Wednesday, March 25, 2015

သတိ ( ၁ + ၂ ) မင်းညွန့်လှိုင်

သတိ

ကောင်းကင်ကြည့်သူရေ
ကြယ်တွေကိုခြေရာခံပါ
ပန်းကလေးတွေကို မနင်းမမိပါစေနဲ့   ။       ။

                                            မင်းညွန့်လှိုင်

သတိ   ၂

လေညင်းလာခိုက်မှာ
တံခါးဖွင့်လှစ်ကြိုလိုက်ပါ   ။

နောက်များကျသွားရင်
အိမ်တိုင်ကိုပင်ဆွဲနုတ်မှာ  ။          ။

                                           မင်းညွန့်လှိုင်

မျက်လှည့်ပွဲ ။ ကိုသားကြီး













မျက်လှည့်ပွဲ 

________
လက်လုပ်လက်စား ဘဝထဲ
ဆန္ဒ ကို ရွှေဖြစ် ငွေ ဖြစ် အဂ္ဂိရတ် ထိုးကြည့်တော့
ငြိမ်းချမ်းရေး ချိုးကူသံများ ကြားရတော့ မလိုလို
နေ့ချင်းညချင်း ကြီးပွားတော့ မလိုလို
မျှော်လင့် ချက် အိမ်တစ်ဆောင် မီးတစ်ပြောင်က
အလင်း ယိုင်ယိုင် ကြား
အခုထိ သရိုးမစွဲ သေးဘူး ။       ။

                                          ကိုသားကြီး
                                    2014,Oct, ကလျာမဂ္ဂဇင်း

ဆက်ထုံးအမှတ် မတ်၂၇ ။ခက်ဦး







ဆက်ထုံးအမှတ် မတ်၂၇
.......................................

ကြွက်မနိုင်ရင်
ကျီမပြောနဲ့
လယ်တောလည်း
မီးရှို့ဖို့ဝန်မလေးဘူး
ကင်ပေတိုင် ကြီးစိုးတဲ့ခေတ် ။

အပ်တစ်ချောင်းအတွက်
ကောက်ရိုးတစ်ပုံမဟုတ်ဘူး
သည်တော ဟိုတောင်
မြေလှန် အစဖျောက်ဖို့အလွယ်လေး
ဒါ ကင်ပေတိုင်တွေ ကြီးစိုးတဲ့ခေတ် ။

ပေါ့သလား ငန်သလား ကြေးမများနဲ့
အရည်စိမ်သလေး မစိမ်သလေး စံမရွေးနဲ့
သူတို့ချပေးရင် လွတ်လပ်ရေးပဲ
အဲဒါ
ကင်ပေတိုင်တွေ ထွားကျိုင်းတဲ့ခေတ် ။

တုတ်နဲ့ပဲရိုက်ရိုက် ခြေနဲ့ပဲကန်ကန်
ကားပဲဖျက်ဖျက် တိုက်ပဲဖြိုဖြို
မြေပဲသိမ်းသိမ်း သွေးအလိမ်းလိမ်း
ချုပ်ဖမ်းလည်း လက်ပိုက်နေရ
ချောင်ပိတ်ရိုက်လည်း အံကြိတ်နေရ
အခါခါ ဆဲရေးတိုင်ထွာ
ပါးဘယ်ညာ အခါတစ်ရာ ချပလေ့စေ
ထောင်ထဲ ချောင်ထဲက အော်သံများ
အားလုံး ကောင်းပါသည် ခင်ဗျား ။

အဲ့ဒါပဲပေါ့ ပက်ပက်စက်စက်
ကင်ပေတိုင်တွေ မဟားတရား
အတားနဲ့အဆီးမဲ့ ယုတ်ကြမ်းရမ်းကား
မိုးလုံးပြည့်အောင် လမ်းသလားတဲ့ခေတ် ။

ခံပြင်းတဲ့ အုံ့ပူ လှိုက်ဆူလို့ ရှိန်မြင့်
ပွင့်ချပ်နံရံတွေ စုံကန်ဖွင့်တော့
သွေးနှင်းဆီတွေ ဖြန်းကနဲပွင့်တယ်......
အနီးဆုံးရန်သူကိုရှာတိုက်ကြ
အနီးဆုံး ရန်သူကို ရှာတိုက်ကြ
အနီးဆုံး ရန်သူကို ရှာ တိုက် ကြ တဲ့.....
သတ္တိမရွံ့ နှုတ်မဆွံ့သူရဲ့
တိကျပြတ်သား တပ်ထွက်စကားမှာ
အဖိနှိပ်ခံတွေ မထွေပြား မဝေဝါး
ဘယ်တပ်သားမှ ဘာသာပြန်မမှားခဲ့ဘူး
အဲ့လိုနဲ့
နွေဦးဟာ
ချွေး သွေး အသက်တွေနဲ့
ရာဇဝင်တွင်အောင် အလှထူးတော့တယ် ။

