Thursday, August 8, 2013

၈ ရက် ၊ ၈ လ၊ ၈၈ ကဗျာများ .....

၈ရက်၊ ၈ လ၊ ၈၈ ကဗျာများ







 အောက်မေ့ဘွယ်နေ့
                                      
၈.၈.၂၀၁၃
တောပြိုတောင်ပြိုကမ်းပြို
တစ်စုံလုံးပြိုကျ
ကောင်းကင်အိုကြီးက
ဒုတိယကောင်းကင်ပေါ်ပြိုကျ
အကြည့်တန်လှချည့် ။

၂၅ နှစ်ပြည့် အောက်မေ့ဘွယ်နေ့မှာ 
အမာရွတ်ကိုပြန်ပြန်စမ်းနေမိ ။          ။

                                             မောင်နီမွန် 

မျက်တောင်တစ်ခတ်

မျက်တောင်တစ်ခတ်အတွင်းမှာ
လဲနေတဲ့အပင်က
အပွင့် ပွင့်တယ် ။
မျက်တောင်တစ်ခတ်အတွင်းမှာ
ဒီရေမြင့်သစ်တွေ
လှိုင်းဖုံဖုံဝိုင်းအုံကြွတယ် ။
မျက်တောင်တစ်ခတ်အတွင်းမှာ
သရဖူဟောင်းတွေ
မြေခကုန်တယ် ။
ရာဇဝင်အိုကြီး
၂၅ နှစ်တိတိ
မျက်တောင်မခတ်စတမ်း
ငေးယူရတဲ့အထိ ။           ။
                       
                       မင်းညွန့်လှိုင်


သူတို့အတွက်နေရာမရှိတော့မယ့်ကမ္ဘာ


ခေါင်မအုပ်ပဲ
မိုးလုံပါ့မလား ။
ဗူးမလုံပဲ
ရေပါပါ့မလား ။
မဖြစ်နိုင်ဘူးဆိုတာ
သူ့အဘိဓာန်မှာမရှိဆိုပဲ
သနားစရာဘိုနာပတ်ရဲ့
ဝေါဟာရချို့တဲ့ပုံ ။
မဖြစ်နိုင်တာတွေ
မဖြစ်သင့်တာတွေ
မဖြစ်ချင်တာတွေ
တစ်သီကြီး
ဖြစ်ခဲ့ရပြီ
ရာဇဝင်တွင်းနက်ထဲ
ဒလိမ့်ခေါက်ကွေးပြုတ်ကျ
သေးနုပ်ပျောက်ကွယ်တဲ့အထိ ။            ။
                                         
                                            မင်းညွန့်လှိုင်




 
သွေးများ

ဓါးလို မြစ်လို  
သွေးများ
မုန်တိုင်းလို ပန်းလို
သွေးများ
နှစ်လရက်တွေလို လက်ဆင့်ကမ်းကြ
သွေးများ
လုံးတူဒေါက်တူ ဆန်တက်ကြ
သွေးများ
ဝတ်စုံတူညီဝတ်ဆင်ကြ
သွေးများ
သူ့အတွေးကိုယ့်အတွေး
တခုတ်တရ လာလာစင်ကြ
သွေးများ
ခေါင်းမရှောင်လက်မရှောင်
ပတ်တီးမဆောင်တဲ့
သွေးများ
သစ္စာကလွဲ ဘာလက်နက်မှမဆောင်တဲ့
လက်ရဲဇက်ရဲ
သွေးများ
ဟော့ဒီသမိုင်းကြွေး မကျေမချင်း
ထမပြန်ဘူးဆိုတဲ့
သွေးများ
သွေးလေမညှိရဘဲ
အရေးအရေးဆို ညီစေဆိုတဲ့
သွေးများ
ဘ၀ကူးခဲ့ရင်တောင်စိတ်ကူးမလွှဲတဲ့
သွေးများ
အတိတ်ရိုင်းတွေကို
ပြေရာပြေကြောင်း ကြေအေးလွယ်တဲ့
သွေးများ
အတိတ်သမိုင်းတွေကို
လေခိုမခံ၊ ဖျောက်ဖျက်မခံတဲ့
သွေးများ
ထိလွယ်ရှလွယ် နာကျင်လွယ်တဲ့
သွေးများ
မျက်ရည်ကိုယ်စား ကျလွယ်တတ်တဲ့
သွေးများ
ဒီလို ၀ဲဂယက် ညနက်ကြီးထဲ
လိုင်းတူပေါ် ပြိုင်တူလင်းတဲ့
သွေးများ
ဝိညာဉ်ကောင်းများ နိုးထစေတဲ့
သွေးများ
နေ့စဉ်ရက်ဆက်တွေလို
လက်ဆင့်ကမ်းကြ၊
လုံးတူဒေါက်တူ ဆန်တက်ကြ
သွေးများ . . . .
သွေးများ . . . . သွေးများ . . . . . . .

                                   ရန်လင်းအောင်
                           (  6.7.2013)

  

ဒီမိုနတ်စိမ်းများ

ဝင်းမော်ဦးလို
ရှေ့ မှာ . . . .
ဝင်းမော်ဦးလို
နောက်မှာ
ဝင်းမော်ဦးလို
မလှမ်းမကမ်းမှာ
ဝင်းမော်ဦးလို
အနီးမှာ အဝေးမှာ
ဝင်းမော်ဦးလို
ကျစ်ကျစ်ပါအောင်
ဆုပ်ထားတဲ့ အသံတွေ
အသံတွေ …
ယုံကြည်ချက်တွေ
သံတွေသံခဲတွေ
မမေ့မလျော့တွေ
ဝင်းမော်ဦးလို
ဖျပ်ဖျပ်လူးနေတဲ့
အမှန်တရားတွေ
ဝင်းမော်ဦးလို
ဝင်းမော်ဦးတွေ
ဝင်းမော်ဦးတွေ . . . . .
ဝင်းမော်ဦးတွေ . . . . .
ဝင်းမော်ဦး ရေ . . . . ။

၈ရက်များ
၈လများ
၈၈ များ အားလေးစားလျက်
                            ရန်လင်းအောင်
                              ၃၈၂၀၁၃