွန်သံတွေဘယ်တော့မှမတိတ်ဘူးဟေ့ ။

တွေ့လား တွေ့လား
စာလုံးတွေပေါ်လျှောက်လာမယ်
ဆေးစက်တွေနဲ့မျောလာမယ်
စောင်းအိုးထဲကထွက်လာမယ်
ကတ္တီပါကားလိပ်ကြားကပေါ်လာမယ်
ဖလင်ကော်ပြားပေါ်ကဆင်းလာမယ်
စိမ်းမြဖန်သားကိုထိုးခွဲလာမယ် ။

အေး
မျက်တောင်မခတ်ကြည့်ထားကြ
ဗိုလ်ခြေတစ်ထောင် မ မ ပါဘဲ
တံခါးတွေကြွတက်လာမယ်
တံတိုင်းတွေမွကြွေကုန်မယ်
သွေးစက်တွေလှိုင်းထန်သွားမယ်
အရိုးစုတွေလမ်းထလျှောက်မယ်
လမ်းမတွေပါးပျဉ်းထောင်ထမယ်
တားဆီးလို့မရတဲ့တံဇဉ်ကွေးကြီး
သရဖူတွေကိုရိတ်လှီးပစ်လိမ့်မယ် ။

ကြားကြရဲ့လား
အကျယ်လောင်ဆုံးတိတ်ဆိတ်မှု
ခြေသံလုံလုံနဲ့သူလာတယ်
အခိုးအငွေ့အရည်အခဲ
မျက်နှာအများကြီးနဲ့လာမယ်
စဝ်ကြာဆိုင်
ဆလိုင်းတင်မောင်ဦး
ဖုန်းမော်
ဝင်းမော်ဦး
ကိုပါကြီး
ဒေါ်ခင်ဝင်း
.............................
နာမအမျိုးမျိုးနဲ့လာလိမ့်မယ်
သန်းပေါင်းများစွာလာလိမ့်မယ် ။

သိလိုက်ကြ
တိတိကျကျသိလိုက်ကြ
ငတို့ရဲ့သူရဲကောင်းဟာ
ဧကန်မုချလာနေတယ် ။        ။

မ င်း ညွ န့် လှို င်



အို... ကောလင်း - လင်းသက်ငြိမ်

( ကဗျာဆရာလင်းသက်ငြိမ်ရဲ့ ________
- ကောလင်းကဗျာရှည် )

📝 အို . .ေ ကာ လ င်း 📝
____________________ လင်းသက်ငြိမ်

အို...ကောလင်း
ခင်ဗျားသတင်းကို
အဝေးရောက်သားတစ်ယောက်က
တစ်တိုင်းပြည်လုံးကြားအောင်
ကဗျာရှည်တစ်ပုဒ်နဲ့
တာဝန်ကျေပွန်ခဲ့ပြီးတဲ့နောက်
လက်ရှိခင်ဗျားရင်ခွင်မှာမှီတင်းနေထိုင်တဲ့
ကဗျာဆရာဆိုတဲ့ ဒီအကောင်က
တောက်...တစ်ချက်ကိုနာနာကျည်းကျည်း
ခပ်ပြင်းပြင်းခေါက်
ဒဏ်ရာတွေဗရပွနဲ့ သင့်အတွက်
ဒေါ မာန် ဖွဲ့ ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပေါ့။

ကောလချီ ကောလချာအစ
ကောလင်းမင်းသမီး၊ကောလင်းမြို့စား
ရွှေလှံဗိုလ်နဲ့မြို့ဝန်ဦးကာတေ
ရာဇဝင်ထဲနွဲခဲ့ဖူးတဲ့ တိုက်ပွဲတွေကိုအသာကထား
သင့်သမိုင်းကြောင်းဟာ
အထိုက်အလျောက်
လာခြင်းကောင်းခဲ့တယ်ဆိုတာ
အားလုံးသိပြီးသားပါ။

ကျွန်တော်ပြောချင်တာကမကြာသေးတဲ့
ဒီဘက်နှစ်ကာလတွေထဲက
ကောလင်းအကြောင်း
အဲဒီမကြာသေးတဲ့ ဒီဘက်နှစ်ကာလတွေမှာ
သင်ဟာ ဆုံထဲကဆန်ဖြစ်ခဲ့၊
ခြင်းထဲကကြက်ဖြစ်ခဲ့၊ခြံထဲကနွားဖြစ်ခဲ့...
သယံဇာတ ကျိန်စာမှာ
ရေတိမ်နှစ်ခဲ့ရရှာတာပဲလား ကောလင်း...။

