Tuesday, May 31, 2016

မြစ်​ ၇၃- လွင်​​နောင်​​နောင်



" မြစ် ၇၃ "

____________

၁၉၄၃ မှာမြစ်ဖျားခံပြီး
၁၉၅၈ မှာစတင်စီးဆင်းတယ်။

မြစ်ကွေ့မှာအသက်က
တစ်နှစ်ပြီးတစ်နှစ်ကမ်းပါးပဲ့တယ်
မြစ်ကွေ့ကြောင့်ကဗျာတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်မြေနုထွန်းတယ်။

ဒီနေ့အထိ
မြစ်ရဲ့သဘောအရ
ဆက်လက်စီးဆင်းနေဆဲပဲ။         ။

လွင်နောင်နောင်


''June 1 2016 မှာ (၇၃)နှစ်ပြည့်တဲ့
ဆရာမောင်နီမွန်မွေးနေ့သို့်''

ရန်​သူ - လင်းရီ​ဝေ



ရ န်​ သူ 

__________________

စိတ်သွားတိုင်း ကိုယ်ပါရအောင်
ကိုယ်သွားတိုင်းရော စိတ်ပါလို့လား။

မင်းဟာ ရန်သူ
ပန်ကာရှေ့ ဆေးလိပ်သောက်ရင်း
မျက်လုံးထဲ ပြာဝင်သလို
မှောင်ပြီဆိုတာနဲ့ ခြုံခိုချင်တော့တာပဲ။

အလင်းမှာကျ လက်သည်းဝှက်ထားတဲ့ ကြောင်လို
ငါ့ကို ကြည့်မရတာနဲ့
မင်းကို မကြည့်ရတော့ဘူးလား
မင်းကို ကြည့်မရတာနဲ့
ငါ့ကို မကြည့်ချင်တော့ဘူးမလား
ငါ့ကို မကြည့်ချင်တော့တာနဲ့  မင်းကိုကြည့်မရဘူး။

အေး အဲ့ဒီလိုပဲ လုံးလည် ချာလည်
ဟုတ်တယ် ချာလည်​ပတ်ရမ်းနေတာ
မင်းနဲ့ငါ
ငါနဲ့မင်း
ဘတစ်ပြန် ကျားတစ်ပြန်
ငါချည်းခံရတော့ ဒီကဗျာ ငါရေးတယ်။

မင်းဖတ်မိရင် ရယ်မှာပဲ
သိသိကြီးနဲ့
မသိသလို
မင်းကို စိတ်မကုန်နိုင်သေးတဲ့
ငါ့ကိုယ်ငါ စိတ်ကုန်လှပြီ ။    ။

လင်းရီဝေ

Saturday, May 28, 2016

သေပန်းပွင့်​​နေတဲ့ ကဗျာ - တမျိုးနီ



သေပန်းပွင့်နေတဲ့ကဗျာ

။။။။။။။။။။။။။။။။။။။။။။။။။။

မသေခင်ပုပ်နေတဲ့ ကောင်တွေထက်စာရင်
သေပန်းပွင့်နေတဲ့ကဗျာက လှတယ်။
ပေါ့ပေါ့ပါးပါးပဲ ကိုယ်ဖော့ထားတယ်
အကုသိုလ်ကို အချဉ်သိပ် ခေါင်းထဲထည့်ထားတဲ့
ဦးနှောက်တွေ
အရောင်ပြ လှပနေလို့
ငါတို့ သေပန်းပွင့်နေရတာ ကောင်းတယ်။      ။

တမျိုးနီ

အိ မ်​ - သားထက်​​ဆွေ



အိမ်


ဆောက်ခဲ့ကြပါတယ်
အိမ်   ဆိုပြီးတော့ ။

ဆင်းတုတော်ပူဇော်တယ်
ဘုရားခန်းမပါဘူး ။

ဧည့်ခံစာရိတ်တွေ သုံးတယ်
ဧည့်ခန်း မပါဘူး ။

မီးဖိုချောင်သုံး ပစ္စည်းတွေဝယ်တယ်
မီးဖိုချောင်သုံး တွေမဝယ်ဘူး
ထမင်းစားအသုံးအဆောင်တွေ နေရာ မချဘူး ။

