Friday, June 12, 2015

အမှတ် ၅၄ အဆန်ရထား


အမှတ် ( ၅၄ ) အဆန်ရထား
------------------------
အဲဒီမနက်ကြီး
မုခစာအုပ်က
မိုးကြိုးထပစ်တယ် ။
ကျနော့်အလံတော်
တိုင်တစ်ဝက်မှာ
တုန့်ခနဲရပ်ခဲ့ပေါ့ ။
ခင်ဗျား
နံရံချိတ်ထားတဲ့သေနတ်ကို
ပစ်ဖောက်လိုက်တာပဲ ။
အေဘီညို
ကြွေပြီဆိုတာကို
ယုံကြည်လို့မရ
အမှန်တရားက
ငယ်ထိပ်ကို
ပေါင်တူနဲ့ထုလိုက်ပေါ့ ။
ခင်ဗျားနာရေးသတင်းဟာ
ခင်ဗျားရှို့လိုက်တဲ့တောမီး ။
ခင်ဗျားက
ကမ်းလွန်အောင်တိုက်လိုက်တဲ့လေ ။
ခင်ဗျားရဲ့သေခြင်းဟာ
ခင်ဗျားရဲ့ကဗျာပရိယာယ် ။
မြန်မာ့ခေတ်ပေါ်ကဗျာ
ပင်လယ်လိုအော်ကျန်ခဲ့ ။
ဂေါ်ကီရဲ့အမေလို
မြန်မာပြည်ကအမေ
လုလင်အိမ်အပြန်
လိပ်ပြာလှလှ
နတ်တို့ခိုးဝှက်ခံရပြီ ။
ခင်ဗျားမိခင်
အမေဒေါ်ခင်ကွန့်နဲ့အတူ
နန်းမြို့ကလွမ်းလို့ဆူဝေ
ဆရာပိုင်စိုးဝေနဲ့အတူ
ခင်ဗျားရဲ့ချစ်လှစွာသော
မနန်းနဲ့အတူ
ချစ်ခြင်းအားဖြင့်
ပန်းတစ်ပွင့်နဲ့မြားနှစ်စင်း
မဉ္ဇူရီဘညို
အောင်ဗဟိန်း
ဝေယံမင်းညိုတို့နဲ့အတူ
ကျနော်တို့
ဓားဦးမြေစိုက်ငိုကြွေးရပါပြီ ။
မြစ်တွေ မြစ်တွေ
ပင်လယ်မရောက်မီ
ပင်လယ်လိုအော်ငိုကြွေးရပါပြီ ။
ကဗျာဆိုတာ
ကိုယ်တို့ရဲ့ဘာသာတရားပဲ..တဲ့
ခင်ဗျားရဲ့
ဘာသာတရားကို
ဆက်လက်ကိုင်းရှိုင်းဖို့
ခင်ဗျားရဲ့ပင်လယ်
ထပ်ဆင့်မြည်ဟိန်းဖို့
ကျနော်တို့
ခင်ဗျားချစ်တဲ့ဒီမြေပေါ်မှာ
ခင်ဗျားရင်ငွေ့နဲ့လင်းတဲ့
မျဉ်းဖြောင့်အလင်းကိုတိုင်တည်လိုက်ပါရဲ့ ။
အို..
ထွန်းပြောင်တဲ့နောင်တော်
ဖြောင့်မတ်တဲ့ရဲဘော် ။
ခင်ဗျားက
အဆန်ရထားတစ်စင်းဖြစ်တယ်
မီးခိုးတလူလူခုတ်မောင်းသွား
ကောင်းကင်ထဲ
ကောင်းကင်ဖြစ်တဲ့အထိခုတ်မောင်းသွား
သွားနှင့်လိုက်ပါတော့
သွားနှင့်လိုက်ပါတော့အကိုရေ ... ။ ။
မင်းညွန့်လှိုင်