အရိပ်နေနေ အခက်ချိုးချိုး မသမာတဲ့အငြိုးတွေနဲ့
သင့်ရင်ဘတ်ကို အတင်းဆွဲဖြဲပြီး
ရက်ရက်စက်စက် ကလီစာတွေကိုဆွဲထုတ်
ဘီလူးသရဲစီးသလို
ပါးဖြဲနားဖြဲစားသောက်သွားခဲ့ကြတာ
ဘယ်ကမကောင်းဆိုးရွားတွေလဲ။

လူဆိုတာ မီးခိုးနဲ့ပြာမဖြစ်ခင်စပ်ကြား
အချိန်ကလေးမှာ ရသမျှအကုန်လိုချင်ကြတဲ့
သတ္တဝါတွေဆိုတာ ဒဏ်ရာတွေကြားက
ခင်ဗျားရခဲ့တဲ့ တရားလား...
ကောလင်းရွှေမြို့တဲ့...
ရွှေဆိုရင်ခင်ဗျားအသဲထဲကခါးခါးသီးသီး
မုန်းတီးနေတာ ကောလင်းသားကျွန်တော်
ကောင်းကောင်းကြီးသိပါတယ်...။

တောတွေတစ်တောပြီးတစ်တောပြုန်း
တောင်တွေတစ်တောင်ပြီးတစ်တောင်ပြို
ခင်ဗျားကိုယ်ကိုပြောင်သလင်းခါအောင်
ကျင်ယူနေကြတာ ဘယ်ကလူလွန်မသားတွေလဲ
ခင်ဗျားရဲ့နှလုံးသွေးကြောကြီးဖြစ်တဲ့
ဒေါင်းမြူးချောင်းထဲကသောင်ခုံတွေပေါ်မှာ
ခိုတွေအစာကောက်နေတာ
ပျော်စရာမြင်ကွင်းလား...
မဖြစ်ညစ်ကျယ်စီးဆင်းနေတဲ့ နီကျင့်ကျင့်
ချောင်းရေထဲတောင်နွံရေတွေနဲ့စီးပျစ်လို့
ခင်ဗျားကိုဘယ်သူတွေဘယ်လောက်
ချစ်ခဲ့ကြသလဲ  ကောလင်း...။

ခင်ဗျားရင်ကိုခွဲထုတ်ပြီးရခဲ့တဲ့စည်းစိမ်တွေက
ဆေးရုံကောင်းကောင်းမဖြစ်ခဲ့ဘူး
ကျောင်းကောင်းကောင်းမဖြစ်ခဲ့ဘူး
ပြီးတော့
ခင်ဗျားရဲ့ရင်လွယ်သားသမီးတွေအတွက်လည်း
မဟုတ်ခဲ့ဘူးလေ။

ခေတ်နဲ့အညီ ဖွံ့ဖြိုးရေးတဲ့လား
ဆိုင်းဘုတ်တွေကတော့
ထိုင်ရှိခိုးစရာကောင်းလောက်ပါတယ်
တရုပ်ဆိုင်ကယ်တွေပေါတာ
ဘီယာဆိုင်တွေပေါတာ ခေတ်မှီတာလား
မူးယစ်ဆေးတွေပေါတာ ခေတ်မှီတာလား
မာဆတ်ခန်းတွေဖွင့်လာတာ ခေတ်မှီတာလား
တစ်လုံး နှစ်လုံး သုံးလုံး တွေနဲ့
ခေတ်မှီတာလား...
ခေတ်မှီတာလား...
ခေတ်မှီတာတဲ့လား...။
မေးခွန်းတွေပဲ ပွက်ပွက်ဆူလျှံကျလို့
ခေတ်မှီတယ်ဆိုတဲ့စကားက
ခင်ဗျားကို ပါးပါးလှီးနေတဲ့ ဓားလား...။

အခုတော့ သစ်လုံးရထားတွေသိပ်မရှိတော့ဘူး
အခုတော့မျက်နှာနီစပ်စပ်နဲ့မျက်နှာစိမ်း
ဧည့်သည်တွေ သိပ်မလာတော့ဘူး
မီးဖွင့်ပြီးမောင်းတဲ့ယာဉ်တန်းတွေလည်း
သိပ်အရောက်အပေါက်မရှိကြတော့ဘူး...။