အိပ်ရာ ခမ်းနား စာရင်းတင်တယ်
အိပ်ခန်း မတွေ့ ရဘူး ။

ဆိုင်ရာ ဆိုင်ရာ စာရင်းတွေရှိတယ်
စာကြည့်ခန်း  စတိုခန်း ရေအိမ် ရေချိုးခန်း
မပါဘူး
ဘာ  မှ  မ ပါ  ဘူး  ။

ကြည့်လိုက်တော့
မြင်နေ ရတယ် ။

ခြံစည်းရိုး မပါဘူး ။

ဆောက်ခဲ့ ကြပါတယ်
အိမ့့် 
ဆိုပြီးတော့  ။       ။

သားထက်ဆွေ

Tuesday, May 24, 2016

စွန်​ - အ နီ



စွန်

_________

အကြောင်းပြချက်မရှိဘူး။
စွန်ကလေးတစ်ကောင်ဟာ
စွန်ကလေးတစ်ကောင်ဖြစ်ကြောင်းပြသဖို့
ဟိုးအဝေးကြီးကိုပျံသန်းပြရတယ်။
ကြိုးစကိုလွှတ်ချပြရတယ်။
သစ်ပင်ချွန်ချွန်
 ခေါင်းမိုးချွန်ချွန်တွေပေါ်ဖြတ်သန်းပြရတယ်။
မျက်နှာဟာစုတ်ပြတ်သတ်။

ပြောပေါ့
သိပ်ဘဝင်မြင့်တာပဲလို့။
ပြောပေါ့
သိပ်တစ်ကိုယ်ကောင်းဆန်တာပဲလို့။
ပြောပေါ့
သိပ်လျစ်လျူရှုနိုင်တာပဲလို့။
ပြောပေါ့
ပြောချင်တာပြောပေါ့။

သတင်းပတ်တွေကြည်လင်လာတဲ့အခါ
စွန်လွှတ်သူဟာ
အေးဆေးစွာဆေးလိပ်ထိုင်ဖွာ။
စွန်ကလေးကတော့ဘယ်ဆီမှာ။ ။

အနီ

ဖရိုဖရဲပြုတ်ကျနေသော ရက်များ တဖွဲဖွဲ - သိင်္ဂါလှိုင်

ဖရိုဖရဲပြုတ်ကျနေသော ရက်များ တဖွဲဖွဲ

___________________________

တံခါးခေါက်သံ မကြားရဘူး ကြည့်လိုက်တော့ ဧည့်ခန်းမှာ အဖော်ပေါင်းတွေနဲ့ ညအိပ် ညနေ ပျော်ရွှင်စွာနေမယ့် ပုံပဲ ဒုက္ခက ပြုံးပြုံးကြီး ကြည့်နေတယ်။  အရိပ်တစ်ခုလို ရွာချ ကိုယ်သွားရာ အပ်ကျမတ်ကျ လိုက်လို့ သူပြုံးလေ ကိုယ်မဲ့ရလေနဲ့ သူနဲ့ ကိုယ်ကြား ပုံရိပ်စစ် ဖြစ်ထွန်းတယ်။  စေတနာနဲ့ အသားဓါတ်ရအောင်  ခုန်ချအသက်ပေးသွားတဲ့ လ္ဘက်ရည်ခွက်ထဲက ယင်ကောင်တစ်ကောင်ရဲ့ စေတနာမျိုးနဲ့ သူပျော်နေသမျှ အေးချမ်းခြင်းမဲ့လို့ အပူတွေနဲ့ ပျော်ကျနေရတဲ့ ချိုချဉ်တစ်လုံးပေါ့။  အသားလဲ မလိုပါဘူး အရိုးလဲ မတောင်းပါဘူး။  ကိုယ်စိုက်လို့ ကိုယ်ရိတ်သိမ်းရတယ်ဆိုတာပြောတယ် အခုတော့ အလေ့ကျလာပေါက်နေတဲ့ အိမ်ဘေးက ဗာဒံပင်ကို ဓါတ်ကြိုးနဲ့ မလွတ်တိုင်း  ကိုယ်က တက်တက်ခုတ်ပေးနေရတယ်။