ထထကြွကြွ ရှိခဲ့တယ်
ပစ်ပစ်ခတ်ခတ်ရှိလိမ့်မယ်
နွေကဦးတဲ့ အဲဒီ့ နွေဦးမှာ.....
အယုတ်သဘောတွေမစွဲ ကံကြမ္မာ အလှည့်မယ်
ထုတ်ပြောမနေလည်း မှန်လာရဲ့ကွယ်
တကယ့်ကို ၊
ဥသြတွေလည်း အသံသာခဲ့တယ် ။
တစ်နေ့ ၊
ပျံလာခဲ့မယ် ။
ဟုတ်တယ် ၊
ပြန်လာရဦးမှာပကွယ် ။

ခက်ဦး
၂၅ . ၃ . ၂၀၁၅
(မတ်၂၇ တော်လှန်ရေးနေ့ အကြို ခံစားမှု)

# မူရင်း ဓာတ်ပုံပိုင်ရှင်ကို credit ပေးပါတယ် #

မင်းညွန့်လှိုင် မွေးနေ့ သို့ yla

နေ့ကောင်းရက်သာတွေကို
ငါတို့ ထုတ်လုပ်တယ် ………
______________________

မတ်၂၅ ရက်ဟာ
ကဗျာဆရာကို
မှီဝဲရတဲ့အတွက်
လူတစ်လုံးသူတစ်လုံး
လှလှပပဖြစ်ခဲ့ရပါပြီ
၄၃ နှစ် မှသည်
မြတ်သောသက်တမ်း
လိုရာလမ်းမှာ လန်းဆန်းပါစေ ။         ။

                                           yla လေးကျွန်းမြေ
ကဗျာဆရာ
မင်းညွန့်လှိုင် မွေးနေ့  သို့

မင်းညွန့်လှိုင် မွေးနေ့ ( အမှတ်တရ )

အဝိဇ္ဇာပေါင်တစ်ရာတိတိ
----------------------
နွေဥတုမှာဆိုက်ကပ်ခြင်း
-----------------------