ခြုံနွယ်ပိတ်ပေါင်းနဲ့ပန်းခြံထဲ
ရေညှိတက်နေတဲ့
လွတ်လပ်ရေးကျောက်တိုင်ကြီးကငိုက်မြည်းလို့
ညစ်ပေရှုပ်ပွနေတဲ့ မြို့မဈေးကြီးက
ယင်တွေကို တဖျပ်ဖျပ်မောင်းရင်းသမ်းဝေလို့...
ဇရပ်အိုကြီးလို ရူနာရှိုက်ကုန်းနဲ့
မြို့တော်ခန်းမကြီးကညည်းတွားလို့...။

မီးပျက်သွားမှမီးစက်ကို
အရေးပေါ်ထထပြင်ရတဲ့ပြည်သူ့ဆေးရုံကြီးက
ဂုဏ်ယူစရာလား...
ကြိုးဆွဲချသေလို့ရလောက်အောင်
လည်ပင်းမှာဆင်ယင်ထားကြတဲ့
ဆွဲကြိုးပြောင်ပြောင်မျက်နှာပြောင်ပြောင်နဲ့
ခရိုနီဆိုတဲ့ကောင်တွေက အားကိုးစရာလား...။

ငါ့အပေါ်စေတနာမထားတဲ့
ရေပေါ်ဆီအကြီးအကဲတွေ ထွက်သွားလို့
သံပုံးတီးမောင်းထုတ်ပစ်ချင်နေခဲ့တာ
နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ ကောလင်း...။
ခင်ဗျားဟာ မြန်မာနိုင်ငံရဲ့
ရွှေအထွက်ဆုံးစာရင်းဝင်တဲ့
သစ်တောတွေလည်းပေါသတဲ့
ဆန်စပါးတွေလည်း ပေါသတဲ့
ပြီးတော့ ခင်ဗျားမှာ
တစ်ခြားသယံဇာတတွေလည်း ထောသတဲ့လေ။

ခင်ဗျားရဲ့အဆီအသားတွေနဲ့
ဘယ်သူတွေကြီးပွားသွားကြတာလဲ
ခင်ဗျားရဲ့ရင်ခွင်ထဲတက္ကသိုလ်ကြီးထားခွင့်ကို
ဘယ်သူတွေငြင်းခဲ့တာလဲ
ဖုတ်ပူမီးတိုက်စီမံကိန်းအတွက်
လယ်ကွက်တွေကိုဖျက်
အကျိုးမဲ့အရူးထချက်တွေနဲ့
ဒီအတိုင်းပျက်စီးသွားခဲ့ရတဲ့
စိုက်ပျိုးရေးသိပ္ပံကျောင်းကြီးက
ဘယ်သူ့လက်ချက်လဲ
စာပေသမားဆိုတာနဲ့ထရိုက်ချင်အောင်
နှစ်ကာလအကြာကြီး
မျက်မုန်းကျိုးစိတ်သွင်းခဲ့တာဘယ်သူ့စနက်လဲ...။

မေးစရာတောင်မလိုတော့တဲ့ မေးခွန်းတွေနဲ့
ခေတ်နောက်မှာကုပ်ကုပ်ကလေးရပ်နေရတဲ့
ကောလင်း...
ဒီကနေ့ပြင်ပြီး မနက်ဖြန်ပျက်တဲ့
လမ်း တံတားတွေနဲ့ ကောလင်း...
သေရေးရှင်ရေး အားကိုးစရာဆေးဝါးရှားတဲ့
ကောလင်း...
တစ်ခြားမြို့တွေက ပေတစ်ရာကားလမ်း
အကောင်းစားကြီးတွေနဲ့ပြေးလွှားနေတဲ့အချိန်မှာ
မီးရထားလေးအိပဲ့အိပဲ့နဲ့  ကောလင်း...။

အို...ကောလင်း
ခင်ဗျားသတင်းကို ညယ်တို့ မောင်တို့နဲ့အစရှိတဲ့
ချစ်စရာဒေသသံတွေအစား
တောက်တခေါက်ခေါက်နဲ့မိုက်မိုက်ရိုင်းရိုင်း
ပြောဖြစ်ခဲ့တာ ခွင့်လွှတ်ပါ။
ကျွန်တော်မွေးဖွားလာတာ
လူလိမ္မာတွေရှားတဲ့ ခေတ်ကြီးထဲမှာ
ကျွန်တော်ချမ်းသာတာကလည်း
အာသာဆန္ဒနဲ့ဒေါသ...
အဲဒီထဲမှာ ခင်ဗျားကိုချစ်တဲ့စိတ်တွေ
တစ်ဆုပ်တစ်ခဲကြီးပါဝင်ဆိုတာ ယုံကြည်ပါ
ကောလင်း...။