သိင်္ဂါ လှိုင်

Monday, May 23, 2016

သင်​ခန်းစာ - လွင်​​နောင်​​နောင်



📝 သင်ခန်းစာ 📝

_______________________

ကြိမ်လုံးကြောက်လို့ ငါငယ်ငယ်က စာရခဲ့
ကြိမ်လုံးကြောက်ပြီး ငါငယ်ငယ်က စာမေ့ခဲ့
ငါတို့ခေတ်မှာ ကြိမ်လုံးဟာ ချစ်ကြောက်ရိုသေစရာဖြစ်ခဲ့
ဘဝရဲ့စာသင်ခန်းတွေကတဆင့်
ဘဝရဲ့လမ်းမတွေပေါ်ငါရောက်ခဲ့တော့
ငါ့ရှေ့မှာ လောကဓံကြိမ်လုံးတွေအခန့်သား
ငါကြောက်လန့်
ငါရုန်းကန်
ငါမပြန်ချင်သောနှစ်များဆီမှာ
ငါစာမေ့ခဲ့သော
ငါစာရခဲ့သော
ငါမလိုချင်ခဲ့သော
ကြိမ်လုံးများ … ။          ။

လွင်နောင်နောင်

ဇရပ်​ကြီး - ကိုသားကြီး



📝 ဇ ရ ပ် ကြီး 📝 

___________________________

ဘာသာဗေဒ  ထက်
မျက်ဝန်း အပြုံးနဲ့
စကားလုံးတွေ ဖလှယ် ပေးတတ်တဲ့ မြို့။
ကွေ့ကောက်လမ်းကလေးရဲ့ အစွန်း  အရှေ့ဘက် တောင်တန်းတွေဆီက
ရိုးရာတေးသံကို နှလုံးအိမ်ထဲ  ထည့်
ကိုယ်ကျင့်တရား ဟာ
သဘာဝ အတိုင်း အသားအရည်လို  ဖြူတယ် ။

ဝတ်စုံ အနက်ထဲမှာ
ဝင်းမွတ်စင်ကြယ်တဲ့  သံယောဇဉ် တွေ
အပြည့်အဝ  ရှိတတ်တော့
တမြေထဲနေရင်း
သောက်သမျှ လည်း  တရေထဲ  ဖြစ်တဲ့
ချစ်ခြင်း တွေ   ကြောင့်
စည်းရုံးမှု ဟာနွေးနေတယ်။

ကာဗွန်လျော့ စိုက်ခင်း တွေ
ကြားကနေ  မြို့ငယ်လေး အဖြစ်
မောင်းတင်ထားပုံ က
ရိုးဂုဏ်နဲ့  တင့်တယ် နေ ပေါ့။

ဟေးးးမြို့လေး ဇရပ်ကြီး
ငါတို့ နှင်းယွန်းဇေတဝန် ကိုချစ်ကြမယ်။
ငါတို့  ရိုးမကို ချစ်ကြမယ်။
မြစ်စစ်တောင်းကို ချစ်ကြမယ်။
ရိုးရာဓလေ့တွေကို ချစ်ကြမယ်။
ဝဲတဲ့ စကားသံတွေကို ချစ်ကြမယ်။
မနက်ခင်းနေရောင်ကို ချစ်ကြမယ်။
ကျောင်းနေဖက်တွေကို ချစ်ကြမယ်။
အဝေးရောက် ဆက်သွယ်မှုတွေကို ချစ်ကြမယ်။