( ၁ )
* ငါက ကဗျာနဲ့တွေ့ရင်
ဒီ့ထက်အသက်ပိုမကြီးတော့ ။

( ၂ )
စယ်လီဘရစ်တီမဟုတ် ဂွတ်မစ်ဇာမဟုတ် ယူရိုပီယန်ဆန်သူ
လည်းမဟုတ်လေတော့ မွေးနေ့ဆိုတာ ဆံသာကေဖြတ်မပြု
အပ်တဲ့နေ့တစ်နေ့လို့ပဲမှတ်သားခဲ့တာပါပဲ ။
ပျိုရွယ်စဉ်အခါကမွေးနေ့ကိုအကြောင်းပြပြီး သန်းထိုက် နေမျိုး ဇော် မိုး ကျော်မိုးလွင်တို့နဲ့ထန်းရည်စုသောက်ခဲ့ဖူးတာကလွဲလို့ပေါ့လေ။
( ၃ )
ဘဝမှာပထမဆုံးသိဖူးတဲ့မွေးနေ့ကိုပြောရရင်...
ငယ်ငယ်လေးကတည်းကစွဲလန်းခဲ့ဖူးတဲ့ဒဂုန်တာရာရဲ့"ဒို့ခေတ်ကို
ရောက်ရမည်မှာမလွဲပါ"ဝတ္ထုကြီးထဲကဇာတ်ဆောင်ကောင်မလေး(ခင်
ထားလှိုင်ထင်တယ်)ရဲ့အနောက်တိုင်းဆန်တဲ့မွေးနေ့ပွဲပါပဲ ။
( ၄ )
ကျနော်တို့ရှေ့ကလမ်းမကြီးတလျှောက်မှာတော့ ဗုဒ္ဓ ခရစ်တော်
မှိုင်း ဆန်း တာရာ နဲ့ လူထုအမေတို့ရဲ့မွေးနေ့ကြီးတွေက
အများဆိုင်နာမ်တွေအဖြစ်အစီအရီထွန်းညှိခဲ့ကြပါပြီ ။
( ၅ )
မွေးနေ့ပွဲကျင်းပတာဟာအစဉ်အလာယဉ်ကျေးမှုမဟုတ်ဘူး ဆိုပေမယ့်
ဆရာဒဂုန်တာရာ ဆရာမကြီးလူထုဒေါ်အမာတို့ရဲ့မွေးနေ့ပွဲတွေကတော့
့ အဖိနှိပ်ခံစာပေအနုပညာရှင်များ
ရဲ့ကွန်ဂရက်တွေသဖွယ်ဖြစ်ခဲ့ကြပါတယ်။
ဒါဟာလည်းဒို့တိုင်းဌာနီကြီးရဲ့ထူးခြားမှုတွေထဲကတစ်ခုပေါ့ ။
( ၆ )
ကိုယ့်မွေးနေ့ကိုရေးကြီးခွင်ကျယ်မလုပ်ခဲ့ဘူးဆိုပေတဲ့ မုခဘုတ်အုပ်က
တော့ သူငယ်ချင်းများကိုမှတ်မှတ်သားသားသတိပေးတတ်ပြန်တယ် ။
( ၇ )
ဆုတောင်းတွေပြည့်ဝလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူး ။ဆုတောင်းပေးသူ
တွေရဲ့မေတ္တာဓာတ်ပြည့်ဝမှုကိုသာပြည့်ပြည့်ဝဝယုံကြည်မိပါတယ် ။
ဆုတ်ခွာလာတဲ့လတစ်စင်းလိုမွေးနေ့အကြိမ်ရေများလာလေလေ
လက်ကျန်အချိန်တွေနည်းလာလေမို့ရှေးကထက်ပိုချစ်ကြပါစို့ရဲ့ ။
( ၈ )
* ငါ့မွေးနေ့မှာ
ငါတစ်ယောက်တည်းတက်ရောက်ကျင်းပ
နယ်ပယ်အသစ်ရှာတဲ့ကိုလံဘတ်ကို
ဘယ်ဘက်တစ်ခွက်
ညာဘက်တစ်ခွက်ငှဲ့ခွက်ချင်းတေ့
ငါဆုတောင်းစကားဆိုပေးတယ်
ကဗျာဆရာ
သက်တော်ရာကျော်ရှည်ပါစေ
ချီးယား...။ ။

                            မင်းညွန့်လှိုင်
                        ၂၆ မတ် ၂၀၁၅

*ကဗျာဆရာအောင်လွန်းမြိုင်ရဲ့"ကဗျာဆရာ့မွေးနေ့"ကဗျာထဲက
စာကြောင်းတချို့ကိုစွဲလန်းစွာကူးယူထားပါတယ် ။
ကိုသီရေ ခွင့်လွှတ် ။

ccbb



အဲဒီနိုင်ငံတကယ်ရှိရဲ့လား ဝိကီပီးဒီးယား











အဲဒီနိုင်ငံဟာတကယ်ရှိရဲ့လားဝီကီပီးဒီးယား


တနင်္ဂနွေဆိုတာ
ခေါင်းလောင်းထိုးသံနဲ့ဖျော်စပ်ထားတဲ့နေခြည်နွေး
ချစ်မေတ္တာရဲ့လက်ချောင်းလှလှလေးတွေ
မိသားစုဓာတ်ပုံပေါ်ကဖုန်မှုန့်တွေကိုဖယ်ရှားလို့
စန္ဒယားခလုတ်တွေပေါ်ချိုးငှက်တောင်ပံနဲ့ဝဲလို့
ပျော်ရွှင်ခြင်းတွေဝင်းမှည့်မွှေးမြ
ကမ္ဘာကိုအကောင်းပကတိပြန်စမယ့်မြင့်မြတ်မှုမျိုးနဲ့
ငါ့ဦးခေါင်းကိုညှို့ငင်နေခဲ့ပုံ ။

ငါပြုတ်ကျသွားတာက
တနင်္ဂနွေမပါတဲ့ပြက္ခဒိန်အတုကြီး
တနင်္ဂနွေဆိုတာ
Sunday လို့ဘာသာပြန်ရုံသက်သက်
ဂဏန်းတွက်စက်ကညှော်နံ့တလူလူ
ယန္တယားအော်ညည်းသံတမျှော်တခေါ်
ရွှေနံ့သာမှုန်များချွေးမြစ်ကြီးထဲပဲ့ကြွေသွား
အမှိုက်သိမ်းကားပေါ်စံပယ်တစ်ခက်မှားပါသွားပေါ့
နေထွက်နေဝင်တွေကထူးမခြားနားသတင်းစာ
တနင်္ဂနွေမဲ့မဲ့ဒိုင်ယာရီဟောင်းတစ်အုပ်ဟာငါပေါ့ ။