အပေါ်စီးကကြည့်ရင်
လိပ်ပြာကလေးအတောင်ဖြန့်နားနေတဲ့
မြေပုံအနေအထားနဲ့  ကောလင်း...
နားနေတဲ့လိပ်ပြာကလေးမှာ
အသက်ဝိညာဉ်ရှိပါသေးရဲ့လား ကောလင်း...
ဒါမှမဟုတ် ပုဇင်းရငိကွဲလို
အဆံမပါတဲ့ကိုယ်ခန္ဓာနဲ့ခံစားမှုတွေ
ထုံအနေတာပဲလား ကောလင်း...။

ခင်ဗျားရဲ့အာရုံတွေကို ပြန်စုစည်းပါ
ခင်ဗျားရဲ့ ဒဏ်ရာတွေကို ဆေးကုပါ
ခင်ဗျားရဲ့ အတိတ်နေ့ရက်တွေကိုလွင့်ပစ်
ခင်ဗျားရဲ့ ကြေကွဲမှုတွေကို စုတ်ဖြဲပါ
ခင်ဗျားရဲ့ သိမ်ငယ်စိတ်တွေကို
မောင်းထုတ်လိုက်ပါ
ဘယ်အရာမှ
နောက်ကျတာမရှိဘူးဆိုတဲ့အတွေးနဲ့
လှမ်းလိုက်တဲ့ခြေတစ်လှမ်းက
ပန်းတိုင်နဲ့ခြေတစ်လှမ်းနီးတာပဲဆိုတဲ့
ယုံကြည်ချက်နဲ့...
နာကျင်မှုကို အံကြိတ်မာန်တင်းပြီး
ကြေကွဲခြင်းရာဇဝင်ထဲကနေ
ရဲရဲရင့်ရင့် ရုန်းထွက်
ပျံသန်းခြင်းရဲ့ဟိုမှာဘက်ကမ်းမှာ
ရွှေရောင်တွေအစစ်အမှန်
ထွန်းတောက်နေတယ်ဆိုတာ
ဒီကဗျာနဲ့ အာမခံလိုက်တယ် ကောလင်း...။       ။

                                              လင်းသက်ငြိမ်








တစ်မိုးလုံးမိုး - လင်းမိုးစွေ

☔ တစ်မိုးလုံး မိုး ☔ . . .
________________လ င်း မိုးေ စွ
                       

   ထားခဲ့ရတဲ့အဖြစ်က မျက်ရည်ဝဲရုံလေးပေမယ့်

           မျက်တောင် တစ်ချက်ခတ်လိုက်လို့

                        မိုးအဆုံး မြေအဆုံး

             လိုက်မယ့်သူ ခြေရာမခံမိအောင်

                            မျက်ရည်တွေ

      ခြေရာပျက်အောင် သည်းသည်း မည်းမည်း

                                    ရွာ . . . . .


                              လင်းမိုးစွေ


နေ့လယ် ၂နာရီလပြည့်ဝန်းမင်းသား

နေ့လယ် ၂နာရီ . . . လပြည့်ဝန်းမင်းသား . . .
______________________________
_____________________ကို သျှား

ကျွန်တော်တို့ စကားတွေ အများကြီးပြောခဲ့ဖူးတယ်
ဒါပေမယ့် . . .
ကျွန်တော်တို့ ဘာမှမပြောခဲ့ရသလိုပါပဲ
ကျွန်တော့်မှာ စကားတွေ အများကြီးပြောစရာ ရှိတယ်
ဒါပေမယ့် . . .
ကျွန်တော် ဘာမှမပြောနိုင်လောက်အောင် ဆွံ့အအသံတိတ်

ဗိုလ်ချုပ်လမ်းပေါ် စိုက်ဝင်နေတဲ့မျက်လုံးတွေကို
လပြည့်ဝန်းထဲကနေပြန်လည်ဆွဲနှုတ်လိုက်စမ်းပါအကို
အမှောင်ချခံထားရတဲ့ခေတ်တစ်ခုလုံးကို
ကဗျာရေးတဲ့လက်တစ်ဖက်တည်းနဲ့
ပြန်လုယူပစ်လိုက်စမ်းပါ