ကိုသားကြီး




Sunday, May 22, 2016

ဟာသ​မှာ အနာ​တွေမပါ​စေနဲ့ကိုယ့်​လူ - လင်းသက်​ငြိမ်



ဟာသမှာအနာတွေမပါစေနဲ့ကိုယ့်လူ


လိုနေတာရောင်းသူမဲ့ဈေးဆိုင်တွေ
မဟုတ်ဘူးဆိုတာသိသင့်တယ်
တစ်ရာတန်ပစ္စည်းဟာတစ်ရာတစ်ကယ်တန်ဖို့
အရေးကြီးပါတယ်
ပိုက်ဆံထိပ် အပ်ချည်ကြိုးသီပြီး
ကစားရမယ့် အရွယ်မဟုတ်တော့ဘူး
ဝလုံးလေးတွေကိုဖြည်းဖြည်းချင်း
ဝိုင်းခဲ့ကြရတယ်
မဟုတ်လား
အရပ်တွေလည်းဖြည်းဖြည်းချင်းရှည်လာခဲ့တာပဲ
မဟုတ်လား
ကိုယ်အကုန်ခံနိုင်တဲ့ငွေကြေးနဲ့
မည်းနေတဲ့မီးသွေးခဲတွေကို
ဘာလို့ တံတွေးထွေးမှာလဲ
စဉ်းစားပါ တွေးခေါ်ပါ စေတနာထားပါ
အလှူမှာထမင်းစားပြီးပုဆိုးနဲ့လက်သုတ်တာကို
ရယ်မောဖို့ကြိုးစားရင် ခင်ဗျားသုံးနေကျ
လက်သုတ်နဲ့ သူဝတ်ထားတဲ့အဝတ်အစားကို
ချိန်ထိုးကြည့်ပါလား
ကိုယ်အရပ်မြင့်တိုင်း ပုတဲ့လူတွေကို
ခေါင်းငုံ့ငုံ့ကြည့်တတ်တဲ့အကျင့်ကိုပြင်လို့ရရင်
ခင်ဗျားမြင်ချင်တဲ့လောကနဲ့
ခင်ဗျားအကြီးကြီးမဝေးတော့ပါ။

လင်းသက်ငြိမ်

သာဓုသုံးကြိမ်​ - ​မောင်​ကြူးရင့်



သာ ဓု သုံး ကြိ မ်


လွပ်လွတ်ရေး ရပြီးစ
ဒီမိုကရေစီ ခေတ်ဦး ကလေးဘဝတုန်းက
အဖေက ဘုန်းကြီးကျောင်းထွက်
အမေက သေစာရှင်စာတောင်မတတ်
ဖွတ်ကျောပြာစု ခရုဆံကျွတ်ဆင်းရဲပါတယ်
တပတ်မှာတခါလောက် အမေများ
ကြက်သားဟင်း ချက်ပြီဆိုရင်တော့
ဘာပြောကောင်းမလဲ အလွန်ပျော်
ခေါင်းမဖေါ်အောင်လွေးခဲ့တာကိုသတိရတယ်