တခုသောတနင်္ဂနွေကတော့သူမဟုတ်သလို
အမိုက်ရပ်စဲစိတ်ကောင်းဝင်လို့
လာခြင်းကောင်းတဲ့လူကလေးပေးအပ်လာ
ငါ့မှာမျက်ရည်ဝဲအောင်ကြည်နူးခဲ့ရ
အုပ်စိုးခန့်အမည်ရတနင်္ဂနွေဖွားလေးရေ
သားတို့တတွေရဲ့ပန်းခေတ်အမွန်မှာ
တနင်္ဂနွေစစ်စစ်များအဓွန့်ရှည်ပါစေ ။          ။

                                                        မင်းညွန့်လှိုင်

အလွမ်း ဒဿနေမင်း













အလွမ်း
___________
ထောင့်တိုင်းစပ်ရှည်
မြစ်ခပေါင်း ပေါင်းလောင်းလက်ယာကွေ့
နန်မြေ့စံတည်      ။
ပုတ်ပဲကဝိုက်လည်
မြောက်ဆီကဆွာဖုံး  ။
ကြက်ညွှန်းနောင်ညီနဲ့
တရထည် မြရည်ဆို့တယ်
လွမ်းဖို့  မဆုံး  ………………… ။

                       နတ်သျှင်နောင်
* ဟောဒီမြေမှာ
ကမ္ဘာမြေမျိုချပစ်တဲ့
မတ်လ ၁၈
အဲဒီ နွေစစ်စစ်နဲ့
ချစ်သူတွေကွေကွင်းရ
လွန်ခဲ့တဲ့ ၁၅ နှစ် က … မေမေ
"ပေါ်နွေလလျှင် တောင်ကချိမ့်မြူး
မင်းလွင်ဦးနှင့် ပျံ့ပျူးချုပ်ထိုင်း
မုန်တိုင်းဆင်လို "… တဲ့ ။
အလွမ်းထွတ်ခေါင် နတ်သျှင်နောင်ရေ 
မတ်လ ၁၈ တဲ့
ဟောဒီမြေမှာပဲ
ကဗျာဆရာ စစ်စစ်
ချစ်မြတ်လေးစား တန်ဖိုးထားရတဲ့
ကျွန်တော်တို့ရဲ့ နောင်တော်
ကေတုဘုန်းမော်လေ …။

နီစွေးတဲ့ ပန်းတစ်ပွင့်ပါ
သူ့မှာ သူ့ဆူးသူ မခူးရက်တဲ့
မာန နဲ့ ရှင်သန် ။

ခြွေလို့မကြွေ
"ကျွန်ုပ်၏ ကြေငြာစာတမ်း"
သေမင်းကို ဒိုင်ပွဲရပ်
ပူးသတ်လိုက်တဲ့ တိုက်ကွက်
အဲ့ဒါ… ချန်ပီယံလက် ဖြစ်တယ် ။

ဒီလိုနဲ့ ဘဝတစ်ခုဟာ
မီးဟုန်းဟုန်းတောက်စား
ပြာဖြစ်သွားခဲ့ပြီတဲ့လား
၅၈ မိနစ်လောင်မြိုက်
၅၈ နှစ် လောင်မြိုက်
ဘယ်အပူ ဘယ်သူ ကြိုက်သလဲ
ကဲ… လေချွန်ငှက်ကလေးရေ
လက်တစ်ခုပ်စာလေ အဝရှူပေရော့  ။

ဘဝကို  ကဗျာလို
လေးလေးပင်ပင် အိုင်ကျင်းဖွဲ့
ကျွန်တော်တို့နှလုံးအိမ်တည့်တည့်က
ချစ်လှစွာသော ကေတုဘုန်းမော်
နောင်တော်
" တွန့်ခေါက်တောင်တန်းတွေ ဆန့်သွားပါရော"
မတ်လ ၂၀ နေ့လယ် ၂ နာရီခွဲ
နေကျဲကျဲအောက်က ကဗျာတွေ
မျက်ရည်တံလျှပ်တွေနဲ့ ။