ဘာတွေများ ဒီလောက်အရေးကြီးနေတာလဲ
ဘာကြောင့်များ ဒီလောက်အစောကြီး ပြန်လည်ထွက်ခွာသွားတာလဲ

လွင့်စင်ဖွာကျနေတဲ့မှတ်ဉာဏ်အပိုင်းအစတွေထဲကနေ
သွေးတစ်စက်ချင်းစီ ပြန်ရတယ်

အသက်ရှင်ယူပုံချင်းတူလို့ အသက်ရှုမ၀ဖြစ်ရပုံချင်း တူခဲ့တယ်
ဒုက္ခချင်းတူလို့
စိတ်ချင်း ပိုထိခတ်မိကြတယ်

တစ်ခုခုနဲ့ ပွတ်တိုက်လိုက်ရုံ
မီးထတောက်မယ့် သစ်ကိုင်းခြောက်ဟာ အကို့ခန္ဓာဆိုရင်
စနစ်ဆိုးကို အတိအကျခုတ်ချပစ်မယ့်ဓားဟာ
အကို့အနုပညာပဲ

ကျွန်တော်တို့ ခံစားခဲ့ကြရတယ်
ကျွန်တော်တို့ ခံယူခဲ့ကြရတယ်
ဘာတွေများ ဒီလောက်အရေးကြီးနေတာလဲ
ဘာကြောင့်များ ဒီလောက်အစောကြီး ပြန်လည်ထွက်ခွာသွားတာလဲ

ကျွန်တော် စာမူခထုတ်ချိန်မှာ
အကို မသိအောင် အောင်ဗဟိန်းကို မုန့်ဖိုးပေးချင်တယ်
ကျွန်တော် ဘိုင်ကျနေချိန်မှာ
အောင်ဗဟိန်းမသိအောင် အကို့ဆီကနေ
ကျွန်တော် အပြန်လမ်းစရိတ်တောင်းချင်တယ်

Super Plain မှာပေးမယ်အကို
စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ပါဦး

အခုတော့ . . .
အကို့သားလက်ဟာ လေထဲမှာ
အခုတော့ . . .
ကျွန်တော်တို့အသိစိတ်တွေဟာ လေထဲမှာ

နေ့လယ် ၂နာရီဟာ ၃၈လမ်းထဲကနေ
ဖြတ်မသွားတော့ဘူးလား
နေ့လယ် ၂နာရီဟာ လပြည့်ဝန်းထဲက လှီးထုတ်ခံလိုက်ရပြီလား
လပြည့်ဝန်းဟာ အကို့ဘ၀ထဲ လာမထိုင်တော့ဘူးလား

တိုင်းပြုပြည်ပြုကဗျာဆရာတစ်ယောက် သေဆုံးတာဟာ
တိုင်းပြည်ရဲ့အနာဂတ် တစ်ဝက်တိတိ သားကြောပြတ်တာပဲ

ကျွန်တော် မငိုပါဘူး
မျက်ရည်တွေက ကျွန်တော့်ကို လာလာစိုပြန်တယ်

ပြည်သူတွေဘ၀ကို ထိုးထိုးဟောင်နေတဲ့အာဏာရှင်
အဲဒီအာဏာရှင်တွေကို
အကို့ကဗျာတစ်ပိုဒ်နဲ့ ကြိုးစင်တင်ပေးစမ်းပါဦးအကိုရာ . . . .

ကိုသျှား



အရှင်လတ်လတ်အိုစမာ - ညီဆူးသစ်

📝 အရှင်လတ်လတ် အိုစမာ 📝
______________________ညီဆူးသစ်
ငါတို့လ္ဘက်ဆိုင်ထိုင်ဖြစ်တဲ့အခါ
ငါတို့စာပေလမ်းခရီးလျှောက်ဖြစ်တဲ့အခါ
အိုစမာ အကြောင်းက မပါလို့မဖြစ်တော့ဘူး

မသေသောအနုပညာဆိုတာ
အဲ့လိုပါပဲကွာ။
အခုတော့
အိုစမာဟာ အောင်ဘညိုကို
ငေးနေရှာသလို
အောင်ဘညိုဟာ
အိုစမာကို ရေးဖို့ပြန်လာတယ်။

ညီဆူးသစ်
9-6-2016
သတိရခြင်းများစွာဖြင့် ဆရာအောင်ဘညိုသို့