ပစ္စုပ္ပန်တည့်တည့်
လတ်လတ်ဆတ်ဆတ် ဒီကနေ့မှာ
ပြည်သူလူထုခေါ်ခေါ်
နိုင်ငံသူ နိုင်ငံသားခေါ်ခေါ် ရပါတယ်
ရက် တရာဖြစ်ဖြစ် ရက်တထောင်ဖြစ်ဖြစ် ရပါတယ်
အိမ်တိုင်း အိမ်တိုင်းထမင်းဝိုင်းကလေးတွေ
မြိုးမြိုးမြက်မြက် မြိန်ရေရှက်ရေ ဝဝလင်လင်
ပျော်ပျော်ရွှင်ရွှင် အေးအေးလူလူ စားနို​င်ဖို့
ဒါကဘာ အရေးကြီးလို့လဲ
သခွပ်ပင်က မီးတကျီကျီ ပြောလည်းရပါတယ်
ခုရေတွင်းတူး ခုရေကြည်သောက်လို့
ရပါ့မလားပြောလည်းရပါတယ်
ဆန် ဆီ ဆား ကြက်သား ဝက်သား ငါး
ရွှေပဲသီး ငွေပဲသီး ရွှေကစွန်း ငွေကစွန်း
မီးဖိုချောင်သုံပစ္စည်းကလေးတွေသာ
ထက်ဝက် ကျော်ကျော်သာကျအောင်
စာတတ်ပေတတ် အစိုးရမင်းများက
ဆောင်ရွက်ပေးတော်မူကြပါ
သာဓုသုံးကြိမ်ခေါ်မေတ္တာပို့အိပ်ပါ့မယ်။         ။

                   မောင်ကြူးရင့်

                   ၂၂့  ၅့  ၂၀၁၆

Thursday, May 19, 2016

ချဉ်​ခြင်း _ တင်​လတ်​ကို




🎻 ချ ဉ် ခြ င်း 🎻
_______________ တ င် လ တ် ကို

ဗိုက်ဆာရင်
အိပ်မပျော်ဘူး။

ဘယ့်နှယ်
အစာအိမ်က မိုးပေါ်ရောက်နေရတာတုန်း။

ကြက်ဥပြုတ်တလုံး
ဒါမှမဟုတ်
ကြိမ်ဒဏ်တချက် ။

ဘယ်သူမှ
တယောမထိုးဘူး  ။     ။

တင်လတ်ကို

Painting art __________
‘More’, 30″ X 40″, oil on canvas
https://graphicanthropology.wordpress.com/category/oil-painting/page/2/

အိပ်​မက်​မြို့​တော်​ - ညီဆူးသစ်




အိပ်မက်မြို့တော်

_______________

ငါ နေရာယူနေတုန်းမှာ
မင်းဟာ အသင့်ရောက်ရှိလို့ နေရှာပေါ့
မှုန်နေအောင် ငေးရတယ်
မျက်လုံး မှိတ်ခါနီးမှ အတင်းတိုးကပ်လာတယ်
ဝါးနေအောင် မက်ရရှာပြန်ပေါ့
မင်း နဲ့ ငါ
ညရေးညတာမှာ အိပ်မက်ထဲက
စာတန်းလေးပေါ် ခိုစီးလို့
ဒန်းကလေးလို။

ညီဆူးသစ် 

15-5-2016

Tuesday, May 17, 2016

​ေ တ ာ - တမ်ိဳးနီ


ေ တ ာ

 __________________

ကင်မရာတွေက လူကို လှည့်ပြီး
လူဟာ ကမ္ဘာကြီးအစား လည်နေတယ်။
တွင်းထဲကျသွားတဲ့အသံကမှ ပြန်ရသေးတယ်
စိတ်ထဲက အန်ဖတ်ဟာ အနာဖေးအထပ်ထပ်
မပြတ်တော့ဘူး။
ရိုးသားသူတို့ အော်သံကို
အမှန်တရားက see first လုပ်မထားတော့
ခေါင်းငုံ့ နေသူတွေမှာဒဏ်ရာ ရတယ်။
ခုဆို
အကျယ်လောင်ဆုံးအသံတွေကို အကျယ်ချဲ့မထားတော့ဘူး။
ကမ ၻာဟာ
လူ့အခွံတွေကြား ချာချာလည် ။        ။