ပြာဖြစ်ဖို့
ချစ်ခဲ့လိုက်ကြရတာ
အနာတရတွေနဲ့ သစ္စာရေတွေ သောက်သောက်ပြီး
ခရီးအတူသွားခဲ့ကြ
သက်တမ်းတို သူတို့အထဲ
နောင်တော်လည်းပါခဲပြီ
အဲဒီနေ့က အီကွေတာရာသီ ။

လူနဲ့မမျှ
အရွယ်နဲ့ မမျှ
ရင်နဲ့ မမျှ
ခံနိုင်ရည်တဲ့ မမျှ ခံနိုင်ရည်ရှိပြခဲ့တဲ့ နောင်တော်
ကျွန်တော်နဲ့ တွေ့စ
၁၉၇၄ ခုနှစ် ခုနှစ် က ရေတာရှည်မြို့မ
စာကြည့်တိုက်ခန်းမ
"သိပ္ပံမောင်ဝ …အရှေ့ပြုဗ္ဗာကဘာဏုရာဇာ
ဒေါင်းစကြာ …ထွက်ပြူလာ"လို့ မရေး
"နေထွက်လာပြီ" ဆိုတဲ့ ခေတ်စမ်းအရေး ဆွေးနွေး
အဲဒီ မှတ်တမ်းစာအုပ်လေး
မဆွေးသေး ။
နွေးထွေးဆဲ အသံတွေ
ကေတုမြေ အလင်းသစ်… သုံးနှစ်ပြည့်
လကွယ်ည " အနှစ်သုံးဆယ်
ရင်ဝယ်ခုထိ ခုန်ဆဲပါတကား
မောင်လေးအောင် ။ မောင်ယဉ်မွန် ။ဖော်ဝေး
နောင်တော့်သွေးတွေ ။
၁၉၈၃ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော မေမေ
၁၉၉၈ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော နောင်တော်
ကေတု ဘုန်းမော်
သြော် …… ချစ်ရသူတို့ရေ
အဝေးလွမ်းတွေနဲ့ တမ်းတ
နွေခေါင်ခေါင် ဝေမှောင်အုံ့ပျ   ။          ။

                   ဒဿနေမင်း
( ၁၉၉၈ မတ် ၁၈ တွင် ကွယ်လွန်ခဲ့သော
          ကဗျာဆရာ ကေတု ဘုန်းမော် သို့    )













ကေတုဘုန်းမော်အမှတ်တရ ။ ခက်ဦး

တောင်ငူလေညှင်း ၂
.........................................

``ငါသေရင် ငါ့အသုဘကို သရဏဂုံ တင်ချင်တင် မတင်ချင်နေကွာ မင်းတို့သဘောပါ ၊ ဒါပေမယ့် ကဗျာလေးတွေတော့ရွတ်ပေးကွာ ၊ ကဗျာနဲ့ သရဏဂုံ တင်တာလေး ငါခံချင်တယ်´´

______________________________________

``မင်း ရေတာရှည် ၊ ပျဉ်းမနား ရော အုတ်တွင်းက ကဗျာဆရာတွေရော စုံအောင်ဖိတ်နော် အောင်ထက် ၊ မကျန်စေနဲ့ ၊ စည်စည်ကားကားလေးဖြစ်ပစေ ကြားလား´´

______________________________________

``ဆရာဝန်က ၂လ အလွန်ဆုံးပဲလို့ ပြောတယ်တဲ့ကွ´´
``ဦးဘုန်းကလည်း ပေါက်ကရတွေ´´
``ဘယ်က ပေါက်ကရ ရမှာလဲကွ´´
``ဦးဘုန်း အလတ်ကြီးရှိပါသေးတယ်ဗျာ´´

______________________________________

``အောင်ထက် အဖေတို့ လိုင်းခန်းထဲက အိမ်ကို ခဏပြောင်းရလိမ့်မယ် ဒီနေ့ညနေ သွားပြောချေ ၁လ ၂လ လောက်ပါပဲကွာ´´

``မင်းမသိပါဘူး အောင်ထက်ရယ်...........
........ ငါ့အသုဘကိစ္စဘယ်လိုလုပ်မလဲ ကိစ္စပြီးတော့ပြန်ပြောင်းခဲ့ပေါ့ကွာ´´

