Thursday, November 15, 2012

ရန်လင်းအောင် ရဲ့ ကဗျာတွေ





ဘောင်

ဘောင်ထဲက    သစ်ပင်
ဘောင်ထဲက    ပန်းတစ်ခင်း

ဘောင်ထဲက    ဓါတ်ပုံ
ဘောင်ထဲက    ပန်းချီကား

ဘောင်ထဲက    တေးကဗျာ
ဘောင်ထဲက    ဆဲရေးသံ

ဘောင်ထဲက    ရန်သူ
ဘောင်ထဲက    မိတ်ဆွေ
ဘောင်ထဲက    ငြိမ်းချမ်းရေး

ဘောင်ထဲက    သမုဒ္ဒရာ
ဘောင်ထဲက    မြစ်ရေစီး

ဘောင်ထဲက    သောက်ရေသန့်
ဘောင်ထဲက    မြောင်းပုပ်ရေ
ဘောင်ထဲက    အောက်စီဂျင်

ဘောင်ထဲက    ဘာသာစကား
ဘောင်ထဲက    မဟာဘုတ်

ဘောင်ထဲက    သွေးလေညီညွတ်မှု
ဘောင်ထဲက    ထမင်းလုံးတစ္ဆေ
ဘောင်ထဲက    မြော်မြင်မှု
ဘောင်ထဲက    ဘာတွေကဘယ်လိုဖြစ်တယ်မသိတော့ပါဘူး ။

ဘောင့်သဘောဘောင့်သဘာဝကို
ဘောင်ထဲထည့်ပြီး
လေဟာပြင်ထဲ ပစ်လွှတ်လိုက်တာ
ဗောင်ဗင်ခတ်လို့ကိုမဆုံးတော့ဘူး ။        

                               ရန်လင်းအောင်









မြည်သံစွဲ အလင်္ကာ

အာရုံညောင်းစရာတွေ
ညာသံပေးလို့ . . . . . .
မိုးဘေးရှောင်ရ၊      လေဘေးရှောင်ရ
ရေဘေးရှောင်ရ၊ မီးဘေးရှောင်ရ
ငလျင်ဘေးရှောင်ရ 

ငှက်တစ်သောင်းနဲ့   သစ်တစ်ပင်
ကျော်မကောင်းကြားမကောင်း
ယူကျုံးမရ ၊
ကမ္ဘာကလန်ထွက်နေတာပဲ ၊
အစားဘေးရှောင်ရ
အသားဘေးရှောင်ရ ၊
အရိုးဘေးရှောင်ရ ၊
သူခိုးဘေးရှောင်ရ၊
လူနဲ့ သဘာဝပတ်ဝန်းကျင်
ဇက်ကြောခဏခဏတက်တယ်၊
သေပြေးရယ်  ရှင်ပြေးရယ်
ကြမ်းတပြေးနဲ့ရယ် ၊
ရမ္မက်ဘေး  ရှောင်ရ ၊
ကြွက်ဘေး  ရှောင်ရ ၊
အငတ်ဘေး ရှောင်ရ ၊
အသတ်ဘေး ရှောင်ရ ၊
ရှောင်မရ  ရှားမရဖြစ်သော်ငြားအံ့
ကြောင်ကျလေတော့  ကျချင်သေးရဲ.
ချောင်(ဂျောင်)အကျဆုံး ဆိတ်ငြိမ်မှုထဲ
နောက်နောင်ဘ၀များ
အချောင်ရခဲ့ရင်တောင်
ဒီဘ၀  ဒီမျှသာပါပဲ . . . . . . . . . . . . . ။                 
 ရန်လင်းအောင်









တစ်ခွန်းဆိုင်

တစ်ခွန်းဆို
ဆိုသလောက်နဲ့  . . . . .
ဝယ်နိုင်လို့ကတော့
တို့တတွေ . . . . . .
ဝဋ်ကျွတ်တာကြာပြီပေါ့ . . . . .။       

 ရန်လင်းအောင်
(၂၅၊ ၈၊ ၂၀၁၂ )
  ည ; ၁း၂၅