တမျိုးနီ

Sunday, May 15, 2016

အံဩဖွယ်​ရာများ - ​အောင်​ကိုကိုလတ်​ - တမူး



အံ့သြဖွယ်ရာများ

___________________________

သော့ခတ်ထားတဲ့စာအုပ်စင်ထဲမှာ
မီးသတ်ကားတွေဥသြဆွဲနေတယ်

နိုင်ငံပိုင်ပန်းခြံရှေ့မှာ
ပြည်သူပိုင်အမှိုက်ကားဟာရပ်စောင့်နေတယ်

နိုင်ငံတော်ရန်ပုံငွေပွဲမှာ
စိတ်ကြွရူးသွပ်ဆေးပြားတွေရှေ့ဆုံးကထွက်လာတယ်

လိုင်စင်မရှိတဲ့ကားက
မှတ်ပုံတင်မရှိတဲ့လူကိုတိုက်သွားတဲ့သတင်း
ကြားရပြီးတဲ့နောက်မှာ...။

အောင်ကိုကိုလတ်(တမူး)


photo ;
http://www.beautonart.com/painting-untitled-no-2-marianne-harton

Thursday, May 12, 2016

ငြိမ်းချမ်း​ရေး ကြယ်​ပွင့်​ - သန်း​ဆွေမိုး ( က​လော )



"  ငြိမ်းချမ်းရေးကြယ်ပွင့် "


သေနတ်မောင်းဖြုတ်တဲ့
ခလုတ်​​တွေပေါ်က
လက်ချောင်းတွေထက်စာရင်
စန္ဒရားခလုတ်​ ဖြူဖြူဖွေးဖွေးလေးတွေပေါ်မှာ
ပြေးလွှားဆော့ကစားရင်း
ဂီတသံစဉ်လေးတွေ ဖိတ်စဉ်ကျလာစေတဲ့
လက်ချောင်းလေးတွေကို ချစ်တတ်သူပါ ။
တုတ်တွေ ဒိုင်း​တွေ လွှားတွေ ကိုင်ထားတဲ့
လက်တွေထက်စာရင်
စုတ်တံနဲ့ ဖြူနီဝါဆေးတွေပေကျံနေတဲ့
ပန်းချီဆွဲတဲ့လက်တွေကို ချစ်တတ်သူပါ ။
အခိုးအငွေ့ပေါင်းစုံနဲ့ မှိုင်းညို့မည်းမှောင်နေတဲ့
ရှမ်းတောင်ကုန်းတွေပေါ်မှာ
စိန်ပန်းပြာလှိုင်လှိုင်ပွင့်လို့
မိုးကောင်းကင်ကြီးကိုလည်း သူ့ရဲ့ "ဝေါ့ဒစ္စနေအပြာ"လို
ကြည့်ချင်နေသူပါ ။
ဒီမှာ•• "လှည်းရိုး "
ဟိုး•••မှာ" သာမိုင်းခမ်း "
ခပ်လှမ်းလှမ်းမှာတော့ " မြင်မထိ "
ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက်
မြင်မြင်သမျှ အစိမ်းတွေ ထူပိန်းပိန်း
တောတွေစိမ်းစိမ်း တောင်တွေစိမ်းစိမ်း
အစိမ်းတွေကြားမှာ
ဒေလီယာပန်း
နေကြာပန်း
သစ္စာပန်း​တွေပွင့်တဲ့
ဟော ဒါ•••" အောင်ပန်း "  ။

" အောင်ပန်း" မှာ
ငြိမ်းချမ်းရေးကိုချစ်တဲ့ ကဗျာဆရာ
ငါတို့ချစ်တဲ့ ကဗျာဆရာ
ငြိမ်းချမ်းရေး မရသေးတဲ့ ကမ္ဘာကြီးမှာ
ငြိမ်းချမ်းမှု မရနိုင်သေးတဲ့ ငါတို့ကို ထားခဲ့ပြီးတော့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားပြီကို•••။    

" အောင်ပန်း "မှာတော့
မိုးစက်ကလေးတွေ သယ်ဆောင်လာတဲ့
လေနုအေးကလေးကတော့  နော့ဆဲကို••• ။     ။