______________________________________

ကိုယ့်ဇာတ်သိမ်းခန်း ကိုယ်စီရှိနေခဲ့ပြီးမှန်း ကျွန်တော်တို့အားလုံးသိကြတယ် ။
ပေးစာ တစ်စောင်ရဲ့ရင်ကွဲသံ အားလုံး လက်ခံထားခဲ့ကြပြီးသား မွေးကတည်းက ။
ဒါပေမယ့် ပုထုဇဉ် သာမန်လူသားများ ကျွန်တော်တို့တတွေထဲ ကြိုပြင်ခွင့် ကြိုမြင်ထားခွင့် ရနိုင်ခဲ့ကြသူတွေ များများစားစား ရှိခဲ့ကြပါရဲ့လား ။ ရှိနေကြပါရဲ့လား ။
ကေတုဘုန်းမော်ဆိုတဲ့ အောင်ထက်တို့အဖေ ရင်ပတ်ထဲက ပျိုးယူ မွေးထုတ်ထားတဲ့ နောက်ဆုံးကဗျာတစ်ပုဒ်ကို ဆွဲကိုင်မြှောက် မရဏဆီတည့်တည့် ပြုံးပြုံးကြီးကြည့် အားကုန် ပစ်ပေါက်ပြသွားခဲ့ဖူးတာ ဒဏ္ဌာရီမဟုတ် ပါးစပ်ပုံပြင်တစ်ပုဒ် မဟုတ် လူသားဆန်တဲ့မှတ်တမ်းတစ်ပုဒ် တကယ်ဖြစ်ခဲ့ဖူးပါတယ်။

______________________________________

ကျွန်ုပ်၏ကြေငြာစာတမ်း
........................................

သိနေတယ်
အို.....မရဏ
အာဝဇ္ဇန်းရွှင်ရွှင်
တစ်နေ့ သင်ရောက်လာမည်ကို.....။

စိုးစဉ်းမျှဆန္ဒမပါဘဲ
စတင်ကတည်းက
ပေးစာတစ်စောင်ရဲ့ ရင်ကွဲသံ
ငါလက်ခံထားရ ။

ဟောဒီ့လောကကြီးထဲ
မေ့ပျောက်ခြင်းငှါ မစွမ်းနိုင်တဲ့
မျက်လုံးစိမ်းစိမ်းမှာ
ဒုက္ခသစ္စာ မဏ္ဌိုင်ကြီးတစ်ခု
ငါ့ရဲ့သမုဒယတောက်လောင်ခြင်းကို
မှတ်တမ်းတင်လို့ပါလား ။

အဲဒါ ဝတ္ထုတိုတစ်ပုဒ် မဟုတ်ဘူး ၊
ကဗျာတစ်ပုဒ် ဟုတ်တယ် ။
ငါမငိုဘဲနေနေတာ
သင်မရယ်ဘဲကို မနေနိုင်အောင်ပေါ့ ။

ဘယ်သူ့အတွက်မှ
သယ်ယူခဲ့စရာဆိုလို့
လေညှင်း လက်တစ်ခုပ်စာ မရှိပြီ
စွန့်ပစ်ခံရမည့်အချိန် ။

ငါ့ရဲ့ဘဝ
ငါ့ရဲ့အမည်နာမနဲ့
ကလောင်အမည်ကိုဖျက်သိမ်းပြီး
အထုပ်အပိုးများချည်နှောင်ကာ
ရုံးဌာန အမြောက်အများဆီ
တစ်ရုံးပြီး တစ်ရုံး
ငါဖြတ်သန်းဖို့လိုပါသလား ။

အောက်ပါအတိုင်း
ခွဲခြားဖော်ပြ
ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါရဲ့ ။

တစ်ဖန်
သေခြင်းတရားကို
အဆုံးမဲ့ရောက်ရှိဖို့
ထထကြွကြွဆန့်ကျင်ခဲ့သူဟာ
နေရီရီ ကမ္မဋ္ဌာန်းရနံ့နဲ့ ငါပဲ ။

ကေတုဘုန်းမော်
၁၉၉၈ ၊ မတ် ၊ ကလျာ မဂ္ဂဇင်း

______________________________________

၁၉၉၈ မတ်လ ကလျာက ကဗျာ သူငယ်ချင်း တူ သား ကဗျာဆရာတွေနဲ့အတူ သူ ဖတ်ခွင့်ရသွားခဲ့သေးတယ် ။

______________________________________

၁၉၉၈ မတ် ၁၈ မှာပဲ
အဲဒီ့လေညှင်းကလေး
နှုတ်ဆက် ပွတ်ခတ်
မြို့တောင်ငူမှသည်
လွတ်လပ်ရာဆီ
ပျံ သွား ခဲ့ ။

ခက်ဦး
၂၄ . ၃ . ၂၀၁၅
ကေတု ဘုန်းမော်   သို့
w