                                 သန်းဆွေမိုး(ကလော)


                                  ဆရာဒဂုန်တာရာသို့

Tuesday, May 10, 2016

ပုံမှန်​​ဈေး - ဝါလုနီ



ပုံမှန်ဈေး

_________________________

ရောင်းနေတာ စံပယ်ပန်းမို့
မဝယ်ဘူးဆိုရင်လည်း ခေါင်းခါပြလိုက်ပေါ့
ပန်းရဲ့အရောင်အသွေးကို
ညစ်နွမ်းသွားစေတဲ့ အကြည့်တွေ
ဘယ်လိုမှ မခံစားနိုင်တော့ဘူး

ယူနီဖောင်း ဆိုပေမယ့်လည်း
ဝတ်ထားတဲ့ ကျောင်းစိမ်းက
ဒီနေရာနဲ့တော့ အဆင်မပြေဘူးမို့လား

ကျောင်းကပြန်လာလို့
လွယ်အိတ်မချရသေးဘူး
အသင့်စောင့်နေတဲ့ စံပယ်ရနံ့တွေက
အခြားသူတွေအတွက်တော့ မွှေးကြိုင်နေမှာပေါ့

မြန်မာပြည်ရဲ့
နောက်ဆုံးမင်းနေပြည်မြို့မှာ
မြန်မာတံဆိပ်ကပ်ထားတဲ့ ဆိုင်တိုင်းဆီကို
ညစဉ်ညတိုင်း ရောက်ခဲ့ရတာ
ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူရမလိုပါပဲ

ထပ်မဆစ်ပါနဲ့တော့လား
သုံးကုံးနှစ်ရာက ပုံမှန်ဈေးပါ ။

ဝါလုနီ

Saturday, May 7, 2016

လက်​တကမ်း - ​နေယု - မတ္တရာ

္မတိတ်​ဆိတ်​ခြင်းများ - ​မောင်​​သော်​တာ



တိတ်ဆိတ်ခြင်းများ

___________________

လရောင်အောက်မှာ
ခွေးဟောင်သံသဲ့သဲ့ကလေး
အိမ်တွေတိုက်ခေါင်မိုးတွေပေါ်မှာမြူတွေနှင်းမှုန်တွေ
ဓားပေါက်ခံလိုက်ရသလို
ဓာတ်တိုင်တွေတန်းလန်းထိုးစိုက်ခံထားရတဲ့ကားလမ်းမကြီး
မြို့လယ်ခေါင်လားတစပြင်လား အသေတွေနဲ့ည

အရောင်မဲ့နေတဲ့တောလမ်းကလေးပေါ်
ကြယ်တွေ
ခုန်ချနေသလို
လေတိုးသံတွေပဲကြားနေရ

အိပ်စက်ခြင်းနဲ့လဲယူထားခဲ့တဲ့မိုးသားအပြာကိုမော့ကြည့်မိခဲ့ရင်
တကယ်တော့  ငါဟာ
စကြာဝဠာကြီးထဲက
အသေးငယ်ဆုံးအစက်အပျောက်တစ်ခုဆိုတာ
အသိဝင်စေတယ်

မအိပ်တဲ့မျက်လုံးနဲ့
အပျော်ဆိုတာတွေကိုစာမဖွဲ့ဖြစ်တော့ဘူး။

                                        မောင်သော်တာ

                                        ၂၁   ၄    ၂၀၁၆

At  all,  nothing.
Translated  from  French.

Friday, May 6, 2016

ပ င်​ လ ယ်​ - အနီ


ပ င် လ ယ်


မမြင်ရတာကြာတဲ့အခါ
မြင်ခဲ့ဖူးတယ်ဆိုတာကိုငါမေ့လျော့လာ။

မင်းကအပြာလား အဝါလား
တစ်ခုခုတော့ဖြစ်မှာပါ။

မမ်မိုရီဆိုတာငှက်တစ်ကောင်လား။
ပျံသန်းသေကြေတတ်ပုံများ။ ။

အ နီ

ဆူး - လင်းသက်​ငြိမ်



ဆူး 

*****

ဆူးရဲ့အတွင်းသားထဲကအရသာဟာ
နှစ်ဖက်ပဋိပက္ခဖြစ်စရာမလိုဘူးပေါ့ ဒူးရင်းသီး
ဆူးနုနုတွေနဲ့ချက်ထားတဲ့ဟင်းချိုမှာ
အမေ့လက်ရာဟာ တသစရာပေါ့ ဆူးပုတ်
အချဉ်ဟင်းတစ်ခွက်ကို ဆူးတွေထဲကနေဆွဲထုတ်
အစာကြေခဲ့တယ် ရင်ချောင်ခဲ့တယ် ကင်ပွန်းချဉ်
မနှင်းဆီ ကစ်စ်မီကွစ်
ဆူးကြားကအလှတရား
ဘဝဟာ သတိထားရင်ဖြစ်ပါတယ်
တချို့အရာတွေကျ သတိထားရင်းနဲ့လည်း
ဖြစ်လာခဲ့ကြတယ် မဟုတ်လား ။

လင်းသက်ငြိမ်

တံ တား ၊ ​မောင်​ကြူးရင့်

photo - ​ချောဘသစ်


တံ တား


သေမလား ရှင်မလားမသိ
ဒီတံတား
ဖြတ်ကိုဖြတ်ရမယ် ။ ။

  မောင်ကြူးရင့်

Sunday, May 1, 2016

သား - မောင်လေးဇော် - ရွှေခယ်မြေ



သား

_____

ငါ့ကို ယပ်ခတ်ပေးတဲ့မိန်းမနဲ့
ငါ ယပ်ခတ်ပေးရတဲ့မိန်းမ
ငါ့အမေ မင်းအမေပဲကွာတာ … …

မောင်လေးဇော်-ရွှေခယ်မြေ

ေ မ ေ ဒ း - စဝ္ခြန္ခ်ိဳ



ေ မ ေ ဒ း

___________စဝ္ခြန္ခ်ိဳ

အတိတ်မလှသူတို့ရဲ့
ငိုရှိုက်သံသဲ့သဲ့
လိပ်ပြာသန့်သူတို့ရဲ့
ညီးထွားသံသဲ့သဲ့---

တနှစ်မှာတလ
တလမှာတရက်
မိုးမြေပေါင်းစည်းပြီး
ကမ္ဘာသိအောင် ရင်ခွဲပြတဲ့နေ့---

သွေးမတိတ်ဒဏ်ရာတွေကြား
တူ တံဇဉ်လေးက
အမျှဝေသံတွေကြားတိုင်း
ထ ထ ငိုကြွေးနေလေရဲ့---။  ။

 စဝ်ခွန်ချို

ပေါင်မုန့် အကျိုးအပဲ့များ - မိုးကျော်သူ



ပေါင်မုန့် အကျိုးအပဲ့များ

_______________ မိုးကျော်သူ

ဘာမှထုခွဲစရာတွေမကျန်တော့
တဖြေးဖြေးကျနော်တို့မြို့တွေကျနော်တို့နဲ့ဝေးဝေးလာတယ်
ကျနော်တို့မြို့တွေဟာကျနော်တို့
အလည်အပတ်သွားရမဲ့နေရာတွေပေါ့
ဟိုးအဝေးမှာ

ကုတ်ခြစ်ဖက်တွယ်ထားတဲ့ကြားက
တဖြေးဖြေးလွတ်ထွက်သွားနေတဲ့
ကျနော်တို့မြို့တွေ
အဝေးပြေးဘတ်စ်ကားကြီးတွေကိုငေးလို့

မိုးကျော်သူ


အလုပ်သမားနေ့ အမှတ်တရ